အာဖဂန်နစ္စတန်က စစ်ရာဇဝတ်မှုတွေကို စစ်ဆေးဖို့ တောင်းဆိုချက် အိုင်စီစီပယ်ချ

US troops leading a wounded soldier to a helicopter in Afghanistan, May 2010 ဓာတ်ပုံ မူပိုင် Reuters
Image caption အာဖဂန်နစ္စတန် အနေအထားက စစ်ဆေးမှုတွေ အောင်မြင်ဖို့ အကန့်အသတ်ရှိတယ်လို့ တရားသူကြီးတွေကဆို

အာဖဂန်နစ္စတန်မှာ စစ်ရာဇဝတ်မှုတွေ ဖြစ်ခဲ့သလား စုံစမ်းစစ်ဆေးဖို့ အမှုလိုက် အရာရှိတွေရဲ့ တောင်းဆိုချက်ကို အိုင်စီစီ နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ပယ်ချလိုက်ပါတယ်။

အာဖဂန် အခြေအနေ မတည်ငြိမ်တာနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာကို အဓိကထားပြီး တရားသူကြီးတွေက ထောက်ပြပါတယ်။

ဒီဆုံးဖြတ်ချက်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတကာ အောင်မြင်မှုကြီး အဖြစ် ကြွေးကြော်ခဲ့ပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့လို လူ့အခွင့်အရေး အုပ်စုတွေကတော့ ဒါကို ဝေဖန်ခဲ့ကြပါတယ်။

အိုင်စီစီ တရားစွဲအရာရှိ ဖာတူဘန်ဆူးဒါးကို အရင်ပတ်က အမေရိကန်က ဗီဇာပယ်ချပြီးနောက် အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အာဖဂန်က အမေရိကန်တပ်တွေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရှိခဲ့သလား စုံစမ်းဖို့ ဘန်ဆူးဒါးရဲ့ တောင်းဆိုချက်ကို တုံ့ပြန်တာလို့လည်း ယူဆနေကြပါတယ်။

ဒီလို စစ်ဆေးမှုတွေဟာ တရားမျှတမှုကို အကျိုးပြုဖွယ် မရှိဘူးလို့လည်း အိုင်စီစီ တရားသူကြီး သုံးယောက်က ရှင်းပြခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မျိုးချစ်တွေအတွက်သာမက ဥပဒေစိုးမိုးရေးအတွက်ပါ အောင်မြင်မှုတခု ဖြစ်တယ်လို့ ထရမ့်က ဆိုပါတယ်။

အိုင်စီစီကို တရားမဝင်ဘူးလို့လည်း ထရမ့်က ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံသားတွေကို တရားစွဲဖို့ ကြိုးစားရင် အလျင်အမြန်နဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကတော့ ဒီလို စစ်ဆေးဖို့ ငြင်းဆန်တာဟာ ဒုက္ခရောက်သူတွေကို ပစ်ပယ်မှုဖြစ်ပြီး အိုင်စီစီအပေါ် ယုံကြည်ကိုးစားနိုင်မှုကို ပိုပြီးလျော့ရဲသွားစေတယ်လို့ ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အမေရိကန် အနိုင်ကျင့်တာကို သတ္တိမရှိဘဲ ငုံ့ခံတာလို့လည်း လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။

ဆယ်နှစ်ကျော် ကြာနေပြီဖြစ်တဲ့ အာဖဂန်နစ္စတန် စစ်ပွဲတွေအတွင်း လက်နက်ကိုင် အဖွဲ့တွေ အားလုံးရဲ့ ကျူးလွန်မှု ဆိုတာတွေကို အိုင်စီစီက စစ်ဆေးနေတာ ဖြစ်ပါတယ်။

တရားဝင် စစ်ဆေးမှုတွေ စတာကတော့ ၂ဝ၁၇ နိုဝင်ဘာလ ကတည်းက ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အိုင်စီစီ တရားစွဲအရာရှိ ဖာတူဘန်ဆူးဒါးကို အရင်ပတ်က အမေရိကန် ဗီဇာပယ်ချ

ဒါပေမဲ့ အာဖဂန်မှာ ရာဇဝတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ယူဆစရာ ဆီလျော်တဲ့ အခြေခံတွေ ရှိတယ်လို့လည်း အိုင်စီစီခုံရုံးက ဆိုပါတယ်။

နောက် အာဖဂန်နစ္စတန်ရဲ့ လက်ရှိအနေအထားက စစ်ဆေး စွဲဆိုမှုတွေလုပ်ရင် အောင်မြင်ဖို့ အကြီးအကျယ် အကန့်အသတ်ရှိနေတယ်လို့လည်း တရားသူကြီးတွေက ဆိုပါတယ်။

စစ်ဆေးရေးတွေ စခဲ့တာ ၂ဝဝ၆ ကတည်းက လို့လည်း သူတို့က ထောက်ပြပါတယ်။

အိုင်စီစီဆိုတာ ဘာလဲ

လူမျိုးတုံး သတ်ဖြတ်မှု၊ လူမဆန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို အိုင်စီစီက စစ်ဆေးအရေးယူနေတာ ဖြစ်ပါတယ်။ ဆိုင်ရာ နိုင်ငံအစိုးရတွေက အရေးမယူနိုင်၊ အရေးမယူတဲ့အခါတွေမှာ သူက ကြားဝင်တာ ဖြစ်ပါတယ်။

ဗြိတိန်အပါအဝင် ၁၂၃ နိုင်ငံ သဘောတူ လက်မှတ်ထိုးတဲ့ ကုလသမဂ္ဂစာချုပ်နဲ့ ၂ဝဝ၂ ခုနှစ်မှာ အိုင်စီစီကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်၊ အိန္ဒိယ၊ ရုရှား၊ အမေရိကန် စတဲ့နိုင်ငံကြီးတွေကတော့ ဒီခုံရုံးကို ပူးပေါင်းဖို့ ငြင်းဆန်ခဲ့ကြပြီး အာဖရိကနိုင်ငံတချို့ကဆိုရင် ဒီခုံရုံးက အာဖရိကတိုက်သားတွေအပေါ် တဘက်သတ် အာရုံစိုက်လွန်းတယ်လို့တောင် ဆိုပါတယ်။

ဘာကြောင့် အမေရိကန် ကန့်ကွက်နေလဲ

နိုင်ငံရေးနဲ့ ဆက်စပ်စွဲဆိုမှုတွေမှာ အမေရိကန်စစ်သားတွေကို ထိခိုက်လာနိုင်တယ် ဆိုပြီး အမေရိကန် အစိုးရ အဆက်ဆက်က အိုင်စီစီကို ဝေဖန်နေတာ ကြာပါပြီ။

သမ္မတ ဘီလ်ကလင်တန်ရဲ့ သက်တမ်းမကုန်ခင်မှာ အိုင်စီစီ ထူထောင်တဲ့ စာချုပ်မှာ လက်မှတ်ထိုးခဲ့ပေမယ့် အမေရိကန် ကွန်ဂရက် လွှတ်တော်က ဒါကို အတည်ပြုမပေးခဲ့ပါဘူး။

အမေရိကန် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်တွေကို ဘော့စနီးယားက ရုပ်သိမ်းပစ်မယ်လို့ ခြိမ်းခြောက်ခဲ့လို့ ကုလသမဂ္ဂက အမေရိကန်တပ်တွေကို တရားစွဲဆိုမှုက ကင်းလွတ်ခွင့် ပေးခဲ့ဖူးပါတယ်။ ဒီကင်းလွတ်ခွင့်ကလည်း ၂ဝဝ၄ ခုနှစ် ဇွန်လက စပြီး ပျက်ပြယ်သွားပါပြီ။ အဲဒီမတိုင်ခင် နှစ်လကပဲ အမေရိကန်တပ်တွေက အီရတ် အကျဉ်းသားတွေကို နှိပ်စက်တဲ့ ပုံတွေထွက်လာလို့ တကမ္ဘာလုံး ထိတ်လန့်သွားခဲ့ရပါတယ်။

အမေရိကန် နိုင်ငံသားတွေကို တရားစွဲမယ်ဆိုရင် အိုင်စီစီကို အရေးယူဒဏ်ခတ်မယ် ဆိုပြီး အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘိုလ်တန်ကလည်း မနှစ် စက်တင်ဘာလက ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အာဖဂန်အတွင်းက ဖမ်းဆီးစစ်ဆေးမှုတွေ စစ်ရာဇ၀တ်မှု မြောက်သလား