မြန်မာဘုန်းကြီးကျောင်းကို မလေးရှားအာဏာပိုင်တွေ ချိတ်ပိတ်

မေတ္တာဝီဟာရ ဘုန်းကြီးကျောင်း ဓာတ်ပုံ မူပိုင် Kyawko kokyaw
Image caption တိုင်ကြားချက်ကြောင့် မလေး ခရိုင် ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လူစုခွဲဖို့ပြောပြီး ပွဲကို ရပ်လိုက်တာလို့လည်းမလေးရှားရောက် မြန်မာတွေက ပြောပါတယ်၊

ဧပြီလ ၁၄ ရက် နေ့ ကကျင်းပခဲ့ တဲ့ မလေးရှား ကာဂျန်းမှာရှိတဲ့ မေတ္တာဝီဟာရ မြန်မာဘုန်းကြီးကျောင်း သင်္ကြန်ပွဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်မှုကြောင့် ဘုန်းကြီးကျောင်းကို မလေးရှားအာဏာပိုင် တွေက ချိတ်ပိတ်လိုက်တယ်လို့ မလေးရှားရောက် မြန်မာ ဘုန်းတော်ကြီးတစ်ပါးက ဘီဘီစီ ကိုပြောပါတယ်။

သင်္ကြန်ပွဲကျင်းပတဲ့နေရာအနီးမှာ နေထိုင်တဲ့ နိုင်ငံသားတွေရဲ့ တိုင်ကြားချက်ကြောင့် မလေး ခရိုင် ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လူစုခွဲဖို့ပြောပြီးပွဲကို ရပ်လိုက်တာလို့ လည်းမလေးရှားရောက် မြန်မာတွေက ပြောပါတယ်။

ဘာကြောင့် ချိတ်ပိတ်တယ်ဆိုတာ ကို အဲဒီကျောင်းအနားက တခြား မြန်မာဘုန်းတော်ကြီးတစ်ပါးက တိတိကျကျ မသိဘူးလို့ပြောပါတယ်။

မလေးရှားရောက် မြန်မာတွေကတော့ မူးပြီး အချင်းချင်းရန်ဖြစ် ရာကနေ ရဲကားက ရောက်လာပြီး ရဲကားကိုဘီယာဘူးနဲ့ပေါက်တာကြောင့် ပွဲပျက်ပြီးမလေးရှားအာဏာပိုင် တွေက ချိတ်ပိတ်တာခံရတာဖြစ်တယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကစပြီး မလေးရှားရောက် မြန်မာတွေ နေထိုင်တဲ့ ကွာလာလမ်ပူက ဘုန်းကြီးကျောင်းတွေမှာ သင်္ကြန်ပွဲတော် ကျင်းပလေ့ရှိပြီး အလုပ်သမားတွေနားရက်နဲ့ ချိန်ပြီး စနေ တနင်္ဂနွေ ရက်တစ်ရက်ကျင်းပလေ့ရှိပါတယ်။

အခုလိုမျိုး မြန်မာဘုန်းကြီးကျောင်း သင်္ကြန်ပွဲကြောင့် ချိတ်ပိတ်ခံရတာကတော့ ကွာလာလမ်ပူ သင်္ကြန်ပွဲ တွေသမိုင်းမှာ ပထမဆုံး ဖြစ်တယ်လို့ မလေးရှား ကပုန်းက မြန်မာ ဘုန်းတော်ကြီးတစ်ပါးကမိန့်ပါတယ်။

ဓာတ်ပုံ မူပိုင် kyawko kokyaw
Image caption ကာဂျန်းမြန်မာ ဘုန်းကြီးကျောင်း သင်္ကြန်ပွဲကို မလေးရှားရောက် မြန်မာ ထောင်ဂဏန်းလောက် လာရောက်ခဲ့ ကြပါတယ်

ကာဂျန်းမြန်မာ ဘုန်းကြီးကျောင်း သင်္ကြန်ပွဲ ဟာ ပွဲခွင့်ပြုချက် ကိုတရားဝင် တင်ပြီးကျင်းပတာဖြစ်ပေမဲ့ အသံချဲ့စက် တွေဖွင့်တာ၊ မူးပြီးအချင်းချင်းရန်ဖြစ်တာတွေကြောင့် ဒေသခံတွေ တိုင်တာနဲ့ လည်းဆက်စပ်တယ်လို့ လည်း ပြောပါတယ် ။

ကာဂျန်းက ကွာလာလမ်ပူ အရှေ့တောင်ဘက် ၁၀မိုင်လောက် အကွာမှာ ရှိပြီးမြန်မာရွှေ့ပြောင်းလုပ်သားတွေ အများအပြား နေထိုင်ကြတဲ့နေရာဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေကို မှီပြီး မြန်မာဘုန်းကြီးကျောင်းတွေပေါ်လာတာဖြစ်ပြီး ဒေသခံတွေရဲ့ ထောက်ခံချက်နဲ့ ဖွင့်ထားတဲ့ကျောင်းလည်းဖြစ်တယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။

အဲဒီနေ့က တခြားမြန်မာ ကျောင်းတွေလည်း သင်္ကြန်ပွဲကျင်းပခဲ့ ပြီး ကာဂျန်း မေတ္တာဝီဟာရကျောင်းက သင်္ကြန်ပွဲကို မလေးရှားရောက် မြန်မာ ထောင်ကဏန်းလောက် လာရောက်ခဲ့ ကြပါတယ်။

ဓာတ်ပုံ မူပိုင် kyawko kokyaw
Image caption တခြားမြန်မာဘုန်း ကြီးကျောင်းတွေ အတွက်ပါစိုးရိမ်မှု တွေ ရှိနေကြပါတယ်

ကွာလာလမ်ပူမှာ မြန်မာ ဘုန်းကြီးကျောင်း အများစုကတော့ တိုက်ခန်းလေးတွေမှာ ဖွင့်တဲ့ကျောင်းတွေ ဖြစ်ပါတယ် ။

မြန်မာလုပ်သားတွေ သာရေးနာရေးနဲ့ ဆက်စပ်ပြီး မြန်မာ ဘုန်းကြီးကျောင်းတွေ ရှိနေတာဖြစ်ပြီးတော့ အများစုဟာ တရားဝင် ရပ်တည်ဖို့ခွင့်ပြုချက် ရထားတာမျိုး မရှိဘူးလို့လည်း မလေးရှား ကပုန်းက မြန်မာ ဘုန်းတော်ကြီးတစ်ပါးမိန့်ပါတယ်။

အခုလိုမျိုး မြန်မာ ဘုန်းကြီးတစ်ကျောင်း ချိတ်ပိတ်ခံရမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေနေတဲ့ နေရာတွေနားမှာ ဖွင့်ထားတဲ့ တခြားမြန်မာဘုန်းကြီးကျောင်းတွေ အတွက်ပါစိုးရိမ်မှု တွေ ရှိနေတယ် လို.လည်းမလေးရှားရောက် မြန်မာဘုန်းတော်ကြီးက မိန့်ပါတယ် ။