အိန္ဒိယနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပပြီ

ဒီကနေ့ ကျင်းပတဲ့ အိန္ဒိယနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲထည့်ကြသူတွေ ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒီကနေ့ ကျင်းပတဲ့ အိန္ဒိယနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲထည့်ကြသူတွေ

အိန္ဒိယနိုင်ငံမှာတော့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီအတွက် ပြည်သူ့ဆန္ဒခံယူပွဲလို့ ရှုမြင်ခံထားရတဲ့ အထွေထွေရွေးကောက်ပွဲ ပထမအဆင့်ကို ဒီကနေ့ ဧပြီ ၁၁ ရက်မှာ စတင် ကျင်းပနေပြီ ဖြစ်ပါတယ်။

အထွေထွေ ရွေးကောက်ပွဲကို အိန္ဒိယနိုင်ငံ တဝှမ်းက ပြည်နယ် ၂၀ နဲ့ ပြည်ထောင်စုနယ်မြေ ၉၁ ခု မှာ ကျင်းပမှာပါ။

ဒီရွေးကောက်ပွဲကို အဆင့် ၇ ဆင့် ခွဲ ကျင်းပတာ ဖြစ်ပြီး၊ အောက်လွှတ်တော်အမတ် နေရာ အတွက် နောက်ဆုံးအဆင့် ရွေးချယ်ပွဲကို လာမယ့် မေလ ၁၉ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။မဲရေတွက်တာကိုတော့ မေလ ၂၃ ရက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

အခုရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူ သန်း ၉၀၀ နီးပါး ရှိပါတယ်။ အိန္ဒိယအထွေထွေရွေးကောက်ပွဲဟာ ကမ္ဘာမှာ လူအများဆုံး မဲပေးကြတဲ့ ရွေးကောက်ပွဲလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

Image caption အိန္ဒိယဝန်ကြီးချုပ် မိုဒီ

ဝန်ကြီးချုပ် မိုဒီရဲ့ ဘီဂျေပီပါတီဟာ နိုင်ငံအတွင်း အလုပ်လက်မဲ့နှုန်း မြင့်မားလာတာ၊ စီးပွားရေး ပြဿနာ၊ ကျေးလက်ဒေသ နေသူတွေရဲ့ဝင်ငွေ လျော့ကျတာတွေ စတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။

၂၀၁၄ ခုနှစ်က ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် မိုဒီရဲ့ ဘရာတီယာ ဂျာနာတာ ပါတီ (BJP) ဟာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမယ့် အခုတစ်ကြိမ် ရွေးကောက်ပွဲမှာတော့ BJP ပါတီဟာ အင်အားကောင်းတဲ့ ဒေသန္တရ ပါတီတွေ၊ တစ်ကျော့ပြန် ကွန်ဂရက်ပါတီရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ