ရွှေ့ပြောင်းအလုပ်သမား မိသားစုတွေရဲ့ ပေးဆပ်မှုကြီးလှတဲ့ဘဝ

ကာဂစ်စတန်မြောက်ပိုင်းမှာရှိတဲ့ ဂရီဂေါ်ဂရီဗာရွာက ကန်နီဘက်နဲ့ သူ့ဇနီး နာဆူလူတို့ မနှစ်နွေဦးတုန်းက ရုရှားမှာအလုပ်ရှာလုပ်ဖို့ ထွက်လာခဲ့ကြပါတယ်။ သူတို့ စိတ်ကူးကတော့ ရိုးရိုးလေးပါ။ သူတို့သားသမီးတွေ ပညာရေးအတွက် လုံလောက်မယ့်ငွေကို ရှာမယ်၊ ရွာက သူတို့အိမ်ကို ကောင်းကောင်းပြန်ဆောက်မယ်ပေါ့။ အသက် ၄နှစ်၊ ၅နှစ်၊ ၈နှစ်၊ ၁၁နှစ် စသဖြင့် ရှိနေပြီဖြစ်တဲ့ သူတို့ ကလေး ၄ ယောက်ကို ကလေးတွေရဲ့ အဖွားဖြစ်သူဆီ အပ်ထားခဲ့ပါတယ်။

ကာဂစ်စတန်မှာ လူ ၈ ယောက်မှာ ၁ ယောက်က နိုင်ငံပြင်ပမှာ အလုပ်သွားလုပ်ကြတာ ဆိုတော့ သူတို့အဖြစ်က မဆန်းဘူးလို့ပြောရမှာပါ။ အဲဒီလိုရွှေ့ပြောင်းအလုပ်သမား တွေ ပြန်ပို့တဲ့ငွေက ကာဂစ်စတန် နိုင်ငံရဲ့ GDP သုံးပုံတပုံကျော်တောင် ရှိတာလို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကခန့်မှန်းပါတယ်။ နိုင်ငံတကာမှာ ရွှေ့ပြောင်းအလုပ်သမားတွေ သူ့မူရင်းနိုင်ငံတွေကို ပြန်ပို့တဲ့ငွေပမာဏ စုစုပေါင်းက ၂၀၁၈မှာ ဒေါ်လာ ၅၂၈ ဘီလီယံ ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

ဒါပေမဲ့ သူတို့ပေးရတဲ့အရင်းအနှီးကကြီးပါတယ်၊ သူတို့မျိုးဆက်ရဲ့ သားသမီးတွေအားလုံးက မိဘတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အောက်မှာ မနေကြရတော့ပါဘူး၊ တခြားဆွေမျိုးသားချင်းတွေ လက်ထဲ နေရတဲ့ သူတို့ ကလေးတွေ ကောင်းမွန်တဲ့စောင့်ရှောက်မှုနဲ့ ဝေးတာ၊ အဓမ္မစော်ကားခံရတာတွေလည်း ကြုံနေကြရပါတယ်။

နိုင်ငံခြားရောက် အလုပ်သမားတစ်ယောက်ရဲ့ ဘဝ
Image caption နိုင်ငံခြားရောက် အလုပ်သမားတစ်ယောက်ရဲ့ ဘဝ

"တခြားရွေးစရာမရှိပါ"

ကန်နီဘက်နဲ့ နာဆူလူတို့ မော်စကိုမှာ သန့်ရှင်းရေးအလုပ် ရကြတယ်။ အခန်းတခု ငှားနေတယ်၊ အခန်းကကျဉ်းတော့ နိုးရင် အိပ်တဲ့ကုတင်ကို ခေါက်ပြီးသိမ်းရပါတယ်။ စုလို့ရနိုင်သမျှစု၊ ပြီးရင် သူတို့အိမ်ကို ပြန်ပို့ကြပါတယ်။ဒါပေမဲ့ လပိုင်းအနည်းငယ်အတွင်းမှာပဲ သတင်းဆိုးက သူတို့ဆီ ရောက်လာပါတယ်။ သူတို့ရဲ့ ၈ နှစ်အရွယ်သမီး မဒီနာ အမြင့်တခုကနေ ပြုတ်ကျပြီး ဆုံးတယ်တဲ့။ သမီးရဲ့ စျာပနအတွက် သူတို့ ရွာပြန်ကြပါတယ်။ အဖွားဖြစ်တဲ့သူကို သူတို့ အပြစ်မတင်ပါဘူး။ ဒါပေမဲ့ သူတို့သာ အနားမှာရှိခဲ့ရင်တော့ သူ့သမီးကို ဆေးရုံကို မြန်မြန်ပို့နိုင်ခဲ့မှာပါ။ ဒါပေမဲ့ ကံကြမ္မာဆိုတာ ဒီလိုပါပဲ လို့ သူတို့ အဖြေထုတ်ရပါတယ်။

အမေဖြစ်သူ နာဆူလူ တယောက် သမီးအတွက် ဖြေမဆည်နိုင်သေးပေမယ့် စျာပနပြီးလို့ ရက်အနည်းငယ်အတွင်းပဲ သူတို့ မော်စကို ကို ပြန်လာခဲ့ကြပါတယ်။

တကယ်မှာ သူတို့ရွေးစရာလမ်း ဘာမှမရှိတာလည်း သူတို့သိပါတယ်။

Illustration: men visiting a graveyard

မိဘတွေနဲ့ ဝေးနေတဲ့ မဒီနာရဲ့ အဖြစ်က မနှစ်က တနိုင်ငံလုံးကိုရိုက်ခတ်သွားစေတဲ့ ဇာတ်လမ်းတွေထဲက တခုသာပါ။ မနှစ်ထဲမှာပဲ နိုင်ငံမြောက်ပိုင်းက နှစ်နှစ်သား အရွယ်ကလေးကို အိပ်ရာထဲ သေးပေါက်လို့ ဆိုပြီး သူ့ကို စောင့်ရှောက်ပေးထားတယ်ဆိုတဲ့ သူ့အဒေါ်က ရိုက်နှက်လို့ သေခဲ့တယ်၊ နိုင်ငံအလယ်ပိုင်းက လေးနှစ်အရွယ် ကလေးမလေး အဓမ္မအကျင့်ခံရပြီး အသတ်ခံရတယ်။ သူနဲ့အတူ ၇ နှစ်အရွယ် သူ့အကိုနဲ့ သူတို့ရဲ့ အဖွားပါ တပြိုင်နက် အသတ်ခံခဲ့ရတာပါ။ ဒီလိုဖြစ်နေတာတွေက ရွှေ့ပြောင်းအလုပ်သမား မိသားစုတွေမှာပဲတော့ မဟုတ်ပါဘူး၊ မိသားစုတိုင်း ကြုံနိုင်ရပါတယ်။ ဒါပေမဲ့ မိဘရဲ့စောင့်ရှောက်မှုအောက်မှာ မရှိတဲ့ ကလေးတွေက ဒီလိုဘေးတွေအတွက် ပိုအကာအကွယ်မဲ့ နေတာလို့ ပညာရှင်တွေက ထောက်ပြပါတယ်။

လူမှုဗေဒ ပညာရှင်တယောက်ဖြစ်တဲ့ ဂေါ်နာလာ အစ်ဗရေဗာက "ရွှေ့ပြောင်းအလုပ်သမားတွေကို လက်ခံတဲ့နိုင်ငံက အလုပ်သမားတွေရဲ့ သားသမီးတွေကို လက်မခံဘူးလေ၊ ဒီတော့အများအားဖြင့် မိဘနဲ့ ကလေးတွေ တကွဲတပြား နေရတဲ့ ဘဝကိုကြုံကြရတာပဲ"လို့ဆိုပါတယ်။

"အမေရိကန် အိပ်မက်"

Illustration: a family walking while holding hands

ဇက်ဂူလ် မက်ဒါဂါဇီမိုဗာ တယောက် အခု အသက် ၂၉ နှစ်ရှိပါပြီ၊ သူ ၁၃ နှစ်သမီးအရွယ်ကတည်းက သူ့အမေက သူ့ကိုထားပြီး ရုရှားမှာ သွားအလုပ်လုပ်တာပါ။ ကာဂစ်စတန်ကနေ နိုင်ငံပြင်ပမှာထွက်ပြီး အလုပ်လုပ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ၄၅% က အမျိုးသမီးတွေပါ။ နိုင်ငံတကာ ရွှေ့ပြောင်းမှုအဖွဲ့ (IOM) က အမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားတွေက ပိုပြီး ထိခိုက်တာ ခံရတယ်လို့ဆိုပါတယ်။ သူတို့မိသားစုအတွင်းမှာလည်း အမျိုးသမီးတွေက ပိုခံရပါတယ်။ အိမ်မှာကျန်ခဲ့တဲ့ ဇက်ဂူလ် ဆိုရင် အိမ်အလုပ်တွေ သူပဲလုပ်ရပါတယ်။

ဇက်ဂူလ်ရဲ့ အမေ နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး နောက် သုံးနှစ်အကြာမှာတော့ သူ့အဖေလည်း လိုက်သွားပါတယ်။ ဆယ်နှစ်လောက်ကြာအောင် သူတို့ပြန်မလာကြပါဘူး။ သူ့မိဘတွေ ရှာတဲ့ငွေက သူတို့အကြွေးတွေ အားလုံးကို ပြန်ပေးနိုင်တယ်၊ သူတို့အိမ်ကိုလည်း ဆောက်နိုင်တယ်၊ ကလေးတွအတွက် ပညာရေးကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။ မိသားစုအတူ မနေရတာပဲ ရှိတာပါ။ သူ့မိဘတွေကို ဇက်ဂူလ်က အပြစ်မတင်ပါဘူး။ ဒီလမ်းကို ရွေးဖို့အပြင် ဘာမှမရှိဘူးလို့ သူနားလည်ထားပါတယ်။ သူက"ရွှေ့ပြောင်းအလုပ်သမားတွေတိုင်းမှာ အိမ်ဝယ်မယ်၊ ကားဝယ်မယ်၊ လက်ထပ်ပွဲ အကြီးအကျယ်လုပ်မယ်၊ ကလေးယူမယ်၊ ကလေးတွေကို ကျောင်းကောင်းကောင်းကို ပို့မယ် ဆိုတဲ့ 'အမေရိကန်အိပ်မယ်' ဆိုတာရှိတယ်၊ အများအားဖြင့်တော့ အိပ်မက်အတိုင်းဖြစ်လာပါတယ်" လို့ဆိုပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေ ပြန်ပို့တဲ့ငွေ အများဆုံးရနေတဲ့ နိုင်ငံများ
Image caption ရွှေ့ပြောင်းအလုပ်သမားတွေ ပြန်ပို့တဲ့ငွေ အများဆုံးရနေတဲ့ နိုင်ငံများ
အလုပ်သမားတွေ ပြန်ပို့ငွေနဲ့ တိုင်းပြည် ဂျီဒီပီ အချိုးအစား
Image caption အလုပ်သမားတွေ ပြန်ပို့ငွေနဲ့ တိုင်းပြည် ဂျီဒီပီ အချိုးအစား

Magerram Zeynalov ရဲ့ ပုံများ