ယူကရိန်းရွေးကောက်ပွဲ- ဟာသသရုပ်ဆောင် ဇယ်လင်စကီ သမ္မတ ဖြစ်လာမယ်

ဓာတ်ပုံ မူပိုင် Ukraine TV
Image caption "ခင်ဗျားတို့ စိတ်ပျက် မသွားစေရဘူး" ရွေးကောက်ပွဲနိုင် ဗိုလိုဒီမီယာ ဇာလင်စကီ

ယူကရိန်း ဟာသ ပညာရှင် ဗိုလိုဒီမီယာ ဇယ်လင်စကီဟာ ယူကရိန်း သမ္မတ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရရှိ သွားပါတယ်။

လက်ရှိ သမ္မတနဲ့ နှစ်ယောက်တည်း ပြိုင်ရတဲ့ ရွေးကောက်ပွဲ ဒုတိယအဆင့်ရဲ့ မဲအားလုံး နီးပါး ရေတွက် ပြီးချိန်မှာ မစ္စတာ ဇယ်လင်စကီက မဲ ၇၃ ရာခိုင်နှုန်းကျော် ရရှိနေပါတယ်။

လက်ရှိ သမ္မတ ပက်ထရို ပိုရိုရှင်ကိုကတော့ ၂၄ ရာခိုင်နှုန်းနဲ့ ပြတ်ကျန် ခဲ့ပြီ ဖြစ်လို့ မစ္စတာ ဇယ်လင်စကီ ယူကရိန်း ရွေးကောက်ပွဲမှာ အပြတ်အသတ် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

"ခင်ဗျားတို့ စိတ်ပျက် မသွားစေရဘူး" ဆိုပြီး သူ့ကို အားပေး ထောက်ခံနေကြသူတွေကို မစ္စတာ ဇယ်လင်စကီက ပြောပါတယ်။

မစ္စတာ ဇယ်လင်စကီ အနေနဲ့ အခြေအနေတွေ အပေါ် မှန်မှန်ကန်ကန် ဆန်းစစ် သုံးသပ်ပြီး ဆုံးဖြတ်နိုင်စွမ်းရှိသူ၊ ရိုးသားဖြောင့်မတ်ပြီး လက်တွေ့ကျသူ ဖြစ်ကြောင်း ပြသဖို့ လိုတယ်လို့ ရုရှားက ဆိုပါတယ်။

ဒါမှပဲ ယူကရိန်း-ရုရှား နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်လာမှာ ဖြစ်တယ်ဆိုပြီး ရုရှား ဝန်ကြီးချုပ် ဒီမီထရီ မက်ဒ်ဗျေးဒက်ဗ်က ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသား ထားတာ ဖြစ်ပါတယ်။

ရုရှားအစိုးရဟာ ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေး သူပုန်တွေကို ကျောထောက်နောက်ခံ ပြုပေး နေပါတယ်။

ဟာသပညာရှင် ဇယ်လင်စကီ

ယူကရိန်း လက်ရှိ သမ္မတကတော့ မဲထည့်ပြီးတဲ့သူတွေကို ကောက်ခံကြည့်တဲ့ စစ်တမ်း ထွက်လာပြီးကတည်းက အခု ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ကြောင်း ဝန်ခံ ထားပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ယူကရိန်း နိုင်ငံရေးကို စွန့်ခွာသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မစ္စတာ ဇယ်လင်စကီဟာ ယူကရိန်းကို ရုရှားရန်က အကာအကွယ်ပြုပေးဖို့ရာ အတွေ့အကြုံ မရှိသူတစ်ဦး ဖြစ်တယ်လို့တော့ လက်ရှိ သမ္မတ ပိုရိုရှင်ကိုက ဝေဖန်ပါတယ်။

ဓာတ်ပုံ မူပိုင် Ukraine TV
Image caption နိုင်ငံရေးသရော်တဲ့ ဟာသသရုပ်ဆောင် အဖြစ်ကနေ လက်တွေ့ဘဝ သမ္မတဆီသို့

မစ္စတာ ဇယ်လင်စကီဟာ အသက် ၄၁ နှစ် အရွယ် လူလတ်ပိုင်း ဖြစ်ပြီး ယူကရိန်း နိုင်ငံရေးထဲ အခု ရွေးကောက်ပွဲကျမှ ဝင်ရောက်လာသူ ဖြစ်ပါတယ်။

သူဟာ "ပြည်သူ့ဝန်ထမ်း" ဆိုတဲ့ နိုင်ငံရေး သရော်တဲ့ ရုပ်သံ ဇာတ်လမ်းတွဲထဲက သရုပ်ဆောင် အဖြစ် ယူကရိန်း ပြည်သူတွေကြား အောင်မြင် ထင်ရှားသူ ဖြစ်ပါတယ်။

အဲဒီ ရုပ်သံ ဇာတ်လမ်းထဲမှာလည်း မစ္စတာ ဇယ်လင်စကီ သရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ်ဟာ ယူကရိန်း သမ္မတ ရာထူးကို အမှတ်မထင် ရရှိသူ ဖြစ်ပါတယ်။

အခုတော့ အပြင် လက်တွေ့ ဘဝမှာ အမှတ်မထင်၊ မတော်တဆ ဆိုတာမျိုး မဟုတ်ပဲ မစ္စတာ ဇယ်လင်စကီဟာ လက်ရှိ သမ္မတကို ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ယူတာ ဖြစ်ပါတယ်။

Image caption တိုက်ပွဲပြင်းထန်ခဲ့တဲ့ ယူကရိန်း အရှေ့ပိုင်း

ယူကရိန်း အရှေ့ခြမ်းအရေး ဘယ်လို သဘောထားလဲ

ယူကရိန်း အရှေ့ပိုင်းမှာ ရှိတဲ့ ခွဲထွက်ရေး လက်နက်ကိုင်တွေနဲ့ကြား ငြိမ်းချမ်းရေး စကားဝိုင်းတွေ ပေါ်ပေါက်လာဖို့ ပြန်လည် အသက်သွင်းမယ်ဆိုပြီး သတင်းထောက်တွေကို မစ္စတာ ဇယ်လင်စကီက ပြောပါတယ်။

"အပစ်အခတ် ရပ်စဲရေး အလုံးစုံ ပေါ်ထွန်းနိုင်ရေး အတွက် မင့်စ်ခ် (ဘေလာရွတ်စ် မြို့တော်ရဲ့ နာမည်) ငြိမ်းချမ်းရေး စကားဝိုင်းတွေ လမ်းကြောင်း အတိုင်း ဆက်လျှောက်မယ်" လို့ မစ္စတာ ဇယ်လင်စကီက ဆိုပါတယ်။

ယူကရိန်း အရှေ့ပိုင်း လက်ရှိ အခြေအနေကို ကြည့်ရင် အစိုးရတပ်တွေနဲ့ ရုရှား ကျောထောက်နောက်ခံပြု ခွဲထွက်ရေး လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ကြိုကြားကြိုကြား ဖြစ်ပေါ်နေပါတယ်။

ဒါ့အပြင် ၂ဝ၁၄ တုန်းက ရုရှားအစိုးရက ရုရှားပိုင်နက် အဖြစ် ဆွဲသွင်းခဲ့တဲ့ ခရိုင်းမီးယား ဒေသ ဝန်းကျင်မှာလည်း အခြေအနေဟာ တင်းမာနေပါတယ်။

ပြက်လုံးထုတ်ရမယ့်အချိန် မဟုတ်တော့ဘူး

ဂျိုနာဖစ်ရှာ ဘီဘီစီ သတင်းထောက်၊ ကိယက်ဗ်

ဧပြီ ၂၂၊ တနင်္လာမနက်မှာ ယူကရိန်း ပြည်သူတွေ နိုးထလာတဲ့ အခါ၊ ပြီးခဲ့တဲ့ လ အနည်းငယ်က စပြီး သူတို့ ရည်မှန်းထား မျှော်လင့်ထားခဲ့သမျှဟာ အိပ်မက်သက်သက် မဟုတ်ပဲ လက်တွေ့ ဖြစ်လာခဲ့ပြီဆိုတာ တွေ့လာကြရတယ်လို့ ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် ဂျိုနာဖစ်ရှာက ပြောပါတယ်။

ယူကရိန်း မဲဆန္ဒရှင်တွေဟာ လက်ရှိ ရုပ်သံ သရုပ်ဆောင် တစ်ယောက်ကို သမ္မတ အဖြစ် တကယ့်ကို ရွေးကောက် တင်မြှောက်လိုက်ကြတာ ဖြစ်လို့ အခုဆိုရင် မစ္စတာ ဇယ်လင်စကီ အပေါ်မှာ ဖိအား ကြီးကြီးမားမား ရှိလာနေပြီလို့ ဂျိုနာဖစ်ရှာက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အရှုံးကို ဝန်ခံရင်း နိုင်ငံရေးထဲက ထွက်မှာမဟုတ်ကြောင်း ပြောသူ လက်ရှိ သမ္မတ ပိုရိုရှင်ကို

အဲဒီဖိအားဆိုတာ မစ္စတာ ဇယ်လင်စကီ အနေနဲ့ သူဘယ်လမ်းကို လျှောက်နေတယ်၊ ဘာလုပ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့ အရေးကြီးပြီး၊ အများယုံကြည် လက်ခံအောင်လည်း ပြသရမယ့် ဖိအားကို ဆိုလိုတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်ကာလတွေမှာ မစ္စတာ ဇယ်လင်စကီဟာ သူ့ရဲ့ မူဝါဒတွေ အကြောင်း အလေးအနက် ဖြေကြားရမယ့် တွေ့ဆုံ မေးမြန်းခန်း အင်တာဗျူး မှန်သမျှကို ရှောင်ရှားခဲ့ပါတယ်။

ပေါ့ပေါ့ပါးပါး ဗီဒီယို အပိုင်းအစတွေပဲ ဆိုရှယ်မီဒီယာ လူမှုကွန်ရက်ပေါ်မှာ တင်နေခဲ့တဲ့ မစ္စတာ ဇယ်လင်စကီ အနေနဲ့ အခုအချိန်မှာတော့ အပြောင်အပျက်တွေ၊ နိုင်ငံရေး သရော်တာတွေ ပြောနေရတော့မယ့် အချိန် မဟုတ်တော့ဘူးလို့ ဂျိုနာဖစ်ရှာက ထောက်ပြပါတယ်။

အကြောင်းကတော့ သူ့ရဲ့ မူဝါဒတွေ ဘာလဲ ဆိုတာကို ပြည်တွင်း၊ ပြည်ပက မျက်လုံးဒေါက်ထောက် စောင့်ကြည့်တော့မယ့် ကာလ ရောက်လာလို့ပဲ ဖြစ်ပါတယ်။

မစ္စတာ ဇယ်လင်စကီ အနေနဲ့ တစ်လ ဝန်းကျင်ကာလ အတွင်းမှာကို သမ္မတ ရာထူးကို လက်ခံပြီး ကျမ်းသစ္စာ ကျိန်ဆိုရမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ