အင်ဒိုနီးရှား မြို့တော် ဂျာကာတာ ကနေ တခြား နေရာကို ပြောင်းဖို့ သမ္မတ ဂျိုကို ဝီဒိုဒို လမ်းညွှန်

ဂျာကာတာ မြို့တော် ရဲ့ ညအလှ ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂျာကာတာ မြို့တော် ရဲ့ ညအလှ

အင်ဒိုနီးရှား နိုင်ငံ ရဲ့ မြို့တော် ကို ပြောင်းရွှေ့ မယ်လို့ သမ္မတ ဂျိုကို ဝီဒိုဒို က ဆုံးဖြတ် ထားတယ်လို့ သိရပါတယ်။ လက်ရှိ မြို့တော် ဂျာကာတာ က ကမ္ဘာ မှာ စတုတ္ထ မြောက် လူဦးရေ အထူထပ် ဆုံး မြို့တော် ဖြစ်ပါတယ်။

အင်ဒိုနီးရှားဟာ ဂျားဗား ကျွန်းစု တွေ ထဲက ပင်မ ကျွန်း ကြီး ကို မြို့တော် အဖြစ် သတ်မှတ် ထားပေမယ့် မြို့တော် အသစ် ကိုတော့ ဘယ်နေရာ ကို ပြောင်းရွှေ့ မှာလဲ ဆိုတာ ကိုတမသတ်မှတ်ရ သေးဘူးလို့ စီမံကိန်း ဝန်ကြီး က ဧပြီလ ၂၉ ရက်နေ့မှာ ပြောဆို လိုက်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပတ်လောက် က ရွေးကောက်ပွဲ ကျင်းပ ခဲ့ရာမှာ လက်ရှိ သမ္မတ ထပ်မံ အနိုင် ရရှိတယ်လို့ သတင်းတွေ ထွက်ပေါ် နေပေမယ့် တရားဝင် မဲရလဒ်တွေကို မေလ ၂၂ ရက်နေ့ကျမှ ထုတ်ပြန် မှာပါ။

သမ္မတ ဂျိုကို ဝီဒိုဒို ဟာ ရာထူး တာဝန် ပြန်လည် ထမ်းဆောင် တဲ့ အခါမှာ မြို့တော် ပြောင်းရွှေ့ ရေး ကို အဓိကထား လုပ်ဆောင် သွားမှာ ဖြစ်ပေမယ့် ၁၀ နှစ် လောက် အချိန် ယူရနိုင်တယ်လို့ စီမံကိန်း ဝန်ကြီး က ဆိုပါ တယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြို့တော် ကို ပြောင်းမယ်လို့ သမ္မတ ဂျိုကို ဝီဒိုဒို က ကတိပေးထား

မြို့တော် ကို ဂျားဗား နဲ့ ဝေးတဲ့ နေရာ ကို ပြောင်းရွှေ့ဖို့ သမ္မတ က ဆုံးဖြတ် ခဲ့ပြီး ဒါက အရေးပါတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ စီမံကိန်း ဝန်ကြီး ဘန်ဘန်း ဘရိုဂျိုနီဂိုရို က အစိုးရ အဖွဲ့ အစည်းအဝေး အပြီး သတင်းမီဒီယာတွေကို ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

အစိုးရ အနေနဲ့ နေရာသစ် ကို မရွေးချယ် ရသေးဘူး ဆိုပေမယ့် အင်ဒိုနီးရှား အရှေ့ပိုင်း က ကျွန်းစု တခုခု ဖြစ်ဖို့များ တယ်လို့ လေ့လာသူတွေက သုံးသပ် ကြပါတယ်။ အနာဂတ်မှာ ပြီးပြည့်စုံတဲ့ မြို့တော် ဖြစ်လာ စေဖို့ အမြော်အမြင် ရှိရှိ စဉ်းစား ပြီး ပြင်ဆင် ဆောင်ရွက် သွားမယ်လို့လည်း စီမံကိန်း ဝန်ကြီး က ပြောပါတယ်။

လက်ရှိ မြို့တော် ဂျာကာတာ ဟာ လူ ဦးရေ ၁၀ သန်း ကျော် နေထိုင်ပြီး မော်တော်ယာဉ် ပိတ်ဆို့မှုတွေ နဲ့ ရင်ဆိုင် ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။ ဂျာကာတာ မှာ မော်တော်ယာဉ် ပိတ်ဆို့မှုတွေ ကြောင့် ဒေါ်လာ ၇.၀၄ ဘီလီယံလောက် နှစ်စဉ် ဆုံးရှုံး နေရတယ်လို့လည်း စီမံကိန်း ဝန်ကြီး က ဆို ပါတယ်။

ဒါ့အပြင် ဂျာကာတာ ဟာ ကုန်းမြေ အနိမ့်ပိုင်းမှာ တည်ရှိနေမှု၊ မြေအောက်ရေ ကို အလွန်အကျွံ ထုတ်ယူ သုံးစွဲ မှုတွေကြောင့် မြေပြို ကျမှု နဲ့ နှစ်စဉ် ရေကြီးမယ့် အန္တရာယ် ကိုလည်း ရင်ဆိုင် နေရ ပါတယ်။

နောက်ပြီး အင်ဒိုနီးရှား နိုင်ငံ ရဲ့ ၆၀ ရာခိုင်နှုန်းသော လူဦးရေ သန်း ၂၆၀ ဟာ ဂျားဗား ဒေသမှာ နေထိုင်ကြပြီး သူတို့ တွေရဲ့လူမှု ဘဝ တိုးတက် ကောင်းမွန် ဖို့ အတွက် မြို့တော် ကို ရွှေ့ပြောင်းဖို့ စဉ်းစား ရတာလို့ အစိုးရ အဖွဲ့ တာဝန် ရှိသူ က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ယာဉ်ကျော ပိတ်ဆို့မှု ပြဿနာ ကို အကြီးအကျယ် ရင်ဆိုင်နေရ

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ကတိကဝတ် အဖြစ် ကျေးလက် တောရွာ တွေမှာ ပါ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် မယ်လို့ သမ္မတ က ပြောဆို မဲဆွယ် ခဲ့တာပါ။ သူ့ရဲ့ ရွေးကောက်ပွဲ ကတိကဝတ် ကြောင့် မြို့တော် ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ် ရတာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက ပြောဆိုပါတယ်။

မြို့တော် ပြောင်းရွှေ့မယ့် ကုန်ကျ စားရိတ် ကို တော့ စီမံကိန်း ဝန်ကြီး က ထုတ်ဖော် ပြောကြားခြင်း မရှိပါဘူး။ ဒါပေမယ့် ၁၀ နှစ်လောက် အချိန် ယူ ရနိုင်တယ်လို့ ပြောပါတယ်။ ဘရာဇီး နဲ့ ကာဇက်စတန် နိုင်ငံ တွေ ရဲ့ မြို့တော် တွေပြောင်းရွှေ့ ခဲ့မှု ကိုလည်း အင်ဒိုနီးရှား က လေ့လာ ထား တယ်လို့ အစိုးရ အဖွဲ့ က ထုတ်ပြန် ထားပါတယ်။

နောက်ပြီး ဘော်နီယို ကျွန်းစု တွေ ထဲက ပလန်ကာရာယား ဒေသမှာ မြေ ဧက သုံးသိန်း လောက် ကို ပြင်ဆင်မှုတွေ လုပ် ထားတဲ့ အတွက် အဲဒီ ဒေသဟာ အင်ဒိုနီးရှား ရဲ့ မြို့တော် ဖြစ်လာ နိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက ခန့်မှန်း နေကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပျက်စီးဆုံးရှုံးမှုများတဲ့ အင်ဒို ငလျင်

ဆက်စပ် အကြောင်းအရာများ