ခြင်္သေ့မိခင်- မုဒိမ်းသမား တယောက်ကို သတ်ခဲ့သူ

Nokubonga Qampi

တောင်အာဖရိကနိုင်ငံက နိုကူဘွန်ဂါ ကမ့်ပီ ဆိုတဲ့အမျိုးသမီးဟာ သူ့သမီးကို မုဒိမ်းကျင့်တဲ့ လူ ၃ ယောက်အနက် ၁ ယောက်ကိုသတ်ပစ်လိုက်သလို ကျန်တဲ့ ၂ ယောက်ကို ဒဏ်ရာ အနာတရဖြစ်အောင် တိုက်ခိုက်ပြီးနောက်မှာ သူ့ကို ခြင်္သေ့မိခင်လို့ လူတွေက ခေါ်ကြပါတယ်။

သူ့ကို လူသတ်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဒါပေမယ့် အများပြည်သူက ကျယ်ကျယ်လောင်လောင် ဝိုင်းဝန်းကန့်ကွက်ကြတဲ့အတွက် တရားရုံးဟာ အမှုစစ်ဆေးဆဲမှာပဲ ရပ်ပေးလိုက်ရပါတယ်။ သူဟာ အချုပ်ကလွတ်လာပြီး သူ့သမီးကျန်းမာလာအောင် ဂရုစိုက်ပြုစုပေးနိုင်ခဲ့ပါတယ်။

ညတည ညဉ့်နက်သန်းခေါင်အချိန်မှာ တယ်လီဖုန်းခေါ်သံမြည်လာပြီး နိုကူဘွန်ဂါ ကမ့်ပီ လန့်နိုးသွားပါတယ်။

မိန်းကလေးတယောက်က ကိုက် ၅၀၀ ကျော်ဝေးတဲ့ တနေရာကနေ သူ့ကို ဖုန်းခေါ်နေတာပါ။ နိုကူဘွန်ဂါ ကမ့်ပီရဲ့ သမီး ဆီဖိုခါဇီကို သူတို့လူချင်းသိတဲ့ လူ ၃ ယောက်က မုဒိမ်းကျင့်နေတယ်လို့ ဖုန်းဆက်ပြီး ပြောတာဖြစ်ပါတယ်။ နိုကူဘွန်ဂါ ကမ့်ပီ ဟာချက်ချင်းပဲ ရဲကိုဖုန်းဆက်ပါတယ်။ ဒါပေမယ့် ဖုန်းကိုင်မယ့်သူမရှိပါဘူး။ ဖုန်းကိုင်မယ့်သူရှိလို့ ရဲတွေလာမယ်ဆိုရင်တောင် သူတို့ရွာကို ရောက်ဖို့ဟာ တော်တော်ကြာဦးမယ်ဆိုတာလည်း သူသိနေပါတယ်။ ဒီတော့ သူ့သမီးကို ကယ်နိုင်မယ့်သူဆိုလို့ သူတယောက်ပဲရှိပါတော့တယ်။

"ကျွန်မကြောက်သွားတယ်။ ဒါပေမယ့် အခြေအနေက ကျွန်မကို မဖြစ်မနေသွားဖို့ တွန်းအားပေးနေပါတယ်။ ဒုက္ခရောက်နေတာက ကျွန်မသမီးကိုး" လို့သူကပြန်ပြောပြပါတယ်။

"ကျွန်မဟိုရောက်ချိန်မှာ ကျွန်မသမီး သေနေမလားလို့ တွေးမိပါတယ်။ ဘာလို့လဲဆိုတော့ မုဒိမ်းကျင့်တဲ့ ကောင်တွေကို ကျွန်မသမီးက လူချင်းသိနေတယ်။ အဲသလို ကျွန်မသမီးက သူတို့ကိုသိမှန်း သူတို့ကလည်း သိတယ်။ ဒီတော့ ပြန်မတိုင်နိုင်အောင် လက်စဖျောက်ပစ်မှပဲလို့ သူတို့ကတွေးချင်တွေးကြမှာပေါ့"

သူ့သမီးဆီဖိုခါဇီဟာ သူငယ်ချင်းဆီ အလည်သွားတာပါ။ တရွာတည်းမှာပဲ ရှိတဲ့ လေးအိမ်တန်း အုပ်စုလေးဆီသွားလည်တာပါ။ ည ၁ နာရီခွဲလောက်မှာ ကျန်တဲ့သူငယ်ချင်းတွေ အပြင်သွားနေချိန်မှာ ဆီဖိုခါဇီဟာ အိမ်ထဲမှာ တယောက်တည်း အိပ်ပျော်ကျန်ရစ်ပါတယ်။ အဲဒီအချိန်မှာပဲ တခြားအိမ်တလုံးထဲမှာ အရက်သောက်နေတဲ့ ယောက်ျား ၃ ယောက်က သူ့ကို မုဒိမ်းကျင့်ဖို့ တိုက်ခိုက်လာကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ခြံထဲကို ဖြတ်လျှောက်လာတဲ့ နိုကူဘွန်ဂါ ကမ့်ပီ

နိုကူဘွန်ဂါ ကမ့်ပီရဲ့ အိမ်မှာ အခန်း ၂ ခန်းပဲ ရှိပါတယ်။ တခန်းက အိပ်ခန်း၊ နောက်တခန်းက မီးဖိုခန်းပါ။ သူဟာ မီးဖိုခန်းထဲက ထမင်းဟင်းချက်ရာမှာသုံးတဲ့ ဓားတချောင်းကို ကောက်ယူလာခဲ့ပါတယ်။

"ကျွန်မအိမ်နဲ့ အခင်းဖြစ်တဲ့နေရာက လမ်းလျှောက်ရတာနည်းနည်းလှမ်းပါတယ်။ အန္တရာယ်မကင်းပါဘူး။ အဲဒါကြောင့် ဓားကိုယူလာတာပါ။ ညကလည်း မှောင်လွန်းတော့ တယ်လီဖုန်းဓာတ်မီးကို သုံးပြီးလာခဲ့ပါတယ်။"

သူ့သမီးရှိတဲ့အိမ်နားရောက်တော့ အော်သံကြားရပါတယ်။ အိပ်ခန်းထဲသူဝင်သွားတော့ သူ့သမီးကို မုဒိမ်းကျင့်နေတဲ့ အင်မတန်စက်ဆုပ်ဖွယ်ရာ မြင်ကွင်းကို တွေ့လိုက်ရပါတယ်။

"ကျွန်မလည်း ကြောက်သွားတယ်။ တံခါးဝမှာရပ်ပြီး မင်းတို့ဘာလုပ်ကြတာတုန်းလို့လည်း ကျွန်မက အော်လိုက်ရော သူတို့ဟာ ကျွန်မမှန်းသိသွားပြီး တိုက်ခိုက်ကြတော့တာပါပဲ။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှ ဖြစ်တော့မယ်လို့ တွေးမိပြီး အလိုလို တုန့်ပြန်လိုက်မိတာပါပဲ" လို့ နိုကူဘွန်ဂါ ကမ့်ပီကပြောပါတယ်။

ဖြစ်စဉ်တဆင့်ချင်း အသေးစိတ်ကိုတော့ ပြန်မပြောချင်ဘူးလို့ နိုကူဘွန်ဂါ ကမ့်ပီကဆိုပါတယ်။

နိုကူဘွန်ဂါ ကမ့်ပီရဲ့ အမှုကို စစ်တဲ့ တရားသူကြီးကပြန်ပြောတာက သူ့သမီးကို တယောက်က အဓမ္မပြုကျင့်နေပြီး ကျန်တဲ့ ၂ ယောက်က သူတို့အလှည့်ကို စောင့်နေတာတွေ့ရတဲ့အခါ နိုကူဘွန်ဂါ ကမ့်ပီဟာ သိပ်စိတ်ထိခိုက်သွားတယ်လို့ ပြောပါတယ်။ "သူပြောပြတာကို ကျွန်တော်သဘောပေါက်တာကတော့ သူ့တကိုယ်လုံးဒေါသဖုံးပြီး မွှန်ထူသွားပုံရပါတယ်" လို့ တရားသူကြီးက ပြန်ပြောပြပါတယ်။ ဒါပေမယ့် နိုကူဘွန်ဂါ ကမ့်ပီက ဖြစ်စဉ်ကိုနောက်ကြောင်းပြန်ပြောပြရာမှာတော့ အဲဒီတုန်းက သူကြောက်နေခဲ့တယ်လို့ ပြန်ပြောပါတယ်။

သူ့ကို တိုက်ခိုက်လာတော့ သူဟာ ဓားနဲ့ပြန်ခုခံပါတယ်။ သူက ဓားနဲ့ထိုးတော့ ထွက်ပြေးကြပါတယ်။ တယောက်ဆိုရင် ပြတင်းပေါက်ကနေ ခုန်ချသွားပါတယ်။ သုံးယောက်မှာ နှစ်ယောက်က ဒဏ်ရာ အပြင်းအထန်ရပါတယ်။ တယောက်သေဆုံးသွားပါတယ်။

သူတို့ဘယ်လိုဖြစ်သွားသလဲဆိုတာ နိုကူဘွန်ဂါ ကမ့်ပီ စောင့်မကြည့်ပါဘူး။ သူ့သမီးကို ခေါ်ပြီး အနားက သူငယ်ချင်းတယောက်အိမ် ထွက်ပြေးခဲ့ပါတယ်။

ရဲတွေ ရောက်လာတော့ နိုကူဘွန်ဂါ ကမ့်ပီကို ဖမ်းပြီး ရဲစခန်းမှာ ချုပ်ထားပါတယ်။

သမီးဆီဖိုခါဇီကို ဆေးရုံတင်လိုက်ရပြီး သူကသူ့အမေကို စိတ်ပူနေခဲ့ရပါတယ်။ သူ့အမေတော့ ထောင်နှစ်ရှည်ကျတော့မှာပဲဆိုပြီး အပူကြီးပူဆွေးခဲ့ပါတယ်။

"သူ့ကိုယ်စားကျွန်မကိုပဲ ထောင်နှစ်ရှည်ချလိုက်ပါတော့"လို့ ကျွန်မစိတ်ထဲဖြစ်မိပါတယ် လို့ဆီဖိုခါဇီက ပြောပါတယ်။

Image caption ဆီဖိုခါဇီနဲ့ နိုကူဘွန်ဂါ။ တိုက်ခိုက်မှု ဖြစ်ပြီး ၁၆ လအကြာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ။

ဆီဖိုခါဇီဟာ အကြောက်လွန်နေတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လုံးလုံး မမှတ်မိသလောက် နီးပါးပါပဲ။ ဆေးရုံမှာ နှစ်ရက်လောက်ကြာပြီးနောက် သူ့အမေ အာမခံနဲ့ လွတ်လာပြီး ပြန်ပြောပြတော့မှသာ သူ့အမေပြောသလောက်ပဲ သူမှတ်မိပါတော့တယ်။

သူတို့သားအမိနှစ်ယောက်ဟာ တယောက်ကို တယောက်အားပေးခဲ့ကြပါတယ်။ "ကျွန်မကို နှစ်သိမ့်ဆွေးနွေးပညာပေးတဲ့သူ မရှိခဲ့ပါဘူး။ ကျွန်မအမေရဲ့ အားပေးမှုနဲ့ပဲ ပြန်ပြီး နာလန်ထူလာခဲ့တာပါ" လို့ ဆီဖိုခါဇီကပြောပါတယ်။

နိုကူဘွန်ဂါကတော့ သူတို့ဘဝကို အရင်ကလို ပြန်ဖြစ်အောင်ကြိုစားပါတယ်။

"ကျွန်မကလည်း အရင်လိုပဲ သူ့အမေဖြစ်ပြီး သူကလည်း အရင်လိုပဲ ကျွန်မသမီးပဲလေ" လို့နိုကူဘွန်ဂါကပြောပါတယ်။ သူတို့နှစ်ယောက်ဟာ ရယ်ရယ်မောမောပြောဆိုကြပြီး ဆက်ဆံရေးက အရင်ကထက် ရင်းနှီးနွေးထွေးလာပါတယ်။ နိုကူဘွန်ဂါကို စောင့်ရှောက်မယ့်သူ မရှိမှာစိုးလို့ ဆီဖိုခါဇီ ယောက်ျားမယူတော့ဘူးဆိုပြီး နောက်နေကြပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားပြီး ၁၈ လအကြာကာလဟာ သူတို့အတွက်တော့ ခရီးရှည်ကြီး တခုကို ဖြတ်သန်းရသလိုပါပဲ။

"တိုက်ခိုက်မှု ဖြစ်အပြီး တပတ်အကြာမှာ သူတို့ကို စတွေ့တော့ နှစ်ယောက်စလုံးဟာ ဖြစ်သမျှအကြောင်း အကောင်းပဲဆိုပြီး လက်လျှော့ထားကြတဲ့ ပုံစံမျိုးရှင့်" လို့နိုကူဘွန်ဂါရဲ့ ရှေ့နေ ဘူလဲတွန်နိစ် ကပြောပါတယ်။

"အမေဖြစ်တဲ့သူဟာ သောကပင်လယ်ဝေနေပါတယ်။ အမေက ထောင်ကျတော့မယ်။ သမီးက ကူသူကယ်သူမဲ့ဖြစ်တော့မယ်ဆိုပြီးတော့လေ။ တရားရေးစနစ်ဆိုတာကလည်း ပိုက်ဆံရှိတဲ့သူအတွက်ပဲလို့ သူတို့ကတွေးတာလေ" လို့ရှေ့နေက ပြန်ပြောပါတယ်။

ရှေ့နေက နိုကူဘွန်ဂါကို မေးမြန်းနေချိန်မှာ ဆီဖိုခါဇီဟာ ဘေးကငြိမ်နားထောင်နေပါတယ်။ တိုက်ခိုက်မှုကြောင့် စကားမပြောတတ်တော့ သလိုပါပဲ။ ရှေ့နေဘူလဲတွန်နိစ်ကတော့ နိုကူဘွန်ဂါဟာ သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ အတွက် တိုက်ခိုက်ခဲ့ရတာဖြစ်ကြောင်း ကောင်းကောင်း သက်သေပြနိုင်တယ်လို့ ယုံကြည်ပါတယ်။ တခုပဲသူစိုးရိမ်တာက သူ့အမှုသည်က အဆိုးမြင်နေတာကို ကျော်လွှားနိုင်ဖို့ ကြိုးစားလို့မှ ရပါ့မလားဆိုတာကိုပါ။ သူတို့ကြိုမမြင်နိုင်ခဲ့တာ ကတော့ မီဒီယာတွေရဲ့ အထောက်အပံ့အကူအညီနဲ့ ပတ်သက်တဲ့ အချက်ကိုပါ။ မီဒီယာတွေက နိုကူဘွန်ဂါကို ခြင်္သေ့မိခင်လို့ ခေါ်ဝေါ်သုံးစွဲလိုက်တဲ့အခါ လူတွေရဲ့စာနာမှုကို အများအပြားရလာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လေဒီဖရဲရွာမှာ အစဉ်အလာ ဓလေ့နဲ့ အညီ ဇိုရှာမျိုးနွယ် လူငယ်ရဲ့ လူလားမြောက်ကြောင်း အခမ်းအနားမကျင်းပမီ လူငယ်တယောက်တဲထဲမှာ အနားယူနေစဉ်။ ၂၀၀၀ ခုနှစ်။

သာမန်အားဖြင့် တောင်အာဖရိကမှာ မုဒိမ်းမှု အကြောင်းကို မီဒီယာတွေက အနည်းအကျဉ်းလောက်သာ ဖော်ပြကြပါတယ်။ တနိုင်ငံလုံးမှာ မုဒိမ်းမှုတွေက အမြောက်အမြားဖြစ်နေတာပါ။ ပျမ်းမျှ တရက်ကို အမှုပေါင်း ၁၁၀ လောက်ဖြစ်ပါတယ်။ နိုင်ငံလုံးဆိုင်ရာ အခက်အခဲကြီးဖြစ်နေပြီလို့တောင် သမ္မတ စီရဲလ် ရမ်မာဖိုးဆာက ထုတ်ဖော်ပြောယူရတဲ့အထိပါ။

အလုပ်လက်မဲ့ရာခိုင်နှုန်း ၄၅ ရာနှုန်းရှိပြီး ဆင်းရဲလှတဲ့ ကိပ်ပြည်နယ်အရှေ့ပိုင်းမှာ မုဒိမ်းမှု အရေအတွက်က များလှပါတယ်။ နိုကူဘွန်ဂါတို့နေတဲ့ လေဒီဖရဲရွာမှာ ၂၀၁၇-၂၀၁၈ တနှစ်တည်းမှာ မုဒိမ်းမှု ၇၄ မှု ဖြစ်ခဲ့ပါတယ်။ လူ ၅၀၀၀ ရှိတဲ့ရွာမှာ မုဒိမ်းမှု ၇၄ မှုဆိုတာ အံ့သြလောက်အောင်ကို များလှပါတယ်။

မုဒိမ်းမှုများလွန်းလို့ သတင်းထူးဖြစ်မလာတတ်တဲ့ တောင်အာဖရိကမှာ နိုကူဘွန်ဂါတို့ အမှုကတော့ ထူးထူးခြားခြား ထိပ်တန်းသတင်းဖြစ်လာပါတယ်။ သမီးကိုကာကွယ်ဖို့ အတွက် စွန့်စားခဲ့တဲ့ အမေတယောက်ရဲ့ သတင်းဟာ မမျှော်လင့်ဘဲ စိတ်ဝင်စားစရာ ထိပ်တန်းသတင်းဖြစ်လာပါတယ်။ မုဒိမ်းမှုမှာ တရားခံရဲ့ အမည်ကို အကာအကွယ် ပေးရမယ်ဆိုတဲ့ ဥပဒေကြောင့် သတင်းစာတွေဟာ နိုကူဘွန်ဂါ အကြောင်းရေးတဲ့အခါ သူ့ကို ခြင်္သေ့မိခင်လို့ပဲ သုံးကြပါတယ်။ သတင်းဓာတ်ပုံအဖြစ်နဲ့ ခြင်္သေ့ငယ်လေးနဲ့ ခြင်္သေ့မကြီးပုံကို အသုံးပြုကြပါတယ်။ ခြင်္သေ့မိခင်ဆိုတဲ့ နာမည်ဟာ ကျော်ကြားသွားပါတယ်။

"အစကတော့ သူတို့က အဲသလိုနာမည်ပေးတာကို မကြိုက်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဘာလို့ အဲသလိုခေါ်သလဲဆိုတာ ကျွန်မနားမလည်လို့ပါ"လို့ နိုကူဘွန်ဂါက ဆိုပါတယ်။ "ဒါပေမယ့် နောက်တော့ ခြင်္သေ့ငယ်ကို ကာကွယ်တဲ့ ခြင်္သေ့မကြီး အဖြစ်နဲ့ သူတို့က ကျွန်မကို ဟီးရိုးလိုသဘောထားပြီး ခေါ်တာပဲဆိုတာ သိလာပါတယ်" လို့ နိုကူဘွန်ဂါကပြောပါတယ်။

နိုကူဘွန်ဂါကို လူသတ်မှုနဲ့ တရားစွဲဆိုဖို့ တရားရုံးက လက်ခံဆုံးဖြတ်ခဲ့တာကို လူတွေက ဝေဖန်ကန့်ကွက်ကြပါတယ်။ နိုကူဘွန်ဂါ အတွက် တရားစရိတ်ကိုလည်း အလှူငွေကောက်ပြီး ထောက်ပံ့ကြပါတယ်။

ဒါပေမယ့် သူ့အပေါ် လူထုထောက်ခံမှုဟာ သူ့ကို ရုံးထုတ်တဲ့ရက်မရောက်ခင်က သိပ်မထင်ရှားလှသေးပါဘူး။

သူ့ကို ရုံးထုတ်တဲ့နေမှာတော့ "တရားရုံးကိုသွားရမှာ ကျွန်မသိပ်ကြောက်တာပဲ။ မနက်အိပ်ရာကနိုးကတည်းက ဘုရားရှိခိုးဆုတောင်းနေခဲ့မိပါတယ်"လို့ နိုကူဘွန်ဂါက ပြောပါတယ်။

တရားရုံးရောက်တော့ တရုံးလုံးမှာ သူ့အတွက် ဆုတောင်းပေးမယ့်သူတွေနဲ့ ပြည့်နေတာ တွေ့လိုက်ရပါတယ်။

"တောင်အာဖရိက အနှံ့အပြားကလူတွေ အဲဒီမှာ ပြည့်နှက်နေတာတွေ့လိုက်ရပါတယ်။ သူတို့ကို ကျေးဇူးပါလို့ပဲ ပြောနိုင်ပါတယ်။ သူတို့ဟာ ကျွန်မကို ထောက်ခံခဲ့ကြပါတယ်။ ကျွန်မကို မျှော်လင့်ချက်ပေးခဲ့ပါတယ်"

တရားသူကြီးက သူ့ကို အမြန်ခေါ်ပြီး အမှုပလပ်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

"ကျွန်မဝမ်းသာလိုက်တာ။ တရားဥပဒေဆိုတာ အမှားနဲ့ အမှန်ကို ခွဲခြားတတ်ပါလားလို့ ကျွန်မသဘောပေါက်သွားပါတယ်။ ကျွန်မဟာ လူတယောက်ကို သေစေချင်တဲ့ ဆန္ဒနဲ့ လုပ်ခဲ့တာ မဟုတ်ဘူး"လို့ သူတို့က ပြောပါတယ်။

"လူသတ်မှုကို ပလပ်ပြီးတော့ နိုကူဘွန်ဂါက သူ့သမီးကို လှမ်းခေါ်တယ်။ သူ့သမီး ဆီဖိုခါဇီရယ်တာကို အဲဒီတော့မှ ကျွန်မပထမဆုံးမြင်ဖူးပါတော့တယ်။ အဲဒီနောက် ဆီဖိုခါဇီက သူ့ကို အဓမ္မပြုတဲ့သူတွေကိုလည်း ထောင်ကျစေချင်တယ်"လို့ ပြောကြောင်း ရှေ့နေ ဘူလဲတွန်နိစ်ကပြောပါတယ်။

အဲသလို ဖြစ်လာဖို့တော့ နောက်ထပ် တနှစ်လောက်စောင့်လိုက်ရပါတယ်။ မသေဘဲ ကျန်ရစ်ခဲ့တဲ့ အသက် ၃၀ နဲ့ အသက် ၂၅ နှစ်ရှိတဲ့ မုဒိမ်းသမား နှစ်ယောက်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလထဲမှာ ထောင်ဒဏ်နှစ် ၃၀ စီ အပြစ်ပေးခံလိုက်ကြရပါတယ်။

သူတို့ထောင်ကျသွားတာ ကျေနပ်ပါတယ်လို့ အခုအခါ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ဆီဖိုခါဇီက ပြောပါတယ်။ "သူတို့ထောင်ကျသွားတော့ ကျွန်မအတွက် အန္တရာယ် ကင်းသွားတယ်လို့ စိတ်ထဲဖြစ်မိပါတယ်။ ဒါပေမယ့် ဒီလူတွေဟာ တကယ်တန်းက ထောင်ဒဏ်တသက်ကျသင့်တာလို့ ကျွန်မတွေးမိပါတယ်" လို့ ဆိုပါတယ်။

အမှုပိတ်ပြီးနောက်မှာတော့ ဆီဖိုခါဇီဟာ ဒီအမှုမှာ မုဒိမ်းအကျင့်ခံရတာဟာ သူပဲဆိုတာ ထုတ်ဖော်ကြေညာဖို့ ဆုံးဖြတ်လိုက်တယ်။

"ဒီလိုအတိုက်အခိုက်ခံရလို့ ဘဝပျက်မသွားဘူး။ အတိုက်အခိုက်ခံရပြီးနောက်မှာ ဘဝကို ဆက်လက်ရှင်သန်လို့ရသေးတယ်၊ လူတောသူတောထဲပြန်တိုးနိုင်တယ်" ဆိုတာကိုပြချင်လို့ပါလို့သူကဆိုပါတယ်။

ထောင်ဒဏ် နှစ် ၃၀ ခံလိုက်ရတဲ့သူတွေဟာလည်း ထောင်ကလွတ်လာရင် နောင်တရပြီး လူသစ်စိတ်သစ်ပြောင်းလဲလာနိုင်လိမ့်မယ်လို့ နိုကူဘွန်ဂါက မျှော်လင့်ပါတယ်။

သူတို့ဟာ ဒီအဖြစ်အပျက်ကနေ သင်ခန်းယူနိုင်ကြလိမ့်မယ်ထင်ပါတယ်လို့ ဆိုပါတယ်။