သီရိလင်္ကာမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ခဲ့ရတာ ဘာ့ကြောင့်လဲ

သီရိလင်္ကာ၊ အသေခံ ဗုံးခွဲ၊ အီစတာပွဲတော်၊ ခရစ်ယာန်ဘုရားကျောင်း ဓာတ်ပုံ မူပိုင် Reuters
Image caption သီရိလင်္ကာမှာ ရက်ရက်စက်စက် အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် ထိတ်လန့် တုန်လှုပ်ခဲ့ကြ

သီရိလင်္ကာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀နှစ် ပြည်တွင်းစစ် ပြီးသွားကတည်းက အဆိုးဝါးဆုံး တိုက်ခိုက်မှုကြီး ဖြစ်တဲ့ အီစတာ တနင်္ဂနွေနေ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေကို လူသိပ်မသိတဲ့ အစ္စလာမစ် အုပ်စုတစုက လုပ်ခဲ့ဖွယ် ရှိတယ် ဆိုတာနဲ့ ပတ်သက်လို့ လူတွေ အကြီးအကျယ် အံ့သြနေကြပါတယ်။

ပြည်တွင်းစစ် ကာလအတွင်း တမီလ် ကျားသူပုန်တွေရဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေကို ကြုံခဲ့ရဖူးတဲ့ သီရိလင်္ကာနိုင်ငံအနေနဲ့ ဒီလို တိုက်ခိုက်မှုမျိုးတွေနဲ့ သိပ်မစိမ်းလှပါဘူး။ ဒါပေမဲ့ ဒီလောက်ကြီး ရက်ရက်စက်စက် သတ်ဖြတ် တိုက်ခိုက်ခဲ့တာကိုတော့ တတိုင်းပြည်လုံးက အကြီးအကျယ် ထိတ်လန့် တုန်လှုပ်သွားခဲ့ကြပါတယ်။

အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ကျန်းမာရေး ဝန်ကြီး ရာဂျီတာ ဆေနာရက်တနာ က ဒီဗုံးခွဲ တိုက်ခိုက်မှုတွေဟာ ပြည်တွင်းက National Thowheed Jamath (NTJ) အစ္စလာမစ်အုပ်စုက လုပ်ခဲ့တာလို့ ထုတ်ဖော် ပြောခဲ့ပါတယ်။

"ဒီလို တိုက်ခိုက်မှုမျိုးကို နိုင်ငံတကာ ကွန်ရက်အဖွဲ့ တစ်ဖွဲ့ မပါဘဲ လုပ်နိုင်မှာ မဟုတ်ဘူး" လို့ သူက သတင်းထောက်တွေကို တနင်္လာနေ့တုန်းက ပြောသွားခဲ့ပါတယ်။

သူ့အပြောအရ ဆိုရင်တော့ ဗုဒ္ဓ ဆင်းတုတော်တွေကို လိုက်ဖျက်ဆီးနေသူတွေအဖြစ် စွပ်စွဲခံခဲ့ရတဲ့ ဒီလို အဖွဲ့က ချက်ချင်းကြီး အခုလို အသေခံ ဗုံးခွဲတဲ့ အထိ ဘာ့ကြောင့် လုပ်နိုင်ခဲ့တာလဲဆိုတဲ့ အဖြေ ထွက်ကောင်းထွက်လာနိုင်ပါတယ်။

နိုင်ငံရေး ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေ

လောလောဆယ်မှာတော့ အီစတာ တနင်္ဂနွေနေ့ ဗုံးခွဲ တိုက်ခိုက်မှုတွေကို တခြား ဘယ်အုပ်စုကမှ လုပ်ခဲ့တာလို့ ထုတ်ဖော် ဝန်ခံတာမျိုး မရှိသေးသလို NTJ အဖွဲ့ လုပ်တာပါလို့ ထုတ်ပြောပုံ ထုတ်ပြောနည်းကလည်း ပုံမှန်မဟုတ်ဘဲ ထူးခြားနေပါတယ်။

ဗုံးခွဲ တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ် ဆိုတဲ့ ကြိုတင် သတိပေးချက်တွေကို အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေထံ အသိပေး အကြောင်းကြားတာတွေ ရှိခဲ့ပေမယ့် ကက်ဘိနက် ဝန်ကြီးအဖွဲ့ကိုတော့ အသိပေးတာမျိုး မရှိခဲ့ဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။

သမ္မတကိုပဲ ဒီလို အကြောင်းအရာမျိုးကို အသိပေး အကြောင်းကြားလေ့ ရှိတယ်လို့ သူက ဆိုပါတယ်။ ဒါပေမယ့် အခု ဒီကိစ္စမှာ သူ့ကိုရော အကြောင်းကြားခဲ့သလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ပြီးခဲ့တဲ့နှစ်ပိုင်းမှာ သမ္မတနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ဝန်ကြီးချုပ်ဆီက ဒီလို စကားမျိုး ထွက်လာတာကတော့ သိပ်မဆန်းလှပါဘူး။ ဒီလို စကားမျိုးတွေကြောင့် နှစ်ဘက် ယုံကြည်မှုကို ထိခိုက်နိုင်သလို နိုင်ငံရေး သဘောကွဲလွဲမှုတွေကြောင့် ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ အတော်များများက ကောက်ချက်ချ ပြောဆိုနေကြပါတယ်။

တကယ်လို့များ အစိုးရ ပြောသလို အသေခံ ဗုံးခွဲသမားတွေဟာ ဒေသခံ သီရိလင်္ကာ မွတ်ဆလင်တွေသာ ဖြစ်မယ်ဆိုရင်တော့ ဒါဟာ ထောက်လှမ်းရေး အဖွဲ့တွေရဲ့ ဧရာမ ညံ့ဖျင်းမှုကြီးလို့ ဆိုရမှာပါ။ အမေရိကန် သတင်းမီဒီယာတွေမှာ ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ ဒီလို တိုက်ခိုက်မှုမျိုး ဖြစ်လာနိုင်တယ် ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အိန္ဒိယ ထောက်လှမ်းရေး အေဂျင်စီအဖွဲ့တွေဆီက ကြိုတင် သတိပေးချက်တွေကို သီရီလင်္ကာ အစိုးရ ရထားခဲ့ပုံ ရှိတယ်လို့ ဖေါ်ပြထားပါတယ်။

တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ ကြိုတင်သတိပေးချက်တွေကို လုံခြုံရေးအဖွဲ့တွေနဲ့ ရဲတွေအကြား နည်းလမ်းတကျ ဖြန့်ဝေ အသိပေးခဲ့တယ်လို့ သူတို့ နားလည်ထားကြောင်း သမ္မတ မိုင်သရီပါလာ ဆီရီဆီနာရဲ့ ထိပ်တန်း အကြံပေးပုဂ္ဂိုလ် ရှီရယ်လ် လက်ခ်ထီလာကာ က ပြောပါတယ်။

လုံခြုံရေးအဖွဲ့တွေကို ကြီးကြပ် တာဝန်ယူနေတဲ့ သီရိလင်္ကာ သမ္မတက ဘာ့ကြောင့် အခုလို ဖြစ်ခဲ့ရတာလဲ ဆိုတာကို ဖော်ထုတ်ဖို့အတွက် ကော်မတီတရပ်ကို ဖွဲ့စည်းဖို့ စီစဉ်နေပါတယ်။

သီရိလင်္ကာ ထောက်လှမ်းရေးအဖွဲ့ဟာ ပြည်တွင်းစစ် ကာလ အရှိန်မြင့်နေချိန်တုန်းက တမီလ် ကျားသူပုန်တွေရဲ့ အသေခံ ဗုံးခွဲမယ့် အစီအစဉ် အတော်များများကို လက်ဦးမှုယူ ဖော်ထုတ်နိုင်ခဲ့ပြီး စနစ်တကျ ဖွဲ့စည်းထားတဲ့ တမီလ် ကျားသူပုန်အဖွဲ့ထဲ ထိုးဖောက် စုံစမ်းနိုင်ခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံက မွတ်ဆလင် ပြဿနာ

အခု ဖြစ်ခဲ့တဲ့ကိစ္စက လုံခြုံရေးနဲ့ နိုင်ငံရေး အားနည်းမှုကြောင့် ဆိုတာ ထင်ရှားနေပေမယ့် သီရိလင်္ကာမှာ လက်ရှိ ဖြစ်နေတဲ့ ဘာသာရေး အသိုင်းအဝိုင်း ပြဿနာကလည်း အကြောင်းရင်း တရပ် ဖြစ်နိုင်သလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ပြည်တွင်းစစ်ကာလအတွင်း မွတ်ဆလင်တွေကို တမီလ် ကျားသူပုန်တွေက ပစ်မှတ်ထားခဲ့ကြသလို သူတို့လက်ထဲမှာ မွတ်ဆလင်တွေ အကြီးအကျယ် ထိခိုက် နစ်နာခဲ့ကြရပါတယ်။

ဒါပေမဲ့ မကြာသေးခင်က မွတ်ဆလင်တွေအပေါ် ဆင်ဟာလီလူမျိုး ဗုဒ္ဓဘာသာဝင်တချို့ရဲ့ တိုက်ခိုက်မှုတွေ ထပ်ရှိလာခဲ့အပြီး မွတ်ဆလင် လူငယ်တွေအကြား ယုံကြည်စိတ်ချမှုတွေ ပြန်တည်ဆောက်ဖို့ကို နောက်တက်လာတဲ့ အစိုးရတွေကလည်း မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။

အဆိုးဆုံး ဖြစ်ရပ်တစ်ခုကတော့ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက နိုင်ငံအလယ်ပိုင်း ဒီဂါနာမြို့က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ပါ။ အဲဒီမှာ မွတ်ဆလင်တွေရဲ့ စျေးဆိုင်တွေနဲ့ ဗလီကျောင်းတွေကို ဆင်ဟာလီလူမျိုး လူအုပ်ကြီးက ဝိုင်းတိုက်ခိုက်ခဲ့ကြလို့ လူတစ်ဦး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption သီရိလင်္ကာမှာ ၂၀၁၈ ခုနှစ်တုန်းက မွတ်ဆလင်တွေရဲ့ စျေးဆိုင်တွေနဲ့ ဗလီကျောင်းတွေ တိုက်ခိုက်ခံခဲ့ရအပြီး အစိုးရက အရေးပေါ် အခြေအနေ ကြေညာခဲ့ရ

"ဒီဂါနာမြို့ ဖြစ်ရပ် ဖြစ်အပြီးမှာ မွတ်ဆလင်အတော်များများက သူတို့လုံခြုံရေးကို အစိုးရက မဆောင်ရွက်ပေးနိုင်ဘူး ဆိုပြီး အစိုးရအပေါ် ယုံကြည်စိတ် နည်းသွားခဲ့ပါတယ်၊ တချို့ဆိုရင် သူတို့ကိုယ်သူတို့ ကာကွယ်မှ ဖြစ်မယ် ဆိုတဲ့ အတွေးမျိုး ဝင်လာခဲ့ပါတယ်" လို့ သီရိလင်္ကာ မွတ်ဆလင် ကောင်စီ ဒုဥက္ကဋ္ဌ ဟီလ်မီ အာမက် က ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင်းရော အစိုးရရဲ့ အရေးယူမှု အားနည်းတယ်လို့ ယူဆနေကြတာကြောင့်ပါ လူငယ်တချို့က NTJ လို အဖွဲ့မျိုးတွေထဲ ပူးပေါင်း သွားကြပုံ ရပါတယ်။

NTJ အဖွဲ့ဟာ လတ်တလော နှစ်ပိုင်းတွေအတွင်း ဗုဒ္ဓဆင်းတုတော်တွေကို လိုက်ဖျက်ဆီးခဲ့ကြတယ်လို့ စွပ်စွဲ ခံခဲ့ရပြီး ဘာသာရေး အမွေအနှစ်ကို စော်ကားမှုနဲ့ အဖွဲ့ခေါင်းဆောင် မနှစ်က ဖမ်းဆီးခံခဲ့ရပါတယ်။

အစွန်းရောက် ဘာသာရေးခေါင်းဆောင်

သီရိလင်္ကာနိုင်ငံ အရှေ့ပိုင်းက အစွန်းရောက် မွတ်ဆလင် တရားဟောဆရာ တစ်ဦးဖြစ်တဲ့ ဇာဟာရန် ဟရှင်မ် ရဲ့ ခေါင်းဆောင်မှုအောက်မှာ အဖွဲ့ခွဲတစ်ခု ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်က ပေါ်ထွက်လာခဲ့တယ်လို့ အခုအခါ ယူဆရပါတယ်။

မစ္စတာ ဟာရှင်မ်ဟာ မွတ်ဆလင် မဟုတ်သူတွေအပေါ် ဆန့်ကျင် အမုန်းစကားတွေ ပါတဲ့ ဗီဒီယို အတော်များများကို လူမှုကွန်ရက်ပေါ်မှာ တမင် တင်ခဲ့ပါတယ်။ သူ့ဗီဒီယို အများစုဟာ တမီလ် ဘာသာစကားနဲ့ ဖြစ်ပါတယ်။ သူ့ဟောပြောချက်တွေကို မွတ်ဆလင် လူငယ် အများအပြား ကြိုက်နှစ်သက်ကြတယ်လို့ သိရပါတယ်။

"ဒီပုဂ္ဂိုလ်ဟာ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ YouTube ဗီဒီယို အများကြီးနဲ့ အမုန်းတရားတွေ ဟောခဲ့တယ်၊ သူ့အကြောင်းကို အစိုးရ ထောက်လှမ်းရေးအဖွဲ့ဆီ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက တခါ၊ အခုနှစ် ဇန်ဝါရီလက တခါ တိုင်ခဲ့ဖူးတယ်" လို့ မစ္စတာ အာမက် က ပြောပြပါတယ်။

ဒါပေမယ့် လုံခြုံရေး အဖွဲ့တွေက မစ္စတာ ဟာရှင်မ်ကို အရေးယူတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ မစ္စတာ ဟာရှင်မ်ဟာ အခု အသေခံ ဗုံးခွဲ ခဲ့သူတွေထဲမှာ ပါတယ်လို့ သတင်းတွေက ဆိုပေမယ့် အတည်မပြုနိုင်သေးပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption သီရိလင်္ကာနိုင်ငံမှာ မွတ်ဆလင်တွေလိုပဲ ခရစ်ယာန်တွေဟာလည်း လူနည်းစု ဖြစ်ပါတယ်။

လူငယ် တချို့က IS အစ္စလာမစ်နိုင်ငံ အဖွဲ့ထဲ ဝင်ဖို့ ဆီးရီးယားနိုင်ငံဆီ ထွက်သွားကြပြီး အဲဒီထဲက တချို့ တိုက်ပွဲအတွင်း သေဆုံးခဲ့ကြတယ်လို့ မွတ်ဆလင် အသိုင်းအဝိုင်း ခေါင်းဆောင်တွေက ပြောပါတယ်။

ထိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိဟောင်း အငြိမ်းစား ဗိုလ်ချုပ်ဟောင်း ဂျီအေ ချန်ဒရာဆီရီ ကတော့ မွတ်ဆလင် အများစုဟာ အဲဒီလူတွေလို မဟုတ်ပဲ ငြိမ်းချမ်းရေး လိုလား မြတ်နိုးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လူများစု ပြည်သူတွေနဲ့ မွတ်ဆလင်တွေအကြားမှာ သိပ်ကို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေပါတယ်လို့လည်း သူက ပြောပါတယ်။

လောလောဆယ်မှာတော့ ဂျီဟာ့ဒ် ဝါဒီ အများကြီး သီရိလင်္ကာနိုင်ငံထဲ ပြန်ဝင်လာတယ် ဆိုတဲ့ သတင်းတွေ မရထားပါဘူး။ ဒါပေမယ့် ဂျီဟာ့ဒ်ဝါဒီ အနည်းအပါးက လူများစု အသိုင်းအဝိုင်းအပေါ် ဒေါသထွက်နေတယ် ဆိုရင်တောင် ဘာ့ကြောင့် ခရစ်ယာန်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါလဲ။

ဘာသာရေး၊ လူမျိုးရေး ဆက်နွှယ် ရှုပ်ထွေးနေတဲ့ သီရိလင်္ကာနိုင်ငံမှာ ခရစ်ယာန် ဘာသာဝင်တွေကတော့ ခရစ်ယာန်ဘာသာကို ကိုယ်စားပြုပြီး အကြမ်းဖက်မှု ကျူးလွန်တာမျိုး မရှိပါဘူး။ ဒါပေမယ့် ခရစ်ယာန် ဘာသာဝင်တွေထဲမှာက ဆင်ဟာလီ လူမျိုးတွေရော၊ တမီလ် လူမျိုးတွေပါ ရောနှော ပါဝင်နေတာ ဖြစ်ပါတယ်။

ကမ္ဘာတဝန်း အတိုင်းအတာအနေနဲ့ ပါဝင်နိုင်သလား

သီရိလင်္ကာ ပြည်တွင်းစစ်အတွင်း တမီလ် ကျားသူပုန်တွေရဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု အတော်များများကို ကြည့်ခြင်းအားဖြင့် တမီလ် ကျားတွေအနေနဲ့ အခု တိုက်ခိုက်မှုမှာ ပါတဲ့ ဖောက်ခွဲပစ္စည်းမျိုးတွေကို သုံးတတ်၊ သုံးနိုင်မှာ မဟုတ်ဘူး ဆိုတာ တွေ့ရမှာပါ။

ဒီတော့ ပြည်တွင်းက အစွန်းရောက်ဝါဒီ အနည်းအပါးသာ ပါပြီး သိပ်နာမည် မကြီးတဲ့ အစ္စလာမစ်အုပ်စုလေး တခုက ဒီလို အားပြင်းတဲ့ ဖောက်ခွဲ တိုက်ခိုက်မှုကြီး ၆ ခု ၇ ခုလောက်ကို အကွက်ကျကျ လုပ်နိုင်ခဲ့တယ် ဆိုတာကတော့ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ အဲဒီ ဖောက်ခွဲ တိုက်ခိုက်မှုတွေကလည်း တခုမှ ချွတ်ချော်တာမျိုး မဖြစ်ခဲ့တာ တွေ့ရပါတယ်။

ကမ္ဘာတဝန်းက ဂျီဟာ့ဒ်ဝါဒီ အုပ်စုတွေနဲ့ ဒီအဖွဲ့ ဆက်နွှယ်မှု ရှိသလား ဆိုတာ မသေချာပေမဲ့ အဓိက ဟိုတယ်ကြီးတွေနဲ့ ခရစ်ယာန်တွေကို ပစ်မှတ်ထားခဲ့တာ၊ တိုက်ခိုက်ပုံ တိုက်ခိုက်နည်း ခေတ်မီ အကွက်ကျတာတွေကို ကြည့်ရင် ဒေသခံ အစွန်းရောက်တွေဟာ ကမ္ဘာတဝန်းက ဂျီဟာ့ဒ်ဝါဒီ ကွန်ရက်တွေရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ရောက်နေတယ် ဆိုတဲ့အချက်က ယုတ္တိရှိတယ်လို့ ဆိုရမှာပါ။

သီရိလင်္ကာ ပြည်တွင်းစစ် ကာလအတွင်း နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်တွေကို လက်ဖျားနဲ့တောင် မတို့ခဲ့ဘဲ နိုင်ငံခြားသားတွေအပေါ် တိုက်ခိုက်တာမျိုး မရှိခဲ့သလောက်ပါပဲ။ အခုနောက်ဆုံး ဗုံးခွဲတိုက်ခိုက်မှုတွေမှာတော့ နိုင်ငံခြားသား အတော်များများ သေဆုံးခဲ့ပြီး ဒါဟာ အယ်လ်ကိုင်ဒါ ဒါမှမဟုတ် IS အဖွဲ့နဲ့ ဆက်နွယ်မှု ရှိနေတဲ့ ပုံစံကို ပြနေတာပါ။

"ဒီလို တိုက်ခိုက်ပုံမျိုးအတွက် ပြည်ပက အကူအညီတွေ အများကြီး လိုပါတယ်၊ငွေကြေး အကူအညီ၊ သင်တန်းနဲ့ နည်းပညာတွေ လိုပါတယ်၊ တကိုယ်တည်း လုပ်လို့ မရပါဘူး၊ ပြည်ပက အကူအညီ တချို့ ရခဲ့ဖွယ် ရှိပါတယ်" လို့ ဗိုလ်ချုပ်ကြီးဟောင်း ချန်ဒရာဆီရီ က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ပြည်တွင်းစစ်ကြီး ပြီးဆုံးသွားအပြီး သီရိလင်္ကာကို လာရောက် လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွား အရေအတွက် တရှိန်ထိုး တိုးလာ

သီရိလင်္ကာမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ၁၉၇၀ ပြည့်လွန်နှစ်ပိုင်းတွေတုန်းက လက်ဝဲဝါဒီတွေ ပုန်ကန်ထကြွခဲ့စဉ်အတွင်းနဲ့ အဲဒီနောက် တမီလ် ကျားသူပုန်တွေနဲ့ ဆယ်စုနှစ် ၃ ခုနီးပါးကြာ ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့စဉ်အတွင်း တိုင်းပြည် မငြိမ်မသက် ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအရတော့ ဒီဗုံးခွဲမှုတွေကို နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့သူတွေကို ဘယ်လို ကိုင်တွယ် အရေးယူမလဲ ဆိုတာ သီရိလင်္ကာ လုံခြုံရေး တပ်ဖွဲ့တွေအတွက် စိန်ခေါ်မှုကြီး ဖြစ်ပါလိမ့်မယ်။ သီရိလင်္ကာ ပြည်သူတွေကတော့ နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ အပြန်အလှန် စွပ်စွဲမှုတွေ ထပ်ဖြစ်လာမှာကို လိုလားကြမှာ မဟုတ်ပါဘူး။