အိန္ဒိယရွေးကောက်ပွဲမှာ ပါတီမှားပြီး မဲပေးမိလို့ လက်ညှိုးဖြတ်ပစ်

ပဎန်ကူးပါး ဓာတ်ပုံ မူပိုင် YOGESH KUMAR SINGH
Image caption ပါတီမှားပြီး မဲပေးမိတယ်လို့ မစ္စတာကူးမားက ဆိုတယ်

အိန္ဒိယ ရွေးကောက်ပွဲမှာ သူမကြိုက်တဲ့ လက်ရှိ အာဏာရ ဘီဂျေပီပါတီကို မဲမှားပေးမိလို့ ကိုယ့်လက်ညှိုးကိုယ်ဖြတ်တဲ့ ဗီဒီယို အင်တာနက် စာမျက်နှာတွေမှာ ပြန့်နှံ့နေပါတယ်။

ပဝန်ကူးမားက ဒေသတွင်းပါတီကို မဲပေးချင်တာဖြစ်ပေမဲ့ မဲပေးတဲ့စက်မှာ ပါတီတွေကို ကိုယ်စားပြုတဲ့ အရုပ်တွေများလို့ မှားပြီး မဲပေးခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ မှာက မဲပေးပြီးသွားရင် မဲပေးသူတိုင်းရဲ့ လက်ညှိုးတွေကို ဖျက်ဖို့မလွယ်တဲ့ မင်တို့ပေးလိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယမှာ ခုနစ်ပိုင်းခွဲပြီးလုပ်နေတဲ့ အထွေထွေရွေးကောက်ပွဲမှာ ဧပြီလ ၁၈ ရက်နေ့ ကြာသပတေးနေ့က လုပ်ခဲ့တဲ့ ဒုတိယပိုင်း မဲပေးတဲ့အခါမှာ သူက အူတာပရာဒက်ရှ်ပြည်နယ်မှာ မဲပေးခဲ့တာဖြစ်ပါတယ်။

"ကျွန်တော်က ဆင်ကို မဲပေးချင်တာ။ မှားပြီး ပန်းကို ထည့်လိုက်မိတာ" လို့ ကူးပါးက ဗီဒီယိုထဲမှာ ပြောထားပါတယ်။

မဲပေးတဲ့စက်တွေမှာ အမတ်လောင်းဘေးမှာပါတဲ့ ပါတီအမှတ်တံဆိပ်တွေကို သူမှားမဲပေးမိတဲ့အကြောင်းကို ပြောပြထားတာဖြစ်ပါတယ်။

ဘီဂျေပီပါတီရဲ့ တံဆိပ်က ကြာပန်းပုံဖြစ်ပြီး သူမဲပေးချင်တဲ့ ဘီအက်စ်ပီ ပါတီရဲ့ အရုပ်က ဆင်ရုပ်ဖြစ်ပါတယ်။ အဲဒီ ဘီအက်စ်ပီပါတီက ဒေသတွင်း အင်အားကြီးပါတီကြီးဖြစ်ပြီးတော့ ဒေသတွင်းက တခြားပါတီနှစ်ပါတီနဲ့ မဟာမိတ်ဖွဲ့ထားပြီး အာဏာရ မိုဒီအစိုးရရဲ့ အတိုက်အခံပါတီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

နေရာအတော်များများမှာ စာတတ်မြောက်မှုနှုန်း နည်းနေသေးတဲ့ အိန္ဒိယမှာ ပါတီတွေကို ခွဲခြားမှတ်သားဖို့ ပါတီအမှတ်တံဆိပ်တွေက သိပ်ကို အရေးကြီးပါတယ်။ မဲပေးသူတွေဟာ ပါတီတံဆိပ်တွေကို မကြာခဏ မှားတတ်ကြပါတယ်။

အခု မဲမှားပေးမိတယ်ဆိုတဲ့သူဟာ ဘီအက်စ်ပီပါတီရဲ့ အမာခံတစ်ယောက်ပါ။ သူထောက်ခံတဲ့ပါတီက သူတို့ပြည်နယ်မှာ သြဇာကြီးတဲ့ပါတီ ဖြစ်ပြီးတော့ လူကြိုက်များတဲ့ ဒေသခံ နိုင်ငံရေးသမားက ဦးဆောင်နေတာ ဖြစ်ပါတယ်။

မဲခုနစ်ပိုင်းစလုံးပေးပြီးရင်တော့ မဲတွေကို မေလ ၂၃ ရက်မှာ ရေတွက်မှာ ဖြစ်ပါတယ်။ အိန္ဒိယမှာ မဲပေးနိုင်သူ သန်း ၉၀၀ ရှိပြီး အိန္ဒိယ ရွေးကောက်ပွဲဟာ ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အိန္ဒိယ ရွေးကောက်ပွဲကြီး စတင်

ဆက်စပ် အကြောင်းအရာများ