ကမ္ဘာ့အကြီးဆုံး လေယာဉ် စတင်ပျံသန်း

အာကာသထဲကို ဂြိုဟ်တုတွေ ပို့မယ့်လေယာဉ် ဓာတ်ပုံ မူပိုင် Reuters
Image caption အာကာသထဲကို ဂြိုဟ်တုတွေ ပို့မယ့်လေယာဉ်

အတောင်ဖျားနှစ်ဘက်အစအဆုံး ၃၈၅ ပေ ရှိတဲ့ ကမ္ဘာ့ အကြီးဆုံးလေယာဉ်ဟာ အမေရိကန်နိုင်ငံမှာ ပထမဆုံး စတင်စမ်းသပ် ပျံသန်းခဲ့ပါတယ်။

အာကာသထဲ ဂြိုဟ်တုတွေ လွှတ်တင်ရာမှာ သုံးဖို့ အဓိက တည်ဆောက်ထားတဲ့ လေယာဉ်ဟာ ထိပ်ဖျားကနေ အမြီးထိဆိုရင်၂၃၈ ပေ ရှိပါတယ်။

ဒီလေယာဉ်ကို မိုက်ခရိုဆော့ဖ် ကုမ္ပဏီပူးတွဲတည်ထောင်သူ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ပေါလ်အယ်လန်ရဲ့ Stratolaunch ကော်ပိုရေးရှင်းက တည်ဆောက်တာပါ။

ဂြိုဟ်တုတွေ အာကာသထဲလွှတ်တဲ့အခါ ဒီလေယာဉ်ဟာ အမြင့်ပေ သုံးသောင်းခွဲ လောက်ကို တက်သွားပြီး ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းထဲ လွှတ်တင်လိုက်မှာ ဖြစ်ပါတယ်။

ဒီစီမံကိန်း အောင်မြင်သွားရင်တော့ ဂြိုဟ်တုနဲ့ အာကာသယာဉ် စတာတွေကို မြေပြင်ကနေ အာကာသထဲ ဒုံးပျံနဲ့တိုက်ရိုက်လွှတ်တင်တာထက် စရိတ်သက်သာသွားတော့မှာပါ။

ဒီလေယာဉ်ဟာ အရှည် ပေ ၅၀ နဲ့ ပေါင် ငါးသိန်းလောက်ထိ လေးတဲ့ ပစ္စည်းတွေကို သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

လေယာဉ်နှစ်စင်းဆက်ထားပြီး အင်ဂျင်ခြောက်လုံးပါတဲ့ ဒီလေယာဉ်ကြီးဟာ အခု စတင်ပျံသန်းခဲ့တဲ့အခါမှာ အမြင့်ပေ တစ်သောင်းခွဲနဲ့ အမြန်နှုန်း တစ်နာရီ မိုင် ၁၇၀ လောက်ထိ ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters

လေယာဉ်ဟာ ကြိုတွက်ထားတဲ့ပုံစံအတိုင်း အားလုံးနီးပါး ပျံသန်းနိုင်ခဲ့တယ်လို့ လေယာဉ်ကို စမ်းသပ်မောင်းနှင်ခဲ့တဲ့ လေယာဉ်မှူး အီဗန် တောမတ်စ်က ပြောပါတယ်။

ခရီးသည်တင်လေယာဉ်တွေ အခု ပျံသန်းနေသလိုမျိုး ကမ္ဘာပတ်လမ်းထဲကို သူတို့လေယာဉ်တွေသွားလာနိုင်အောင်လုပ်ဖို့ Stratolaunch ကုမ္ပဏီက ရည်မှန်းထားပါတယ်။

ဗြိတိန်က ဘီလျံနာသူဌေးကြီး ရစ်ချတ်ဘရန်ဆန်ရဲ့ Virgin Galactic ကုမ္ပဏီကလည်း ကမ္ဘာပတ်လမ်းကြောင်းထဲကို ဂြိုဟ်တုတွေ လွှတ်တင်ဖို့ တည်ဆောက်နေပါတယ်။

ဓာတ်ပုံ မူပိုင် Reuters

Stratolaunch ရဲ့ အခု လေယာဉ်ဟာ အတောင်ဖျားနှစ်ဘက် အရှည်အရ ကမ္ဘာ့အကြီးဆုံး လေယာဉ်ဖြစ်လာပေမဲ့ လောလောဆယ်မှာ ရုရှားရဲ့ အန်တိုနော့ဗ် An-225 လေယာဉ်ဟာ ကမ္ဘာ့ အကြီးဆုံး လေယာဉ်ဖြစ်ပါတယ်။ အဲဒီရုရှားလေယာဉ်ဟာ လေယာဉ်ထိပ်ကနေ အမြီးထိဆိုရင် Stratolaunch ရဲ့ လေယာဉ်ထက် ၃၇ ပေ ပိုရှည်ပါတယ်။ ဒါပေမဲ့ အတောင်ပံဖျားတွေ အရှည်ဆိုရင်တော့ Stratolaunch ရဲ့ လေယာဉ်က ၉၅ ပေ ပိုရှည်ပါတယ်။

ဆက်စပ် အကြောင်းအရာများ