ဖိလစ်ပိုင် ငလျင်ကြောင့် ၁၁ ယောက်သေဆုံး

ဓာတ်ပုံ မူပိုင် EPA
Image caption ပမ်ပန်ဂါပြည်နယ်က ပြိုကျနေတဲ့ အဆောက်အအုံတွေကြားမှာ ပိတ်မိနေကြသူတွေကို လိုက်လံရှာဖွေကယ်တင်ဖို့ ကြိုးစားနေကြ

ဖိလစ်ပိုင် လူဇွန်းကျွန်းမှာ အားပြင်းငလျင်တခုလှုပ်ခတ်လို့ အနည်းဆုံး လူ ၁၁ ယောက်သေဆုံးခဲ့ပါတယ်။

ပြင်းအား ၆ ဒသမ ၁ ရှိတဲ့ငလျင်ဟာ တနင်္လာနေ့ ညနေ ဖိလစ်ပိုင် စံတော်ချိန် ၅ နာရီ ၁၁ မိနစ်မှာ လှုပ်ခတ်ခဲ့တယ်လို့ ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင်သိပ္ပံဌာနက ထုတ်ပြန်ကြေညာပါတယ်။

လေဆိပ်တခုလည်း အကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။ အနည်းဆုံး အဆောက်အဦ ၂ ခုပျက်စီးခဲ့တယ်။

နောက်ထပ် ၂၄ နာရီ မပြည့်ခင်အချိန်အတွင်းမှာပဲ ဒုတိယငလျင် တခုထပ်လှုပ်ပါတယ်။ ဒုတိယငလျင်က ပထမငလျင်ထက်တောင် ပိုပြင်းပြီး ပြင်းအား ၆ ဒသမ ၄ အထိရှိပါတယ်။ တောင်ပိုင်းပိုကျတဲ့ ဗီစရာ့စ်နယ်ကို ဗဟိုပြု လှုပ်ခတ်သွားတာပါ။

ငလျင်ဒဏ်ကို အဆိုးဆုံးခံကြရတဲ့ အထဲမှာ တာကလို့ဘန်မြို့၊ လေးတီမြို့၊ ကက်တဘာလိုဂန်မြို့တွေ အပါအဝင်ဖြစ်တယ် မနီလာက ဘီဘီစီ သတင်းထောက်ကဆိုပါတယ်။

ဆိုရှယ်မီဒီယာမှာ တက်လာတဲ့ ဗီဒီယိုတွေ ဓာတ်ပုံတွေထဲမှာတော့ အရက်မူးသလို ယိုင်ထိုးနေတဲ့ အဆောက်အအုံကြီးတွေကို မြင်ရပါတယ်။ လမ်းမကြီးတွေ ထက်ခြမ်းကွဲနေတာလည်း တွေ့ရပါတယ်။ အဲဒီနေရာမှာ လူတွေ သေပျောက်ခဲ့သလားဆိုတာတော့ သေသေချာချာ မသိရပါဘူး။

အဆိုးဆုံးထဲက တမြို့ဖြစ်တဲ့ တာကလိုဘန်ဟာ ၂၀၁၃ ခုနှစ်မှာ တိုင်ဖုန်းမုန်တိုင်းဒဏ်ကြောင့် ပြိုလဲခဲ့ရာကနေ နာလန်ထလာတာ သိပ်တောင် မကြာသေးပါဘူး။

မနီလာမြို့တော်ရဲ့ အနောက်မြောက်ဘက်က ပမ်ပန်ဂါပြည်နယ်မှာတော့ ပထမစလှုပ်တာနဲ့ အဆောက်အအုံတွေ အများအပြားပြိုကျခဲ့တဲ့ အတွက် အဆောက်အဦးပျက်တွေကြားထဲမှာ လူတွေဆယ်ဂဏန်းနဲ့ချီပြီး ပိတ်မိနေနိုင်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

အဲဒီပြည်နယ်ဟာလည်း အဆိုးဆုံးတွေထဲက တခုပါပဲ။ အုပ်ချုပ်ရေးမှူ လီလီယာ ပင်နဒါ ကတော့ လူအယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာ သတင်းဌာနကို အတည်ပြုပြောကြားပါတယ်။

အုတ်ခဲကျိုးတွေ၊ နံရံတွေအောက်ကနေ နာနာကျည်းကျည်း ငိုညည်းသံတွေကိုကြားနေရပါတယ်။ အုတ်ပုံကြီးအောက်၊ ပြိုကျနံရံကြီးအောက်ကနေ ကယ်ထုတ်ဖို့ဟာ အခုထိတော့ ခက်ခဲနေပါသေးတယ်လို့ လီလီယာပင်နဒါက ပြောပါတယ်။

ပစိဖိတ်မီးစက်ဝိုင်း အကြောင်း အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရန်

စျေးဆိုင်တဆိုင်အောက်ကနေ အလောင်း ၃ လောင်းကိုဆွဲထုတ်နိုင်ခဲ့ပါတယ်။ လူဘောင်မြို့မှာတော့ အမျိုးသမီးကြီးတယောက်နဲ့ သူမြေးနဲ့ ဖက်လျက်သား သေဆုံးနေကြတာတွေ့ရပါတယ်။

ဒါပေမယ့် မသေသေးတဲ့ လူအယောက် ၂၀ ကိုတော့ ကယ်ထုတ်ပြီး ဆေးရုံပို့နိုင်ခဲ့ပါတယ်လို့ မစ္စ ပင်နဒါက ရုပ်မြင်သံကြားအင်တာဗျူးမှာ ပြောပါတယ်။

မနီလာမြို့က လူချမ်းသာစီးပွားရေးဇုံကြီးမှာလည်း မိုးမျှော်အဆောက်အအုံတွေက ဘယ်ညာယိမ်းထိုးနေကြတာ လေးငါးမိနစ်လောက်ကြာပါတယ်။

မနီလာကနေ တနာရီလောက်ကားမောင်းရတဲ့ ခရီးအကွာမှာရှိတဲ့ ကလာ့နိုင်ငံတကာလေဆိပ်ကြီးမှာလည်း အဆောက်အအုံပျက်စီးသလို လူတချို့လည်း ဒဏ်ရာရပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption မနီလာမြို့မှာ သူ့ထက်ငါ အလုအယက်ထွက်ခွာတိမ်းရှောင်ဖို့ ကြိုးစားနေကြသူတွေ

ကိုယ်ခံပညာသင်တန်းဆရာမ ဒန်နီဂျက်စ်တိုကတော့ အိမ်မှာနေရင်း ငလျင်လှုပ်လိုက်ချိန်မှာ အဝတ်လှန်းထားတဲ့ ကြိုးတန်းဟာ ယမ်းခါသွားပြီး သူ့ခွေးလေးဟာလည်း ကုတင်ပေါ်ကနေ ကြမ်းပြင်ပေါ်ပြုတ်ကျသွားတယ်လို့ ပြောပါတယ်။

ဆိုရှယ်မီဒီယာမှာတင်တဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေထဲမှာ အဆောက်အအုံနံရံတွေ ကွဲအက်နေတာကို တွေ့ရပါတယ်။ ဗီဒီယို တခုထဲမှာတော့ မိုးမျှော် အဆောက်အအုံကြီးရဲ့ ခေါင်မိုးပေါ်က ရေကူးကန်ထဲက ရေတွေဟာ အဆောက်အအုံကြီးစောင်းသွားပြီး တဝေါဝေါကျလာတာကို မြင်ရပါတယ်။

ဖိလစ်ပိုင်ဟာ ပစိဖိတ်မီးစက်ဝိုင်းလို့ခေါ်တဲ့ ငလျင်ဇုန်ထဲက တနေရာဖြစ်ပါတယ်။ ပစိဖိတ်မီးစက်ဝိုင်းဒေသမှာ လှုပ်ရှားမှု အများဆုံး ပြတ်ရွေ့ကြောကြီးတွေ ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ