ဖူးခက် ပင်လယ်ပြင်မှာ ရေပေါ်အိမ် ဆောက်တဲ့ အမေရိကန် နိုင်ငံသား နဲ့ သူ့ချစ်သူ စုံတွဲကို ထိုင်း တာဝန်ရှိသူတွေ ရှာဖွေနေ

အမေရိကန် နိုင်ငံသား နဲ့ သူ့ချစ်သူ ဆောက်ထားတဲ့ ရေပေါ်အိမ် ဓာတ်ပုံ မူပိုင် Thai Navy/EPA
Image caption ထိုင်းရေပိုင်နက် ထဲမှာ ဆောက်ထား တာ မဟုတ်ဘူးလို့ သူတို့က ငြင်းဆိုထား

ထိုင်းနိုင်ငံ ရဲ့ ရေပိုင်နက် ပင်လယ်ပြင်မှာ ရေပေါ်အိမ် တည်ဆောက်ခဲ့သူ အမေရိကန် နိုင်ငံသား တစ်ဦး သူ့ရဲ့ ချစ်သူ မိန်းကလေး ကို ထိုင်း တာဝန် ရှိသူတွေက အပူတပြင်း လိုက်လံ ရှာဖွေ နေပါတယ်။

ချက် အယ်လ်ဝါတိုးစကီး နဲ့ သူ့ချစ်သူ မိန်းကလေး ဆုပနီး သက်ဒပ် တို့ ဟာ နိုင်ငံရဲ့ အချုပ် အခြာအာဏာ ကို ချိုးဖောက် ခဲ့တယ်လို့ ထိုင်း ရေတပ် က ပြောပါတယ်။ သူတို့ဟာ ဖူးခက် ကျွန်း နဲ့ ၁၂ မိုင် အကွာအဝေးမှာ ထိပ်ဖျား ၆၅ ပေ အမြင့် ရှိတဲ့ ရေပေါ် အိမ် ကို တည်ဆောက် ခဲ့တာလည်း ဖြစ်ပါတယ်။

သူတို့ ဟာ ရေပေါ်အိမ် တည်ဆောက် ခဲ့မှုကြောင့် သေဒဏ် ပြစ်ဒဏ် ချမှတ် ခံရနိုင်ပြီး၊ လောလောဆယ်မှာတော့ ထွက်ပြေး ပုန်းရှောင် နေကြပါတယ်။

မစ္စတာ အယ်လ်ဝါတိုးစကီးကတော့ ကမ်းခြေ နဲ့ ၁၃ မိုင် အကွာမှာ တည် ဆောက် တာ ဖြစ်တဲ့ အတွက် ထိုင်း ရေ ပိုင်နက် နဲ့ မသက်ဆိုင်ဘဲ တရား စီရင်ခွင့် မရှိဘူး လို့လည်း ဆိုပါတယ်။

ဖူးခက် ကျွန်းနားမှာ ကွန်ကရစ် တိုင်ကီ နဲ့ ဆောက်ထား တဲ့ ရေ ပေါ် အိမ် ကို ထိုင်း ရေတပ် က ရှာဖွေ တွေ့ ရှိခဲ့ပြီး၊ အထဲမှာ လူတော့ မတွေ့ခဲ့ဘူးလို့ ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့် ရှိသူ နီကွန် ဆုန်ဆက် က ပြောပါတယ်။

ထိုင်း ရေတပ် အနေနဲ့ ဒေသ ဆိုင်ရာ တာဝန် ရှိသူတွေကို တွေ့ဆုံ ပြီး ဘာ တွေ ဆက်လက် လုပ်ဆောင် သင့်တယ် ဆိုတာ ကို ဆွေးနွေး မယ်လို့လည်း ဆိုပါတယ်။

အမေရိကန် နိုင်ငံသား ချက်ဒ် အယ်လ်ဝါတိုးစကီး နဲ့ သူ့ ချစ်သူ မိန်းကလေး တို့ဟာ ရေပေါ်အိမ် တည်ဆောက်တဲ့ ကိစ္စမှာ ခွင့်ပြုချက် တောင်းခံခြင်းလည်း မရှိဘူး လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

သူတို့နှစ်ယောက် ဟာ ထိုင်း အချုပ်အခြာ အာဏာ ကို ထိခိုက် တယ် ဆိုတဲ့ စွပ်စွဲချက် နဲ့ ဖမ်းဆီး စစ်ဆေး ခံရနိုင်ပြီး ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် တစ်သက် ဒါမှမဟုတ် သေဒဏ် ပြစ်ဒဏ် ကျခံ ရနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Thai Navy/EPA
Image caption သူတို့ဟာ အိမ် တည်ဆောက်ဖို့ အတွက် ခွင့်ပြုချက် မယူခဲ့ဘူးလို့ ထိုင်း တာဝန်ရှိသူတွေပြော

သူတို့ နှစ်ယောက် ရဲ့ အလုပ်အကိုင်

မစ္စတာ အယ်လ်ဝါတိုးစကီး ဟာ အရင်က အမေရိကန် စစ်တပ်မှာ ဆော့ဖ်ဝ်လ် အင်ဂျီနီယာ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သူပါ။ လက်ရှိ အချိန်မှာတော့ အင်တာနက် ငွေကြေး ကုမ္ပဏီ ဖြစ်တဲ့ Bitcoin မှာ အလုပ်လုပ် နေပါတယ်။

သူတို့ နှစ်ယောက် စလုံး က ပင်လယ်ပြင် လှုပ်ရှား သွားလာမှု ဆိုပြီးတော့ နိုင်ငံတကာ ရေပိုင် နက် ထဲမှာ အိမ်ဆောက် လုပ်တဲ့ လုပ်ငန်း ကို လုပ်ကိုင် ကြသူတွေ လည်း ဖြစ်ပါတယ်။

နိုင်ငံတကာ ရေပိုင်နက် ထဲမှာ နေထိုင် တဲ့ အိမ်တွေ ဆောက်လုပ် နေထိုင် တဲ့ အတွက် တရားစီရင်ပိုင်ခွင့် မရှိဘူး ဆိုပြီး တော့လည်း သူတို့ က ပြောဆို ကြပါတယ်။

ပြီးတော့ နှစ်ယောက် စလုံး က သမုဒ္ဒရာ မှာ အိမ်တွေ တည်ဆောက်ပြီး လွတ်လွတ်လပ်လပ် နေသူများ အဖွဲ့မှာ ပါဝင်ပြီး စွန့်ဦး တည်ထွင် သူများ အဖြစ် ပြောဆို ကြပါတယ်။

သူတို့တွေဟာ လွတ်လပ်မှုကို ခုံမင် မြတ်နိုးသူတွေ ဖြစ်တယ် ဆိုပြီး တော့ လည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်း က အင်တာနက် စာမျက်နှာ တင်ထား တဲ့ ဗီဒီယို ထဲမှာ မစ္စတာ အယ်လ်ဝါတိုးစကီး က ပြောဆို ထားပါတယ်။

အခု ရေပေါ် အိမ်ကို တည်ဆောက် ထားတာ လပိုင်း လောက် ရှိနေပါပြီ။ ဒါပေမယ့် ဒီတပတ် ထဲမှာမှ ထိုင်းတာဝန် ရှိသူတွေက ရှာဖွေ တွေ့ ရှိခဲ့တာပါ။

အိုးရှင်း အိမ်ယာ ဆောက်သူများ အဖွဲ့ ရဲ့ အင်တာနက် စာမျက်နှာမှာတော့ မစ္စတာ အယ်လ်ဝါတိုးစကီး တို့ စုံတွဲဟာ အခု ရေပေါ်အိမ် ကို ဆောက်တာ မဟုတ်ဘဲ ငှားရမ်း နေထိုင် သူတွေသာ ဖြစ်တယ်လို့ ပြောထားပါတယ်။

လတ်တလော အချိန်မှာတော့ သူတို့ စုံတွဲ ဟာ စိတ်ချ လုံခြုံတဲ့ နေရာမှာ ပုန်းအောင်း နေတယ်လို့ မစ္စတာ အယ်လ်ဝါတိုးစကီး က အေအက်ဖ်ပီ သတင်း ဌာန ကို ပြောဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်း အမေရိကန် မသန်စွမ်း စကိတ်စီး မော်ဒယ်

ဆက်စပ် အကြောင်းအရာများ