ဆူဒန်အာဏာသိမ်းပွဲ၊ အရပ်သားအုပ်ချုပ်ရေးကို ချက်ချင်းပြောင်းဖို့ ဆန္ဒပြသူတွေတိုက်တွန်း

Protesters in Khartoum, 13 April ဓာတ်ပုံ မူပိုင် AFP
Image caption ခါတွမ်းမြို့မှာ လူတွေထပ်စုနေကြပြန်

စစ်အာဏာသိမ်းထားတာ နှစ်ရက်ရှိနေပေမယ့် ဆူဒန်နိုင်ငံ ခါတွမ်းမြို့တော်က ဆန္ဒပြသူတွေကို ခေါင်းဆောင်တွေက လမ်းတွေပေါ်မှာ ဆက်နေကြဖို့ တောင်းဆိုထားပါတယ်။

နှစ်ပေါင်းများစွာ နိုင်ငံကို အုပ်စိုးခဲ့တဲ့ အိုမာ အယ်လ် ဘရှားကို စစ်တပ်က ဖယ်ရှား ထိန်းသိမ်းလိုက်ပြီးနောက် အရပ်ဘက် အုပ်ချုပ်ရေး အမြန်စတင်ဖို့ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ဧပြီလ ၁၃ ရက်မှာပဲ ဆူဒန်စစ်တပ်က ညမထွက်ရအမိန့်ကို ရုပ်သိမ်းလိုက်ပြီး ဆန္ဒပြသူတွေ ဖမ်းထားတာကို ပြန်လွှတ်ပေးလိုက်တယ်လို့ အတည်ပြုပါတယ်။

ပြည်နယ်အစိုးရတွေကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။

စစ်တပ်က ရွေးကောက်ပွဲ မလုပ်ခင် အာဏာကို နှစ်နှစ် ကိုင်ထားမယ်လို့ ကြေညာထားပါတယ်။

ဒီကာလအတွင်း နိုင်ငံတဝှမ်းမှာ စစ်တပ်က ငြိမ်းချမ်းရေး၊ ဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးတွေ ဆောင်ရွက်မယ်လို့လည်း ကြားဖြတ် စစ်ကောင်စီ အစိုးရ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး အဘ်ဒယ် ဖာတာ အဘ်ဒယ်ရာမန် ဘူရ်ဟန်က ရုပ်သံကနေ ကြေညာခဲ့ပါတယ်။

ဆန္ဒပြသူတွေကိုလည်း သူက အလေးပြုခဲ့ပြီး ပုံမှန်အခြေအနေ ပြန်ရောက်အောင် ကူညီကြဖို့ အတိုက်အခံတွေကို တောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြသူတွေကို သတ်ဖြတ်သူတွေကို အရေးယူသွားမယ်၊ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာမယ်လို့လည်း ပြောပါတယ်။

အစိုးရယန္တရားကို အမြစ်ကလှန်ပြီး ပြောင်းလဲပစ်မယ်၊ နိုင်ငံကို ပြန်တည်ဆောက်သွားမယ်လို့လည်း ဆိုပါတယ်။

ကာကွယ်ရေး ဝန်ကြီး အာဝါဒ် အီဘင် အုဖ်နဲ့ လုံခြုံရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆာလာ ဂေါ့ရှ်တို့ ထွက်သွားပြီးနောက်မှာ ဒီလိုမိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။

ဒီလိုထွက်ပေးတာနဲ့ ပတ်သက်ပြီး တရားဝင် ဖြေရှင်းချက်တော့ မရှိသေးပါဘူး။

အတိုက်အခံတွေ ဘက်က ဘာပြောလဲ

အတိုက်အခံ ခေါင်းဆောင်တွေနဲ့ စစ်တပ်တို့ အာဏာလွှဲပြောင်းရေး ကိစ္စတွေ ဆွေးနွေးနေတယ်လို့ ပုဂ္ဂလိကပိုင် ဆူဒန် ၃၆၅ သတင်းဌာနက ထုတ်ပြန်ပါတယ်။

ဆန္ဒပြပွဲတွေကို ခေါင်းဆောင်တဲ့ ဆူဒန် ပညာရှင်များ အစည်းအရုံးကတော့ သူတို့ရဲ့ စေ့စပ်ညှိနှိုင်းရေး အဖွဲ့အကြောင်းကို လူမှုကွန်ရက်ကနေ ထုတ်ပြန်ထားပါတယ်။

ကြားဖြတ် အရပ်သားအစိုးရဆီ အာဏာကို ချက်ချင်း လွှဲပေးဖို့လည်း သူတို့က စစ်တပ်ကို တောင်းဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ရက်တွေနဲ့ချီ ဆန္ဒပြနေကြတဲ့ ဆူဒန်ပြည်သားတွေ

စစ်တပ်ကချည်း အာဏာကို ထိန်းသိမ်းမထားသင့်ဘူးလို့ အတိုက်အခံ ဆူဒန် ကွန်ဂရက်ပါတီ ခေါင်းဆောင် Omar el-Digeir က ပြောပါတယ်။

ဆူဒန်မှာ စီးပွားရေး အကျပ်ဆိုက်နေလို့ ရေနံထွက်တဲ့ တောင်ပိုင်းက ၂ဝ၁၁ မှာ ခွဲထွက်သွားပါတယ်။ လူနေမှု စရိတ်ကြီးမြင့်လို့ လတွေနဲ့ချီပြီး မငြိမ်မသက်ဖြစ်နေခဲ့ပြီးနောက် ဧပြီလ ၁၁ရက်နေ့က အာဏာသိမ်းခဲ့တာပါ။

ဘယ်လိုဖြစ်ခဲ့သလဲ

မစ္စတာ ဘာရှားကို ဖယ်ရှားပြီးနောက် သူ့နေရာမှာ မစ္စတာ အီဘင်အုဖ်ရဲ့ စစ်အစိုးရ တက်လာပါတယ်။

ဒါပေမဲ့ ဆန္ဒပြသူတွေက ခါတွမ်းမြို့တော်က စစ်ဌာနချုပ်ရှေ့မှာ စခန်းချပြီး လူစုခွဲပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ အီဘင်အုဖ်ကို ဘာရှားရဲ့လူလို့ သတ်မှတ်ပြီး ကန့်ကွက်တာပါ။

၁၂ ရက်နေ့မှာတော့ ခေါင်းဆောင်သစ် နုတ်ထွက်ကြောင်း ကြေညာပြီး သူ့နေရာကို ဒုတိယဗိုလ်ချုပ်ကြီး ဘူရ်ဟန်နဲ့ အစားထိုးပါတယ်။ သူ့ကိုတော့ အငြင်းပွားစရာ နည်းတဲ့သူလို့ မြင်ကြပါတယ်။

ဒါပေမဲ့ မြို့တော်က သပိတ်သမားတွေကတော့ ဒါလောက်နဲ့ လက်မခံနိုင်ကြပါဘူး။

ဓာတ်ပုံ မူပိုင် AFP
Image caption ဆန္ဒပြသူတွေနဲ့ စကားပြောနေတဲ့ ဒုဗိုလ်ချုပ်ကြီး ဘူရ်ဟန်

ပြည်သူကို ကိုယ်စားမပြုသူတွေက ဆုံးဖြတ်တာတွေကို ပယ်ဖျက်ပေးဖို့ သူတို့က တောင်းဆိုကြပြီး ပြည်သူတွေအပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ အရင်အစိုးရဟောင်းရဲ့ လူတွေကို ဖမ်းဆီးဖို့လည်း တောင်းဆိုကြပါတယ်။

သူတို့လိုလားချက်တွေ ရတဲ့အထိ စစ်ဌာနချုပ်ရှေ့မှာ ဆက်ပြီး ထိုင်သပိတ်ဆင်နွှဲသွားမယ်လို့ ဆူဒန် ပညာရှင်များ အစည်းအရုံးက ပြောပါတယ်။

မြို့တော်ထဲက အင်အားကြီးတဲ့ တပ်တွေကို ကိုင်ထားတဲ့ အမျိုးသား ထောက်လှမ်းရေးနဲ့ လုံခြုံရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂေါ့ရှ် ထွက်တဲ့သတင်းကို ဆူဒန်ရုပ်သံက ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဗိုလ်ချုပ်ကြီး ဆာလာဂေါ့ရှ်

ဒီဗိုလ်ချုပ်ကြီးက ၁၉၉ဝ ကျော်ကတည်းက ဘာရှားရဲ့ အဓိက လူယုံဖြစ်ခဲ့ပါတယ်။ ဒါဖာဒေသမှာ ဖြစ်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ အိုင်စီစီ ရာဇဝတ်ခုံရုံးက ၂ဝဝ၉ ကတည်းက အလိုရှိတဲ့ ဆူဒန် အရာရှိကြီး ၁၇ ယောက်ထဲမှာ သူလည်း ပါပါတယ်။

သူ့လက်အောက်ကနေပြီး ပြည်သူ့စစ်လို အဖွဲ့တွေကို ကြီးကြပ်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

၁၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဘယ်ကမှန်းမသိတဲ့ ကျည်ဆန်တွေ လက်ချက်နဲ့ ဆန္ဒပြပွဲတွေမှာ အနည်းဆုံး ၁၆ ယောက် သေဆုံးခဲ့ရကြောင်း ရဲက ထုတ်ပြန်ပါတယ်။

ဆန္ဒပြရေစီးအဟုန်

ကက်သရင်း ဘီရာရိုဟန်းဂါး၊ ဘီဘီစီသတင်းထောက်

ဆန္ဒပြသူတွေ အရှိန်တက်နေတာတော့ သေချာ မြင်နိုင်ပါတယ်။

ရက်ပိုင်းအတွင်း အာဏာပြင်းတဲ့ ဗိုလ်ချုပ်ကြီး နှစ်ယောက်ကို သူတို့ ဖယ်ရှားနိုင်ခဲ့ပြီး ကနေ့တော့ နောက်တယောက် ထွက်သွားရပါပြီ။ ဂေါ့ရှ်ဟာ ဘာရှား အစိုးရအောက်မှာ လက်နက်ကိုင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ဆောင်ရတဲ့ စစ်ထောက်လှမ်းရေးနဲ့ လုံခြုံရေး အဖွဲ့ကို ကြိုးကိုင်ခဲ့သူ ဖြစ်ပါတယ်။

လူတွေ ဘယ်လောက် ဒေါသထွက်ထွက်၊ သူ့ကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ခုထိ မဖမ်းသေးပါဘူး။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆူဒန်မှာ အစိုးရဆန့်ကျင်သူတွေကိုလက်မရွံ့ တပ်တွေသုံးပြီး ဖိနှိပ်

ဆူဒန် ပညာရှင်များ အစည်းအရုံးက သူခေါင်းဆောင်ခဲ့တဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ကို ဖျက်ဖို့ တောင်းဆိုနေပါတယ်။ သူထွက်ထွက်ချင်းမှာပဲ အစိုးရနဲ့ တရားဝင် ညှိနှိုင်းနေတဲ့ အဖွဲ့ဝင်စာရင်းကို အစည်းအရုံးဘက်က ထုတ်ပြန်ပါတယ်။ အရင်ကဆိုရင် ပစ်မှတ်ထားခံရမှာစိုးလို့ ဒါမျိုး ထုတ်ပြန်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ကြားဖြတ် စစ်ကောင်စီနဲ့ သူတို့ ဆက်ပြီး ဆွေးနွေးသွားကြမယ်လို့ ခန့်မှန်းရပါတယ်။

ဒါပေမဲ့ ပထမဆုံး မိန့်ခွန်းမှာတင် ဗိုလ်ချုပ်ကြီး ဘူရ်ဟန်က နိုင်ငံကို နှစ်နှစ် ဆက်အုပ်ချုပ်မယ်လို့ ပြောနေပါတယ်။ ဒါကို အရပ်သား အစိုးရဖွဲ့ဖို့ တောင်းဆိုနေတဲ့ အတိုက်အခံတွေက ပယ်ချပြီး ဖြစ်ပါတယ်။ သူတို့လိုတာ မရမချင်း ဆက်ပြီး ဆန္ဒပြမယ်လို့လည်း ဆိုပါတယ်။

ဘာရှား ဘာဖြစ်သွားမလဲ

သူ့ကိုလည်း ဒါဖာမှာ ဖြစ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမဆန်တဲ့ ရာဇဝတ်မှုတွေနဲ့ အိုင်စီစီက တရားစွဲထားပါတယ်။

ဒါပေမဲ့ သူ့ကို အိုင်စီစီမပို့ဘူးလို့ စစ်ကောင်စီက ပြောပါတယ်။

ဒါပေမဲ့ ဆူဒန်မှာပဲ ရုံးတင်တာတော့ ခံရနိုင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆူဒန်မှာ သမ္မတ ဖြုတ်ချရေးအတွက် အမျိုးသမီးတွေ ရှေ့ထွက်

မစ္စတာ အီဘင် အုဖ်ကတော့ ဒါဖာ ပဋိပက္ခအတွင်းမှာ စစ်ထောက်လှမ်းရေး အကြီးအကဲဖြစ်ခဲ့လို့ သူ့ကို အမေရိကန်က ၂ဝဝ၇ ခုနှစ်ကတည်းက ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။