ပူတင်နဲ့ ဆွေးနွေးဖို့ ကင်ဂျုံအွန်း ရုရှားမှာ ရောက်နေ

ကင်ဂျုံအွန်း၊ ပူတင်၊ မြောက်ကိုရီးယား၊ ရုရှား ဓာတ်ပုံ မူပိုင် AFP
Image caption ဗလာဒီဗော့စတော့မြို့မှာ ကင်ဂျုံအွန်းကို အခမ်းအနားနဲ့ ကြိုဆိုခဲ့

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ဖို့ ရုရှားနိုင်ငံ အရှေ့စွန်းပိုင်းမှာ ရောက်ရှိနေပါတယ်။

ကင်ဂျုံအွန်းဟာ သူ့ကိုယ်ပိုင် ရထားနဲ့ အဲဒီနေရာကို လာခဲ့တာဖြစ်ပြီး ဒါဟာ ရုရှားသမ္မတ ပူတင်နဲ့ ကင်ဂျုံအွန်း ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကြာသပတေးနေ့ကျရင် ဗလာဒီဗော့စတော့ ဆိုတဲ့ ပစိဖိတ် ကမ်းရိုးတန်းမြို့နားမှာ ခေါင်းဆောင် နှစ်ဦး တွေ့ဆုံကြမှာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယား ပြဿနာအကြောင်း ဆွေးနွေးကြဖို့ ရှိတယ်လို့ ရုရှားအစိုးရက ပြောပါတယ်။

အမေရိကန် သမ္မတ ထရမ့်နဲ့ ဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ခဲ့အပြီး ကင်ဂျုံအွန်းဟာ ရုရှားဆီကနေ အားကိုးရာ ရှာတာ ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

သမ္မတ ထရမ့်နဲ့ ကင်ဂျုံအွန်းတို့ဟာ အခုနှစ်အစောပိုင်းတုန်းက ဟနွိုင်းမြို့မှာ တွေ့ဆုံပြီး မြောက်ကိုရီးယား နျူကလီးယား လက်နက်စီမံကိန်းအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် ဒုတိယမြောက် ဆွေးနွေးပွဲကို သဘောတူချက် တစုံတရာ မရဘဲ အဆုံးသတ်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ဗလာဒီဗော့စတော့မြို့ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ရောက်ရှိလာချိန်မှာ ရုရှား အစိုးရ တာဝန်ရှိသူတွေက နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။

ရုရှား ရိုးရာ ကိုရိုဗိုင် ပေါင်မုန့်နဲ့ ဆားကို မြည်းစမ်း ကြည့်အပြီးမှာ ကင်ဂျုံအွန်းကို စစ်သံစုံတီးဝိုင်းတစ်ခုနဲ့ ဖျော်ဖြေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကင်ဂျုံအွန်းဟာ လုပ်နေကျအတိုင်း သူ့ရဲ့ ကိုယ်ရံတော်တွေ ဝန်းရံလိုက်ပါလာတဲ့ ကားနဲ့ ထွက်ခွာသွားပါတယ်။

"မြောက်ကိုရီးယား ပြည်သူတွေရဲ့ နွေးထွေးတဲ့ ချစ်ကြည်ရင်းနှီးမှုတွေကို သယ်ဆောင်ပြီး ရုရှားနိုင်ငံကို ကျွန်တော် ရောက်လာခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ အောင်မြင် အသုံးဝင်တဲ့ ခရီးစဉ် ဖြစ်မယ်လို့ မျှော်လင့်ပါတယ်" ဆိုပြီး ကင်ဂျုံအွန်းက Rossiya 24 ရုရှား ရုပ်မြင်သံကြား ဌာနကို ပြောခဲ့ပါတယ်။

"လေးစားရတဲ့ သမ္မတ ပူတင်နဲ့ ဆွေးနွေးပြောဆိုမှုတွေအတွင်း ကိုရီးယားကျွန်းဆွယ်က အခြေအနေတွေကိစ္စ၊ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးကိစ္စ စတာတွေကို ကျွန်တော်အနေနဲ့ ခိုင်ခိုင်မာမာ ပြောပြနိုင်ဖို့ မျှော်လင့်ထားပါတယ်" လို့ ကင်ဂျုံအွန်းက ပြောပါတယ်။

မြောက်ကိုရီးယား ရုရှား ထိပ်သီးဆွေးနွေးပွဲ အကြောင်း

မြောက်ကိုရီးယား ရုရှား ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ့် အချိန်နဲ့ နေရာ အတိအကျကိုတော့ မြောက်ကိုရီးယား အစိုးရ သတင်းမီဒီယာတွေက အတည်ပြု ဖော်ပြတာ မရှိသေးပါဘူး။

ဒါပေမယ့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ်လို့ ယူဆရတဲ့ ဗလာဒီဗော့စတော့မြို့ရဲ့ ရပ်စကီကျွန်းပေါ်မှာ ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ အလံတွေကို လွှင့်ထူထားတာ တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ကိုယ်ပိုင် ကျည်ကာ ရထားကြီးနဲ့ ဗလာဒီဗော့စတော့မြို့ကို ကင်ဂျုံအွန်း ရောက်ရှိလာခဲ့

ဗုဒ္ဓဟူးနေ့မှာ ကင်ဂျုံအွန်းဟာ ရုရှားနိုင်ငံ နယ်စပ်ကို ဖြတ်ကျော် ဝင်လာခဲ့ပြီး ခါဆန် နယ်စပ်မြို့မှာ သူ့ကိုယ်ပိုင်ရထားကနေ အပြင်ကို ထွက်လာတယ်လို့ သတင်းတွေက ဆိုပါတယ်။ အဲဒီမှာ အခမ်းအနားနဲ့ ကြိုဆိုခဲ့ကြပြီး ရိုးရာ ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ရုရှား အမျိုးသမီးတွေက ကင်ဂျုံအွန်းကို ဆီးကြို နှုတ်ဆက်ခဲ့ကြပါတယ်။

နှစ်ဘက်စလုံးက ဘာတွေ လိုချင်ကြသလဲ

ဒီခရီးစဉ်ဟာ အခုနှစ် အစောပိုင်းတုန်းက အမေရိကန်နဲ့ နျူကလီးယား ဆွေးနွေးပွဲ ပျက်ပြားသွားခဲ့အပြီး မြောက်ကိုရီးယားက သူ့မှာ အင်အားကြီးတဲ့ မဟာမိတ်နိုင်ငံတွေ ရှိတယ် ဆိုတာကို ပြချင်တဲ့ သဘောလို့ အများက ရှုမြင်ကြကြောင်း ဘီဘီစီ သတင်းထောက် လော်ရာ ဘစ်ကာ က ပြောပါတယ်။

ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ ဟနွိုင်းမြို့ ထိပ်သီးဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ခဲ့တာဟာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မိုက် ပွန်ပီယို ကြောင့် ဖြစ်တယ်လို့ မြောက်ကိုရီးယားက အပြစ်ပုံချခဲ့ပါတယ်။

မိုက် ပွန်ပီယို ဟာ မဟုတ်တမ်းတရား စကားတွေ ပြောနေတယ်လို့ မြောက်ကိုရီးယားက အခုလ အစောပိုင်းတုန်းက စွပ်စွဲ ပြောခဲ့ပါတယ်။ နျူကလီးယား ဆွေးနွေးပွဲကနေ သူ့ကို ဖယ်ပြီး စကားကို ပိုသတိထား ပြောတတ်သူ တစ်ယောက်ယောက်ကို သူ့နေရာမှာ အစားထိုးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားရဲ့ စီးပွားရေး အနာဂါတ်ဟာ အမေရိကန် အပေါ်မှာပဲ လုံးဝ မူတည်တာ မဟုတ်ဘူး ဆိုတာကို မြောက်ကိုရီးယားအတွက် ဒီထိပ်သီးဆွေးနွေးပွဲနဲ့ ပြဖို့ အခွင့်အလမ်း တရပ် ဖြစ်တယ်လို့လည်း ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒဏ်ခတ် ပိတ်ဆို့မှုတွေ လျှော့ချပေးဖို့ကိုလည်း မြောက်ကိုရီးယားကို ကင်ဂျုံအွန်းက ဖိအားပေးဖွယ် ရှိပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ဗလာဒီဗော့စတော့မြို့က မီးတိုင်တွေမှာ နှစ်နိုင်ငံ အလံတွေ စိုက်ထူထား

တခါ ဒီထိပ်သီးဆွေးနွေးပွဲဟာ ရုရှားအတွက်လည်း ကိုရီးယားကျွန်းဆွယ်မှာ သူတို့ဟာ အရေးပါတဲ့ ကဏ္ဍမှာ ပါတယ် ဆိုတာကို ပြနိုင်ဖို့ အခွင့်အလမ်း ဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

သမ္မတ ပူတင်ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ချင်နေတာ အတော်ကြာပါပြီ။ ထရမ့်နဲ့ ကင်ဂျုံအွန်းတို့ နှစ်ကြိမ်တိုင် တွေ့ခဲ့ကြချိန်မှာ ရုရှားက ဘေးဖယ် ခံထားရတဲ့ ပုံမျိုး ဖြစ်နေခဲ့တာပါ။

မြောက်ကိုရီးယားက နျူကလီးယားနိုင်ငံ တနိုင်ငံ ဖြစ်နေတာနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်တို့လိုပဲ ရုရှားကလည်း သိပ်မကြိုက်လှပါဘူး။

Image caption ကင်ဂျုံအွန်းနဲ့ ပူတင် တွေ့ဆုံ ဆွေးနွေးကြမယ့် ဗလာဒီဗော့စတော့မြို့

ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ဖြစ်နေတာကို လျော့ကျသွားစေဖို့ ရုရှားအစိုးရအနေနဲ့ မျှော်လင့်ထားတယ်လို့ ရုရှားအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေက ပြောပါတယ်။

သမ္မတ ပူတင်ရဲ့ နိုင်ငံခြားရေး မူဝါဒ အကြံပေး ယူရီ ယူရှာကော့ဗ် က အခုလပိုင်းအတွင်း ကိုရီးယားကျွန်းဆွယ်မှာ အခြေအနေတွေ တည်ငြိမ် လာနေတယ်လို့ ဆိုပါတယ်။

အပြုသဘော ဆောင်တဲ့ လမ်းကြောင်းသစ် ပေါ်ထွန်းလာတာကို အခြေခိုင်အောင် ရုရှားအစိုးရဖက်က နည်းမျိုးစုံနဲ့ ကူညီသွားဖို့ ရည်ရွယ်ထားတယ်လို့ သူက သတင်းထောက်တွေကို အင်္ဂါနေ့တုန်းက ပြောသွားပါတယ်။

အရင်က မြောက်ကိုရီးယားရဲ့ နျူကလီးယား စီမံကိန်း အဆုံးသတ်ရေး ဆွေးနွေးပွဲတွေမှာ ရုရှား ပါဝင်ခဲ့ပါတယ်။

ကင်ဂျုံအွန်းရဲ့ ဖခင် မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်ဂျုံအီလ် ဟာ ၂၀၁၁ ခုနှစ်တုန်းက အဲဒီအချိန်က သမ္မတဖြစ်သူ ဒီမစ်ထရီ မက်ဗီဒက်နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ကိုရီးယား ကျွန်းဆွယ်မှာ လက်နက်ဖျက်သိမ်းရေး၊ ငြိမ်းချမ်းရေး ရရေးတွေနဲ့ ပတ်သက်လို့ ရုရှားနဲ့ တောင်ကိုရီးယား အမြင်ချင်း တူညီတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ နျူကလီးယား လှုပ်ရှားမှုတွေကတော့ မြောက်ကိုရီးယားမှာ ဆက်လုပ်နေပုံ တွေ့ရပါတယ်။ ဧပြီလ အစောပိုင်းတုန်းက တာတို မစ်ဆိုင်းလို့ ယူဆရတဲ့ နည်းဗျူဟာပိုင်း ပဲ့ထိန်း လက်နက်သစ် တစ်ခုကို သူတို့ စမ်းသပ် ထုတ်လုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ထုတ်ဖော် ပြောခဲ့ပါတယ်။