ဒေါ်နယ်ထရမ့် ဇွန်လ ၃ ရက်နေ့ ယူကေကိုလာမယ်

ဝင်ဆာရဲတိုက်မှာ ဘုရင်မကြီးနဲ့အတူ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်နေတဲ့ ထရမ့် ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၈ ဇူလိုင်လမှာ လာတုန်းက ဝင်ဆာရဲတိုက်မှာ ဘုရင်မကြီးနဲ့အတူ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်နေတဲ့ ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဇွန်လ ၃ ရက်က ၅ ရက်နေ့အထိ ယူကေကို နိုင်ငံတော်ခရီးစဉ်အဖြစ် လာဖို့ ရှိတဲ့အကြောင်း ဘက်ကင်ဟမ် နန်းတော်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

မစ္စတာထရမ့်နဲ့ ဇနီးသည် မယ်လာနီယာတို့ဟာ ဗြိတိန်ဘုရင်မကြီးရဲ့ ဧည့်သည်တော်တွေအဖြစ် လာကြမှာ ဖြစ်ပြီး ပို့စမောက်မြို့မှာ ကျင်းပမယ့် ၇၅ နှစ်မြောက် D-Day နေ့ အထိမ်းအမှတ် အခမ်းအနားတွေကို တက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတထရမ့်ဟာ ဗြိတိသျှ ဝန်ကြီးချုပ်နဲ့လည်း ဒေါင်းနင်းလမ်း ရုံးခန်းမှာ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။ မစ္စတာထရမ့်ဟာ ၂၀၁၈ ဇူလိုင်လတုန်းကလည်း ယူကေကို အလုပ်သဘော ခရီးစဉ်တစ်ခု လာရောက်ခဲ့ပြီး ဘုရင်မကြီးကို ဝင်ဆာနန်းတော်မှာ သွားရောက် တွေ့ဆုံခဲ့ဖူးပါတယ်။

အခုတစ်ခေါက် ခရီးစဉ်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ယူကေ နှစ်နိုင်ငံအကြား ရှိထားတဲ့ ခိုင်မာတဲ့ အထူးဆက်ဆံရေးကို ထပ်မံ မြဲမြံခိုင်မာစေမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်ကလည်း ပြောပါတယ်။

မစ္စတာထရမ့် ရွေးကောက်ခံခဲ့ရတဲ့ ၂၀၁၆ ခုနှစ်ကတည်းက သူ့ကို နိုင်ငံတော် ဧည့်သည်အဖြစ် ဖိတ်ပါမယ်လို့ ဝန်ကြီးချုပ် ထရီဆာမေက ကတိ ပြုထားပါတယ်။

အခုလာမယ့် ဇွန်လ ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ခိုင်မာပြီးသား ဖြစ်တဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေ ပိုတိုးတက် ခိုင်မာစေဖို့နဲ့ လာမယ့်နှစ်တွေမှာ ရှိပြီးသား ဆက်ဆံရေးတွေ ပိုတိုးတက် ခိုင်မာအောင် ဘယ်လို လုပ်ဆောင်သွားကြမလဲဆိုတာ ဆွေးနွေးနိုင်မယ့် အခွင့်အလမ်း တစ်ခုဖြစ်ပါတယ်လို့ မစ္စစ် မေက ပြောပါတယ်။

ဒါပေမဲ့ အတိုက်အခံ နိုင်ငံခြားရေးဝန်ကြီး အယ်မီလီ သွန်းဘယ်ရီကတော့ သူတို့ရဲ့ စိုးရိမ်ချက်ကို အခုလို ပြောပါတယ်။ အဓမ္မ ပြုကျင့်မှုတွေကို စစ်ပွဲရဲ့ လက်နက်တစ်ခုသဖွယ် အသုံးပြုမှုတွေကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂမှာ ဗီတိုနဲ့ ပယ်ချမယ်လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်တဲ့နေ့မှာပဲ ထရီဆာမေက သူ့ကို နိုင်ငံတော် ဧည့်သည်အဖြစ် ခေါ်ယူ ဂုဏ်ပြုမယ် ဆိုတဲ့ အစီအစဉ်ကို ကြေညာတာဟာ မယုံနိုင်လောက်စရာပါပဲလို့ သူက ပြောပါတယ်။

ဇွန်လ ၅ ရက်နေ့ ပို့စ်မောက်မှာ ကျင်းပမယ့် အခမ်းအနားကို ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ သြစတြေးလျ၊ နယူးဇီလန်၊ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ပိုလန်၊ နော်ဝေ၊ ဒိန်းမတ်၊ နယ်သာလန်၊ ဂရိ၊ ဆလိုဗက်ကီးယားနဲ့ ချက်သမ္မတနိုင်ငံတို့က ကိုယ်စားလှယ်တွေ ကိုလည်း ဖိတ်ကြားထားပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး အတွင်း နာဇီတွေ သိမ်းပိုက်ထားတဲ့ ပြင်သစ်နိုင်ငံကို မဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ပြီး ဥရောပတိုက်ကို အဒေါ့ဖ် ဟစ်တလာ ကြီးစိုးထားတာကို အဆုံးသတ်တဲ့ ပဏာမ အောင်ပွဲအနေနဲ့ D-Day နေ့မှာ လေယာဉ်တွေ ဆင်းသက်ခဲ့တဲ့ အရေးပါတဲ့ နေရာတွေထဲမှာ ပို့စ်မောက်မြို့ဟာ တခု ဖြစ်ပါတယ်။

ပို့စ်မောက်မှာ ကျင်းပမယ့် အဲဒီ အခမ်းအနားမှာ ဖျော်ဖြေပွဲတွေ၊ စစ်ရေးပြ အခမ်းအနားတွေ၊ နော်မန်ဒီမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်အဖွဲ့တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆိုလန့် ရေလက်ကြားမှာ ဗြိတိသျှ ရေတပ်သင်္ဘော ၁၁ စင်းနဲ့ ဝေဟင်မှာ စစ်လေယာဉ် ၂၆ စင်း ဝဲပျံ တာတွေ ပါဝင်မှာ ဖြစ်ပါတယ်။

ယူကေကနေ ထွက်ခွာပြီးရင် သမ္မတ ထရမ့်နဲ့ သမ္မတ ကတော်တို့ဟာ ဇွန်လ ၆ ရက်နေ့မှာ ကျင်းပမယ့် D-Day အထိမ်းအမှတ် အခမ်းအနားတွေအတွက် ပြင်သစ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် GEOFF PUGH/ AFP/ Getty images
Image caption ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ဘလန်နမ် နန်းတော်ရှေ့မှာ သမ္မတ ထရမ့်၊ သမ္မတကတော် မယ်လာနီယာနဲ့ ဝန်ကြီးချုပ် ထရီစာမေတို့ ဓါတ်ပုံ ယှဉ်တွဲ အရိုက်ခံခဲ့စဉ်

သမ္မတ ထရမ့်ရဲ့ နောက်ဆုံး ယူကေ ခရီးစဉ်တုန်းက သူပိုင် ဂေါက်ကွင်း ရှိတဲ့ စကော့တလန်ကို မထွက်ခွာခင် ဝန်ကြီးချုပ် ထရီဆာမေနဲ့ Chequers ကျေးလက်စံအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ သမ္မတထရမ့်အပေါ် ကန့်ကွက် ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

လန်ဒန်မှာလည်း လူတွေ ထောင်နဲ့ချီပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

စကော့တလန်မှာလည်း လူတွေက သူတို့ရဲ့ မကြေနပ်မှုတွေကို ထုတ်ဖော် ပြခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ် သမ္မတ ထရမ့် လာရောက်လည်ပတ်စဉ်က ရဲတွေရဲ့ လုံခြုံမှု ဝန်ဆောင် လုပ်ငန်းအတွက် ပေါင်စတာလင် ၈ သန်းနီးပါး ကုန်ကျခဲ့တယ်လို့ ခန့်မှန်းရကြောင်း ဗြိတိန် ရဲချုပ် ကောင်စီက ပြောပါတယ်။

သမ္မတ ထရမ့် ခရီးစဉ်အတွက် နိုင်ငံတဝန်းမှာ ရဲအရာရှိ တစ်သောင်းလောက် ချထားခဲ့ရတယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်တုန်းက သမ္မတ ထရမ့်ကို ဆန့်ကျင် ဆန္ဒပြမှုတွေကို ဦးဆောင် လုပ်ခဲ့သူတွေက အခု တခေါက် သမ္မတထရမ့် ယူကေကို လာရင်လည်း လူတွေ အများအပြား ထပ်ဆန္ဒပြကြဖို့ သန္နိဋ္ဌာန် ချထားပါတယ်။

နိုင်ငံတော် ခရီးစဉ်အတွင်း နိုင်ငံအကြီးအကဲတွေ လုပ်လေ့ ရှိသလို ဗြိတိသျှ ပါလီမန်မှာ သမ္မတ ထရမ့် မိန့်ခွန်းပြောခိုင်းဖို့ကိစ္စကို ပုံမှန်အတိုင်း စဉ်းစားသွားမယ်လို့ ပါလီမန် ဥက္ကဋ္ဌ ဂျွန်ဘားကိုးရဲ့ ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။ ဒါပေမယ့် သမ္မတ ထရမ့်ဆီကို မေတ္တာ ရပ်ခံချက် ပို့ထားပြီလားဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။

ပါလီမန်မှာ ဘယ်သူ မိန့်ခွန်းပြောရမလဲ ဆိုတာကို ဗီတို အာဏာသုံးပြီး ပယ်ချပိုင်ခွင့် ရှိတဲ့ မစ္စတာ ဘားကိုးကတော့ သမ္မတထရမ့်ရဲ့ နိုင်ငံတော်ခရီးစဉ်အတွင်း ပါလီမန်မှာ မိန့်ခွန်းပြောမှာကို သူပြင်းပြင်းထန်ထန် ကန့်ကွက်မယ်လို့ အရင်က ပြောထားပါတယ်။

သမ္မတထရမ့်ဟာ ပြီးခဲ့တဲ့ ခရီးစဉ်တုန်းက လန်ဒန်မြို့ကို မလာဘဲ ရှောင်ခဲ့ပြီး အခုလည်း ဆန္ဒပြမှုတွေ ရှိမယ် ဆိုရင် လန်ဒန်ကို မလာချင်ဘူးလို့ ပြောင်ပြောင်တင်းတင်း ပြောထားတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါပေမယ့် နိုင်ငံတော် ခရီးစဉ် တခုမှာ အရေးပါတဲ့ ကဏ္ဍက ဘာကင်ဟမ် နန်းတော် ရှေ့က လမ်းမကြီးတလျှောက်မှာ ဂုဏ်ပြု တပ်ဖွဲ့နဲ့ အလေးပြုခံရဖို့ ဖြစ်ပြီး ဆန္ဒပြသူတွေက အဲဒီမှာ လာရောက် စုဝေး ဆန္ဒပြကြမယ်လို့ ယူဆရကြောင်း ဘီဘီစီ သတင်းထောက် ပြောပါတယ်။

ဘာကင်ဟမ် နန်းတော်ထဲ ရောက်ပြီ ဆိုရင် ဘုရင်မကြီးက သမ္မတ ထရမ့်ကို ဂုဏ်ပြုတဲ့ ညစာစားပွဲကြီးကို ဧည့်သည်တော် ၁၅၀ လောက် ဖိတ်ကြားပြီး ဧည့်ခံ ကျင်းပမယ်လို့ ယူဆရပါတယ်။

အရင် အမေရိကန် သမ္မတတွေ ဖြစ်တဲ့ သမ္မတ ဂျော့ဂျ် ဘုရှ်ကို ၂၀၀၃ ခုနှစ် နိုဝင်ဘာလမှာ ၊ သမ္မတ ဘာရက် အိုဘားမားကို ၂၀၁၁ ခုနှစ် မေလမှာ ဘုရင်မကြီးက ကြိုဆို ဧည့်ခံခဲ့ဖူးပါတယ်။

ဓာတ်ပုံ မူပိုင် Ben Tavener/ BBC
Image caption ၂၀၁၈ ခုနှစ် သမ္မတ ထရမ့် ခရီးစဉ်တုန်းက ပါလီမန် ရင်ပြင်အထက်မှာ ထရမ့်ပုံတူ မိုးပျံပူပေါင်းကြီး လွှတ်တင်ပြီး ဆန္ဒပြခဲ့ကြ

နိုင်ငံတော် ခရီးစဉ်ဆိုတာက ဘယ်လိုမျိုးလဲ။

ဓာတ်ပုံ မူပိုင် PA
Image caption ၂၀၁၁ ခုနှစ်တုန်းက သမ္မတ ဘာရက် အိုဘားမားကို ဘုရင်မကြီး ကြိုဆိုဧည့်ခံ

နိုင်ငံတော် ခရီးစဉ် ဆိုတာ နိုင်ငံတော် အကြီးအကဲ တဦးရဲ့ တရားဝင်ခရီးစဉ်ကို ခေါ်ဆိုတာ ဖြစ်ပြီး ပုံမှန်အားဖြင့် အစိုးရအဖွဲ့ထံက အကြံပေးချက်နဲ့ ဘုရင်မကြီးက ဖိတ်ကြားတာ ဖြစ်ပါတယ်။

နိုင်ငံတော် ခရီးစဉ်ဟာ ကြီးကျယ် ခမ်းနားတဲ့ အခမ်းအနား ဖြစ်ပါတယ်။ ဒါပေမယ့် အခမ်းအနား သဘောမျိုးတင် မကပါဘူး။ အဲဒီခရီးစဉ်မှာ နိုင်ငံရေး ရည်ရွယ်ချက် ပါရှိပြီး အဲဒီအခမ်းအနား ခရီးစဉ်ကနေ ဗြိတိန်နိုင်ငံအတွက် ဘာတွေ ထပ်အကျိုး ဖြစ်ထွန်းမလဲဆိုတာကို အစိုးရက အသုံးပြုတတ်ပါတယ်။

နေရာထိုင်ခင်းနဲ့ နေ့ရက်ကို အတည်ပြု ပြီးပြီ ဆိုရင်တော့ အိမ်ရှင်နိုင်ငံ အစိုးရ၊ ဧည့်သည်နိုင်ငံ အစိုးရနဲ့ ဘုရင်မကြီးရဲ့ နန်းတော်တို့အကြား အစီအစဉ် အသေးစိတ် ထပ်ဆွေးနွေးကြပါတယ်။

ဒီခရီးစ႕ဉ်မှာ ဘာတွေလုပ်ကြသလဲ။

ခရီးစဉ်မှာ ဘုရင်မကြီးက အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ပြီး ပုံမှန်အားဖြင့် ဧည့်သည်တွေက ဘာကင်ဟမ်နန်းတော် ဒါမှမဟုတ် ဝင်ဆာရဲတိုက်မှာ တည်းခိုနေထိုင်ကြပါတယ်။

နိုင်ငံတော်အဆင့် တည်ခင်း ဧည့်ခံပွဲနဲ့ ပါလီမန်ကို သွားရောက်လည်ပတ်ပြီး မိန့်ခွန်းပြောကြားတာတွေပါ ဒီခရီးစဉ်တွေမှာ ပြုလုပ်လေ့ရှိပါတယ်။

ဘုရင်မကြီးက ပုံမှန်အားဖြင့် တစ်နှစ်ကို တခြားနိုင်ငံ အကြီးအကဲ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက် လက်ခံ တွေ့ဆုံလေ့ ရှိပါတယ်။ ဘုရင်ကြီးဟာ စပြီး နန်းတက်တဲ့ ၁၉၅၂ ခုနှစ်ကတည်းကစပြီး နိုင်ငံခေါင်းဆောင် ၁၀၉ ယောက်ကို လက်ခံ တွေ့ဆုံထားပြီး ဖြစ်ပါတယ်။

ယူကေကို နိုင်ငံတော်အဆင့် နောက်ဆုံး လည်ပတ်ခဲ့သူကတော့ စပိန်ဘုရင် ဖီလစ်ပီ ၆ နဲ့ ကြင်ယာတော်တို့ရဲ့ လေးရက် ခရီးစဉ် ဖြစ်ပါတယ်။ သူတို့က ၂၀၁၇ ခုနှစ်က လာရောက်ခဲ့တာ ဖြစ်ပါတယ်။

ဘုရင်မကြီးနဲ့ တော်ဝင်မိသားစုရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ အဲဒီ နိုင်ငံအဆင့် ခရီးအားလုံးကို အပြည့်အစုံ ဖော်ပြထားပြီး ဘယ်လို ဧည့်ခံတယ် ဆိုတဲ့ အသေးစိတ်တွေကိုပါ ဖော်ပြထားပါတယ်။

ဆက်စပ် အကြောင်းအရာများ