၂၀၁၉ အင်ဒိုနီးရှားရွေးကောက်ပွဲ - သိသင့်သမျှ အချက်တွေ

ရက်ပိုင်းအတွင်း မဲပေးကြရတော့မယ့် အင်ဒိုနီးရှားနိုင်ငံသားတွေ ဓာတ်ပုံ မူပိုင် Getty Images
Image caption ရက်ပိုင်းအတွင်း မဲပေးကြရတော့မယ့် အင်ဒိုနီးရှားနိုင်ငံသားတွေ

ဧပြီ ၁၇ ရက်မှာလုပ်မယ့် အင်ဒိုနီးရှား အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့သူ ၁၉၂ သန်း ရှိပါတယ်။

သမ္မတ၊ တစ်နိုင်ငံလုံးအဆင့် လွှတ်တော်နဲ့ ဒေသတွင်း လွှတ်တော်တွေ အတွက် တစ်ရက်ထဲမှာ အကုန်မဲပေးရွေးချယ်ရမယ့် စနစ်ကို အခုနှစ်မှာ ပထမဆုံး စလုပ်တာ ဖြစ်ပါတယ်။

ဘာတွေကို ရွေးချယ်ရမှာလဲ

ကျွန်းပေါင်း ၁၈,ဝဝဝ လောက်က စတုရန်းမိုင် ခုနစ်သိန်းကျော်ရှိတဲ့ နိုင်ငံကို ဖုံးလွှမ်းဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားမှာ တစ်နိုင်ငံလုံးအဆင့်နဲ့ ဒေသတွင်း လွှတ်တော်တွေက အမတ်နေရာ နှစ်သောင်းကျော် အတွက် ကိုယ်စားလှယ်လောင်း နှစ်သိန်းလေးသောင်းငါးထောင်က ဝင်ပြိုင်ကြမှာပါ။

အဲဒီရွေးကောက်ပွဲကို ကမ္ဘာပေါ်မှာ တစ်ရက်တည်းနဲ့ လုပ်တဲ့ အရှုပ်ထွေးဆုံးရွေးကောက်ပွဲတွေထဲက တစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။

ရွေးကောက်ပွဲ ကနဦးရလဒ်တွေကို နာရီပိုင်းအတွင်း သိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ တရားဝင် ရလဒ်တွေကို သိဖို့ကတော့ သီတင်းပတ်အနည်းငယ် ကြာပြီးမှ သိနိုင်ပါလိမ့်မယ်။

သမ္မတနေရာကို ဘယ်သူတွေ ပြိုင်မှာလဲ

အခုရွေးကောက်ပွဲဟာ လက်ရှိ သမ္မတ ဂျိုကို ဝီဒိုဒို နဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆုဘီယန်တိုတို့ကြားက ပြိုင်ပွဲ ဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၄ ရွေးကောက်ပွဲတုန်းကလည်း ထိပ်တိုက် တွေ့ခဲ့ကြဖူးပါတယ်။

ပရာဘိုဝိုက ဝါရင့် နိုင်ငံရေး သမားကြီးတွေနဲ့ နီးစပ်သူ ဖြစ်ပါတယ်။ သူက အင်ဒိုနီးရှားကို ဆယ်စုနှစ် သုံးစုလောက် တင်းတင်းကြပ်ကြပ် အုပ်ချုပ်သွားတဲ့ စစ်အာဏာရှင် ဆူဟာတိုရဲ့ သမက်ဟောင်း ဖြစ်ပါတယ်။

ပြီးတော့ သူဟာ ဗိုလ်ချုပ်ကြီးဆူဟာတို လက်ထက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့ဖူးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပေမယ့် အပြစ်မရှိသူအဖြစ် သူ့ပုံရိပ်ကို ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။

ပြည်ပမှာ နှစ်ပေါင်းများစွာနေပြီးတဲ့နောက် ၂၀၀၉ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံရေးလောကကို ပရာဘိုဝို ပြန်လာခဲ့ပါတယ်။ ၂၀၁၄ ရွေးကောက်ပွဲမှာ သူက ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနဲ့ မဲဆွယ် စည်းရုံးခဲ့ပါတယ်။ သူက အလုပ်လက်မဲ့လျှော့ချရေးလုပ်ပြီး အလုပ်အကိုင်အသစ်တွေ ဖန်တီးပေးမယ်လို့ ဆိုခဲ့ပါတယ်။

ဂျိုကိုဝီလို့လည်း သိထားကြတဲ့ ဂျိုကိုဝီဒိုဒိုဟာ နိုင်ငံရေးလောကကို မထင်မရှား စပြီး ဝင်လာခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှာ ဂျာကာတာအုပ်ချုပ်ရေးမှူးဖြစ်ပြီးနောက် နိုင်ငံတကာမှာပါ ထင်ရှားလာသူ ဖြစ်ပါတယ်။

၂၀၁၄ ရွေးကောက်ပွဲမှာ သူက ပြည့်သူ့ဘက်တော်သားဆိုတဲ့ ပုံရိပ်နဲ့ မဲဆွယ်ခဲ့ပါတယ်။ ပြီးတော့ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ ကိုယ့်လူကိုယ်ဦးစားပေး ဆွေမျိုး ကောင်းစားရေးဝါဒ တွေကို ဖယ်ရှားမယ်လို့ ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပရာဘိုဝို (ဘယ်)နဲ့ ဂျိုကိုဝီ (ညာ) တို့ နောက်တစ်ကြိမ်ထပ်ယှဉ်ပြိုင်ဖို့ ဖြစ်လာ

သူ့ဦးဆောင်မှုအောက်မှာ နိုင်ငံစီးပွားရေးက ဖြည်းဖြည်းချင်းတိုးတက်လာပါတယ်။ ဆင်းရဲမှု ကိန်းတွေလည်း ကျလာတယ်။ အဓိက အခြေခံ အဆောက်အဦ စီမံကိန်းကြီးတွေလည်း အဆုံးသတ်နိုင်ခဲ့တယ်။ ဥပမာ အားဖြင့် မြို့တော် ဂျာကာတာက အမြန်လမ်းမကြီး ကွန်ရက်ဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာ သူကတိပေးထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်းပေးမယ်ဆိုတာ မလုပ်သေးလို့ဆိုပြီး သူ့ကို ထောက်ခံသူတချို့ကတော့ စိတ်ပျက်နေကြပါတယ်။

သူက တရုတ်ဆီကနေ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေရအောင် ကြိုးစားနေပါတယ်။ ဒါပေမဲ့ သူ့ကို ဝေဖန်သူတွေကတော့ နိုင်ငံရဲ့ အကျိုးကို မကာကွယ်နိုင်ဘူးလို့ ဆိုပါတယ်။ အတိုက်အခံတွေကတော့ သူက တိုင်းပြည်ကို ရောင်းစားနေတာလို့ စွပ်စွဲကြပါတယ်။

အဓိကပြဿနာတွေက ဘာတွေလဲ

အခြေခံ အဆောက်အဦ၊ ခြစားမှုနဲ့ စီးပွားရေး ကိစ္စတွေက မဲပေးသူတွေ အဓိက စိတ်ဝင်စားတဲ့ အရာတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ အရေးကြီး အချက်တစ်ချက်ကတော့ နိုင်ငံရဲ့ ပုံရိပ်ဖြစ်ပြီး ရွေးကောက်ပွဲကနေ အစ္စလာမ်ဦးစားပေးနိုင်ငံရေး လမ်းကြောင်းပေါ် ပိုရောက်သွားမသွားကို စိတ်ဝင်စားကြတာပါ။

အင်ဒိုနီးရှားမှာ တရားဝင် ကြေညာထားတဲ့ နိုင်ငံတော် ဘာသာဆိုတာမရှိပါဘူး။ ဒါပေမဲ့ ပြည်သူ ၈၀ ရာခိုင်နှုန်းကျော်ကတော့ မွတ်ဆလင်တွေ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ မွတ်ဆလင်ဦးရေ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

ရှေးရိုးစွဲ ဘာသာရေး အုပ်စုတွေရဲ့ အသံတွေလည်း ဒီနှစ်ပိုင်းတွေမှာ ပိုကျယ်ကျယ်လောင် ကြားလာရပါတယ်။ ဂျိုကိုဝီရဲ့ မဟာမိတ်ဖြစ်သူ 'အဟုတ်'လို့ လူသိများသူက ဘာသာရေးကို ထိခိုက်အောင် ပြောဆိုတယ်ဆိုပြီး ဆန္ဒပြတဲ့ ကိစ္စတွေ ဖြစ်ခဲ့တယ်။

အဲဒါကြောင့် သမ္မတနေရာမှန်းသူတွေဟာ သူတို့ရဲ့ အစ္စလာမ်ဘာသာရေးဆိုင်ရာ ယုံကြည်မှုတွေကို အပြိုင်အဆိုင်ချပြလာကြတယ်။

ဘာသာရေး အလယ်အလတ်လမ်းစဉ်သမား ဂျိုကိုဝီက အစ္စလာမ် ဘာသာရေးဆရာကို သူရဲ့ဒုသမ္မတလောင်း အဖြစ်ကြေညာလိုက်တော့ အားလုံးအံ့သြသွားကြပါတယ်။ အဲဒီဘာသာရေးဆရာဟာ 'အဟုတ်' ကို နေရာက ပြုတ်ကျအောင် ဦးဆောင်ဆန္ဒပြတဲ့ သြဇာကြီးတဲ့ ဘာသာရေးဆရာ ဖြစ်ပါတယ်။ အဲဒါကြောင့် ရှေးရိုးစွဲ ဘာသာရေးသမားတွေရဲ့ မဲတွေကို ဂျိုကိုဝီ ရလာလိမ့်မယ်လို့ ယူဆ နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါကြောင့်ပဲ လူငယ်တွေနဲ့ လွတ်လပ်တဲ့အတွေးခေါ်ရှိတဲ့ သူတွေရဲ့ မဲတွေလျော့သွားနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အဟုတ်ကိုထောက်ခံကြသူတွေ

ပရာဘိုဝိုကတော့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေကို အကာအကွယ်ပေးမယ်ဆိုတာနဲ့ ဘာသာရေးကျောင်းတွေကို ရန်ပုံငွေတွေတိုးပေးဖို့ ကတိပေးထားပါတယ်။ သူ့ကို လွှတ်တော်ထဲက အကြီးဆုံး အစ္စလာမ်ပါတီကြီးကလည်း ထောက်ခံထားပါတယ်။

သူကတော့ ဒုသမ္မတလောင်းကို ငယ်ရွယ်ထက်မြက်တဲ့ စန္ဒီယာဂါ အူနိုကို ရွေးချယ်ထားပါတယ်။ အဲဒီသူဟာ အင်ဒိုနီးရှားက အချမ်းသာဆုံးသူတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲ သုံးသပ်သူတွေကတော့ ဒီနှစ်မှာ မဲလုံးဝ လာမပေးသူ တော်တော်များများလည်းရှိလိမ့်မယ်လို့ ခန့်မှန်ထားကြပါတယ်။ သူတို့ဟာ ဂျိုကိုဝီကို နားမလည်နိုင်တော့တာကြောင့် မထောက်ခံချင်တော့ပေမဲ့ ပရာဘိုဝိုရဲ့ ဘာသာရေး အားပြုလွန်းတဲ့နိုင်ငံရေးကိုတော့ မထောက်ခံချင်ကြတာကြောင့် ဖြစ်ပါတယ်။

မဲအဆုံးအဖြတ်ပေးမှာ ဘယ်သူတွေလဲ

မဲပေးမယ့်သူအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းလောက်က အသက် ၁၇ နှစ်ကနေ ၃၅ နှစ်ကြားရှိသူတွေ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကိန်းဂဏန်းတွေ အရသိရပါတယ်။

အဲဒါကြောင့် ပါတီတွေဟာ လူငယ်တွေဆီက မဲတွေရဖို့ ကြိုးစားနေကြတယ်။ တစ်ခါတလေလည်း နည်းလမ်းသစ်တွေသုံးပြီး မဲဆွယ်ကြတယ်။

ပြီးခဲ့နှစ်မှာ ဂျိုကိုဝီရဲ့ PDIP ပါတီက ဖက်ရှင်ကျကျ တီရှပ်တွေ၊ ဦးထုပ်တွေနဲ့ ဂျက်ကက်တွေ ထုတ်ရောင်းခဲ့တယ်။

ပရာဘိုဝိုကလည်း အွန်လိုင်းပေါ်က ထင်ရှားသူတွေ လူငယ် YouTube သမားတွေနဲ့ ဆက်ဆံရေး တည်းဆောက်ထားပါတယ်။

သူတို့ နှစ်ယောက်လုံးရဲ့ထောက်ခံသူတွေက သူတို့အတွက် ကိုယ်ပိုင်ဂီတဗီဒီယိုတွေ လူတွေ နားစွဲနေစေမယ့် သီချင်းတီးလုံး အပြိုင်အဆိုင် ဖန်တီးထားကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

သတင်းအတုတွေရဲ့ ခြိမ်းခြောက်မှု

ဆိုရှယ်မီဒီယာက အင်ဒိုနီးရှားမှာ အလွှမ်းမိုးဆုံးပါပဲ။ ကမ္ဘာမှာ ဖေ့စ်ဘွတ်ခ်သုံးတဲ့သူ စတုတ္ထမြောက်အများဆုံး နိုင်ငံဖြစ်ပါတယ်။ ပြီးတော့ လုပ်ကြံသတင်းတွေကြောင့် ပြဿနာတွေ အမြောက်အမြားလည်း ဖြစ်ခဲ့ပါတယ်။

ရွေးကောက်ပွဲနားနီးလာတဲ့အချိန်မှာ ၂၀၁၈ ဒီဇင်ဘာနဲ့ ၂၀၁၉ ဇန်နဝါရီ အကြားမှာ နိုင်ငံရေး သတင်းအတုတွေ၊ ပုံဖျက်ထားတဲ့သတင်းတွေ ၆၁ ရာခိုင်နှုန်းလောက် ပိုများလာတယ်လို့ အင်ဒိုနီးရှား သတင်းအတု တိုက်ဖျက်ရေး အဖွဲ့က ပြောပါတယ်။

သတင်းတုထဲမှာ အများစုက ဂျိုကိုဝီကို တိုက်ခိုက်တာတွေဖြစ်ပြီး ဂျိုကိုဝီဟာ ခရစ်ယာန်ဖြစ်တယ်၊ တရုတ်သွေးပါတယ်၊ သူက ကွန်မြူနစ် စတဲ့ လုပ်ကြံရေးသားထားတာတွေ ဖြစ်တယ်လို့ အဲဒီအဖွဲ့ခေါင်းဆောင် တစ်ယောက်က ပြောပါတယ်။

ခုန ပြောတဲ့ အချက်တွေက မထူးဆန်းသလိုပါပဲ။ ဒါပေမဲ့ မွတ်ဆလင် အများစုရှိတဲ့ နိုင်ငံမှာ လူမျိုးရေးနဲ့ ဘာသာရေး အယူအဆအတွေးအခေါ်တွေ အကဲဆတ်တဲ့ နိုင်ငံမှာတော့ အဲဒီစွပ်စွဲမှုတွေဟာ အင်မတန်ကြီးမားတဲ့ ကိစ္စတွေ ဖြစ်လာပါတယ်။