ဧကရာဇ်ဘုရင်တစ်ပါးဖြစ်ဖို့ လိုအပ်တဲ့ ဂျပန်ရဲ့ တော်ဝင် နန်းစဉ်ရတနာတွေ

ဓာတ်ပုံ မူပိုင် Picture Art/Alamy
Image caption နန်းစဉ်ရတနာ သုံးခုဟာ ဒဏ္ဍာရီထဲက အာမာတေရစု နေနတ်သမီးဆီက ဆင်းသက်လာတာလို့ မှတ်ယူထားကြပါတယ်။

မေလ ၁ ရက်နေ့မှာပဲ ဂျပန်နိုင်ငံမှာ အိမ်ရှေ့စံမင်းသား နာရူဟီတို နန်းတက်ပြီး ဧကရာဇ်ဘုရင် ဖြစ်လာပါတယ်။

ဒီမတိုင်ခင် တစ်ရက်ကပဲ သူ့ဖခင် ဘုရင်ကြီး အာကီဟီတိုက နန်းစွန့်ပေးခဲ့ပါတယ်။ ဒီ နန်းစွန့်တာနဲ့ နန်းတက်တာတွေကို ရှေးရိုးထုံးတမ်း ရှင်တို ဘာသာရေးအစဉ်အလာတွေအတိုင်းပဲ ကျင်းပကြပါတယ်။ အဲဒီ အခမ်းအနားတွေမှာ အရေးအကြီးဆုံးကတော့ တော်ဝင်နန်းစဉ်ရတနာသုံးပါးပါပဲ။ အဲဒီ နန်းစဉ်ရတနာတွေကတော့ မှန်တစ်ချပ်၊ ဓားတစ်လက်နဲ့ နန်းစဉ်ကျောက်မျက်တစ်လုံးပါ။

ဒီနန်းစဉ်ရတနာတွေ ဘယ်က ဆင်းသက်လာသလဲ၊ ဘယ်မှာ ထားသလဲဆိုတာတွေအားလုံးက လျှို့ဝှက်ဆန်းကြယ် အသိရခက်တဲ့ ပဟေဠိတစ်ခုလိုပါပဲ။ ဒါပေမယ့် အဲဒီ နန်းစဉ်ရတနာတွေဆိုတာကလည်း ဂျပန်ရဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်ပတ်သက်နေပါတယ်။

ဒီတော်ဝင် နန်းစဉ်ရတနာတွေက ဘာကြောင့် အရေးကြီးတာလဲ။

ဂျပန်မှာ တရားဝင် ပြဋ္ဌာန်း သတ်မှတ်ထားတာ မဟုတ်ပေမယ့် ရှင်တိုဘာသာကို နိုင်ငံတော်ဘာသာမျိုး သဖွယ် ကျင့်သုံးကြပါတယ်။ အဲဒီရှင်တိုဘာသာရေး ဓလေ့ထုံးတမ်းတွေမှာ အတိတ်က ဝိဉာဉ်တွေနဲ့ လက်ရှိ ဘဝရဲ့ ဆက်နွယ်မှုတွေကို အလေးထား အသိအမှတ်ပြုပြီး ကျင်းပတဲ့ အစဉ်အလာတွေ ရှိပါတယ်။

၁၉၉၀ က ဧကရာဇ်ဘုရင် အာကီဟီတိုရဲ့ နန်းတက်ပွဲမှာ နန်းစဉ်ရတနာတွေကို သယ်လာတဲ့ ရှင်တို ဘုန်းတော်ကြီးတွေ ဓာတ်ပုံ မူပိုင် Getty Images
Image caption နန်းတက်ပွဲတွေမှာ နန်းစဉ်ရတနာတွေရဲ့ ကဏ္ဍကလည်း အရေးပါပါတယ်။ ဒါပေမယ့် အဲဒီ နန်းစဉ်ရတနာတွေကို တွေ့တော့မတွေ့ကြရပါဘူး။

အဲဒီ ရှင်တိုအခမ်းအနားမှာ တော်ဝင်နန်းစဉ် ရတနာတွေရဲ့ ကဏ္ဍက အရေးပါပါတယ်။ ဒီနန်းစဉ်ရတနာတွေကို နတ်ဘုရားတွေက သူတို့က ဆင်းသက်တယ်လို့ ယူဆယုံကြည်ကြတဲ့ ဧကရာဇ်မင်းတွေကို အစဉ်အလာအတိုင်း လက်ဆင့်ကမ်း လွှဲပေးခဲ့ကြတယ်လို့ ယုံကြည်ထားကြပါတယ်။ တော်ဝင်သရဖူ မဆောင်းတဲ့ ဂျပန်ဘုရင်တွေအတွက် ဒီ နန်းစဉ်ရတနာတွေက သူတို့ရဲ့ သြဇာ အာဏာကို ပြသတဲ့ သင်္ကေတတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ ရတနာတွေဟာ သိပ်ကို လေးနက် မြင့်မြတ်လွန်းတော့ ဘယ်သူမှ တွေ့ခွင့်မြင်ခွင့်မရပဲ သိမ်းဆည်းထားပါတယ်။

ဘယ်တုန်းက ဒီ ရတနာတွေကို လုပ်ထားတာလဲ ဆိုတာလည်း မသိပါဘူး။ ကျွန်တော်တို့ တစ်ခါမှ မမြင်ဖူးဘူးလို့ နာဂိုယာတက္ကသိုလ်က ပါမောက္ခ ဟိဒေးယ ကာဝါနီရှီက ဘီဘီစီကို ပြောပါတယ်။

ဧကရာဇ်ဘုရင် ကိုယ်တိုင်တောင် မြင်ဖူးတာ မဟုတ်ပါဘူးလို့ သူက ဆက်ပြောပါတယ်။

တကယ်ဆိုရင် နန်းတက်ပွဲမှာ နန်းစဉ်ရတနာ အစစ်တွေတောင် သုံးတာမဟုတ်ပါဘူးလို့ တချို့က ပြောပါတယ်။ အစစ်တွေကိုတော့ တကယ်ရှိခဲ့ရင်တောင် သူတို့ကို ထိမ်းသိမ်းထားတဲ့ ရှင်တိုဘုရားကျောင်းတွေမှာပဲ သိမ်းထားပြီး နန်းတက်ပွဲမှာ ပုံစံတူတွေကိုပဲ သုံးလိမ့်မယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အဲဒီ ပုံစံတူတွေကိုတောင် တခြားလူတွေ မြင်တွေ့ခွင့်ရတာတော့ မဟုတ်ပါဘူး။

ယာတနော့ ကာဂါမိ - နန်းစဉ် မှန်ချပ်

သက်တမ်း နှစ်ပေါင်း ၁၀၀၀ ကျော်ပြီလို့ဆိုတဲ့ ဒီမှန်ချပ်ကိုတော့ မီယဲပြည်နယ်က အီဆဲဘုရားကျောင်းတော်ကြီးမှာ ထိန်းသိမ်းထားတယ်လို့ ယူဆရပါတယ်။ ဂျပန် စာရိတ္တဗေဒတက္ကသိုလ်က ရှင်ဆုကေး တာကေနာကာ ကတော့ တော်ဝင်နန်းစဉ်ရတနာတွေထဲမှာ ဒီမှန်က အရေးအပါဆုံးလို့ ဆိုပါတယ်။

၁၉၈၉ ခုနှစ်က နန်းတက်ပွဲမှာ ဒီမှန် တစ်ခုပဲ မပါပဲ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

ပန်းချီပညာရှင်တွေ စိတ်ကူးဖန်တီးထားတဲ့ ယာတနော့ ကာဂါမိ - နန်းစဉ် မှန်ချပ် ဓာတ်ပုံ မူပိုင် BBC/DaviesSurya
Image caption ပန်းချီပညာရှင်တွေ စိတ်ကူးဖန်တီးထားတဲ့ ယာတနော့ ကာဂါမိ - နန်းစဉ် မှန်ချပ်

ဂျပန်ရဲ့ ရိုးရာဒဏ္ဍာရီတွေထဲမှာတော့ မှန်တွေမှာ နတ်တံခိုးရှိကြပြီး အမှန်တရားကို ဖော်ထုတ်ပေးနိုင်တဲ့ စွမ်းအင်ရှိတယ်လို့ ယုံကြည်ကြပါတယ်။ တော်ဝင်နန်းတွင်း အခမ်းအနားတွေမှာ ယာတနော့ ကာဂါမိ လို့ ခေါ်တဲ့ ရှစ်ထောင့်ပါမှန်ချပ်ဟာ ဧကရာဇ် ဘုရင်ရဲ့ အသိဉာဏ်ပညာကို ကိုယ်စားပြုတယ်ဆိုပြီး သုံးစွဲကြပါတယ်။

ဂျပန်ရဲ့ သမိုင်းနဲ့ ဒဏ္ဍာရီတွေကို ရေးထိုးမှတ်တမ်းတင်ထားတဲ့ ကိုဂျိကိရှေးဟောင်းမှတ်တမ်းကြီး အဆိုအရဆိုရင် ယာတနော့ ကာဂါမီကို အီရှီကိုရီဒိုမေနတ်သားက ဖန်တီးပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

နေနတ်သမီး အာမာတေရဆုက သူ့အစ်ကိုတော် ပင်လယ်နဲ့ မုန်တိုင်းနတ်သား ဆူဆာနိုးနဲ့ စစ်ပွဲဆင်ပြီးတဲ့အချိန်မှာ ကမ္ဘာလောကကြီးရဲ့ အလင်းရောင်ကိုပါ ယူဆောင်ပြီး ဂူတစ်ခုထဲကို ဝင်ရောက် ရှောင်တိမ်းခဲ့ပါတယ်။

ဆူဆာနိုးက ပါတီပွဲကြီးတစ်ခု ကျင်းပပြီး ညီမတော်ကို အပြင်ထွက်လာဖို့ ဆွဲဆောင်ပါတယ်။ အာမာတေရဆုဟာ မှန်ထဲမှာ ပြန်မြင်ရတဲ့ သူ့အလင်းရောင်ကြောင့် မျက်စိတွေကျိန်းပြီး မမြင်နိုင်ဖြစ်ရပါတယ်။ မောင်နှစ်မနှစ်ယောက် စစ်ပြေငြိမ်းကြပြီး ကမ္ဘာလောကကြီးဆီကိုလည်း အလင်းရောင်ကို ပြန်ဆောင်ယူလာပေးနိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ မှန်တော်ရော တခြားရတနာတွေပါ အာမာတေရဆုရဲ့ မြေးတော် နီနိဂိရဲ့ လက်ထဲ ရောက်လာပါတယ်။ ပါမောက္ခ တာကေနာကာကတော့ ဒဏ္ဍာရီတွေကို ကိုးကားပြီး ဘွားအေကြီး အာမာတေရဆုနတ်သမီးကြီးက မြေးတော် နီနိဂိကို အဲဒီမှန်ကို အဘွားရဲ့ ဝိဉာဉ်အမှတ်နဲ့ ပြုစုစောင့်ရှောက်ပါ။ သန့်စင်သော ကိုယ်ခန္ဓာ စိတ်ဓာတ်နဲ့ စောင့်ရှာက်ပါလို့ မှာခဲ့တယ်လို့ ဆိုပါတယ်။

နီနိဂိဟာ ဘီစီ ၆၆၀ မှာ ဂျပန်ရဲ့ ပထမဆုံး ဧကရာဇ်ဖြစ်လာသူလို့ ရာဇဝင်တွေက ဆိုတဲ့ ဂျင်မုဘုရင်ကြီးရဲ့ အဘေးတော်သူလို့ ဒဏ္ဍာရီတွေက ဆိုပါတယ်။

ကူဆာနာဂိနော့ ဆုရုဂိ - တော်ဝင်ဓား

ကူဆာနာဂိနော့ ဆုရုဂိလို့ခေါ်တဲ့ မြက်ဖြတ်ဓားကို ဘယ်နေရာမှာ သိမ်းထားသလဲဆိုတာက သိပ်မရှင်းပါဘူး။ ဒါပေမယ့် နာဂိုယာမြို့က အတ်ဆုတဘုရားကျောင်းမှာ ဖြစ်မယ်လို့ အများက ယုံကြည်ထားပါတယ်။

ပန်းချီဆရာက စိတ်ကူးပုံဖော်ထားတဲ့ ကူဆာနာဂိနော့ ဆုရုဂိဓား ဓာတ်ပုံ မူပိုင် BBC/DaviesSurya
Image caption ပန်းချီဆရာက စိတ်ကူးပုံဖော်ထားတဲ့ ကူဆာနာဂိနော့ ဆုရုဂိဓား

ဒဏ္ဍာရီအဆိုအရဆိုရင် ဒီဓားဟာ လူချမ်းသာ မိသားစုရဲ့ သမီးတော်တွေကို ဝါးမျိုစားသောက်နေတဲ့ ခေါင်းရှစ်လုံးပါတဲ့ မြွေကြီးရဲ့ အမြီးမှာပေါက်တဲ့ ဓားလို့ ဆိုကြပါတယ်။

ဖခင်ကြီးက ဆူဆာနိုးကို ဒီမြွေကြီးကို နှိမ်နင်းပေးဖို့ အကူအညီတောင်းပါတယ်။ အောင်မြင်ရင် မြွေကြီး မစားသေးဘဲ ကျန်နေသေးတဲ့ နောက်ဆုံး သမီးတော်နဲ့ ပေးစားပါမယ်လို့လည်း ကတိပြုပါတယ်။ ဆူဆာနိုးက မြွေကြီးကို လှည့်ဖျားပြီး အရက်တွေမူးအောင်တိုက်၊ ပြီးတဲ့အခါ မြွေကြီးရဲ့ အမြီးကို ဖြတ်လို့ ဓားကို ယူလိုက်ပါတယ်။

ဒါပေမယ့် ဓားက သူ့လက်ထဲမှာလည်း ကြာကြာမခံပါဘူး။ သူ့ နှမတော် အာမာတေရဆုနဲ့ စစ်ပြေငြိမ်းရာမှာ ဒီဓားကို ပေးလိုက်ရပါတယ်။

ဒီဓားက ဧကရာဇ်ဘုရင်ရဲ့ ရဲစွမ်းသတ္တိကို ကိုယ်စားပြုပါတယ်။ ဒါပေမယ့် ဒီဓားအကြောင်းလည်း နောက်ထပ်ဘာမှ မသိရ၊ ဘယ်နေရာမှာ သိမ်းထားမှန်းလည်း မသိကြတော့ ဒီဓား တကယ်ရှိရဲ့လားလို့ တချို့ကလည်း မေးခွန်းထုတ်ကြပါတယ်။

တကယ်လည်း ဒီဓားကို လျှို့ဝှက်စွာ သိမ်းဆည်းထားတာပါ။ ၁၇ ရာစုနဲ့ ၁၉ ရာစုကြား အီဒိုကာလမှာ ဒီဓားကို တွေ့မြင်ဖူးတယ်ဆိုတဲ့ ဘုန်းတော်ကြီး တစ်ပါးဟာလည်း ပျောက်ဆုံးသွားခဲ့ပါတယ်။

၁၂ ရာစုတုန်းက စစ်ပွဲတစ်ခုအတွင်း ပင်လယ်ထဲမှာ ပျောက်ဆုံးသွားခဲ့တယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ပျောက်သွားတယ်ဆိုတဲ့ အဲဒီဓားကိုယ်တိုင်ကလည်း ပုံတူပွားထားတာသာ ဖြစ်နိုင်ပြီး အခု နန်းတော်မှာ သိမ်းထားတဲ့ နောက်ထပ် ပုံတူပွားထားတဲ့ ဓားတစ်စင်းကိုပဲ နန်းတက်ပွဲ အခမ်းအနားတွေမှာ သုံးနေတာ ဖြစ်နိုင်တယ်လို့ ပါမောက္ခ တာကေနာကာက ပြောပါတယ်။

၁၉၈၉ ခုနှစ်မှာ ဧကရာဇ်ဘုရင် အာကီဟီတိုနန်းတက်တော့ သူ့ကို ကူဆာနာဂီနော့ ဆုရုဂီဓားလို့ ဆိုတဲ့ ဓားကို အဲဒီအခမ်းအနားမှာ ပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို ပေးခဲ့တဲ့ ဓားပါတယ်ဆိုတဲ့ သေတ္တာကတော့ အခုအထိ မဖွင့်ရသေးပါဘူး။

ယာဆာကာနီနော့ မာဂါတာမာ- တော်ဝင်ကျောက်မြတ်

မာဂါတာမာဆိုတာကတော့ ဘီစီ ၁၀၀၀ လောက်က စပြီး ဂျပန်နိုင်ငံမှာ ပြုလုပ်သုံးစွဲလာတဲ့ ပုတီးစေ့ပုံ ကျောက်တစ်မျိုးဖြစ်ပါတယ်။ ကနဦးမှာ အဆင်အယင်အဖြစ်သုံးခဲ့ရာကနေ နောက်ပိုင်းမှာတော့ အရေးပါတဲ့ သင်္ကေတတစ်ခု ဖြစ်လာပါတယ်။

ယာဆာကာနီနော့ မာဂါတာမာ ဓာတ်ပုံ မူပိုင် BBC/DaviesSurya
Image caption ယာဆာကာနီနော့ မာဂါတာမာ

ဒ႑ဏ္ဍာရီတွေထဲက အတိုင်းဆိုရင် ယာဆာကာနီနော့ မာဂါတာမာကျောက်ဟာ ပျော်ရွှင်ခြင်းနတ်သမီး အာမေနော အူဇူမေ ဝတ်ဆင်ခဲ့တဲ့ လည်ဆွဲထဲက ကျောက်တစ်လုံး ဖြစ်ပါတယ်။ ပျော်ရွှင်ခြင်းနတ်သမီးဆိုတာကတော့ အာမာတေရဆုနတ်သမီးကို သူပုန်းနေတဲ့ ဂူထဲက ထွက်လာအောင် ဆွဲဆောင်ခေါ်ထုတ်ခဲ့သူ ဖြစ်ပါတယ်။

သူက အဲဒီအချိန်က ပုတီးစေ့တွေကို လည်မှာ ဆွဲပြီး ကကွက်ဆန်းတွေ ကပြတဲ့အခါ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ပြီး ဂူထဲအောင်းနေတဲ့ နေနတ်သမီးက အာရုံစိုက်မိသွားအောင် ဖြစ်ပါတယ်။

ဘယ်လို အစပြုခဲ့တယ်ပဲဆိုဆို ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ ယာဆာကာနီနော့ မာဂါတာမာကျောက်ဟာ နန်းစဉ် ရတနာသုံးမျိုးထဲမှာ တစ်ခုတည်းသော မူရင်း ပစ္စည်းဖြစ်နိုင်ပါတယ်။

အဲဒီကျောက်ကို တိုကျိုက ဘုရင့်နန်းတော်မှာ သိမ်းထားပါတယ်။ နန်းတက်ပွဲ အခမ်းအနားမှာ ဆို ဧကရာဇ်ဘုရင်ကြီးရဲ့ စိတ်နှလုံးကောင်းမွန်မှုကို ကိုယ်စားပြုတဲ့ သင်္ကေတအဖြစ် ထုတ်သုံးတာ ဖြစ်ပါတယ်။

ဒီ တော်ဝင်ရတနာတွေကို ဂျပန်လူထုက ဘယ်လောက် ယုံကြည်ကြသလဲ

ဂျပန်ဧကရာဇ်အဆက်ဆက်က သူတို့ဟာ နေနတ်သမီး အာမာတာရဆုက ဆင်းသက်တာလို့ ခံယူကြပေမယ့် သူတို့ကိုယ်သူတို့တော့ နတ်ဘုရားတွေလို့ မခံယူကြပါဘူး။ ဒုတိယကမ္ဘာစစ်မှာ ဂျပန်စစ်ရှုံးအပြီး ဧကရာဇ်ဘုရင်ကြီး ဟီရိုဟီတိုက သူ့ရဲ့ နေမျိုးနွယ်နတ်ဘုရားအဆင့်ကို စွန့်လွှတ်ခဲ့ပါတယ်။

၁၉၂၀က ဧကရာဇ် တိုင်ရှိုရဲ့ နန်းတက်ပွဲ အခမ်းအနား သရုပ်ဖော်ပုံ ဓာတ်ပုံ မူပိုင် Culture Club/Getty Images
Image caption ၁၉၂၀က ဧကရာဇ် တိုင်ရှိုရဲ့ နန်းတက်ပွဲ အခမ်းအနား သရုပ်ဖော်ပုံ

ဒီကနေ့အထိ အဲဒီ ရတနာတွေမှာ နတ်ဘုရားတွေရဲ့ စွမ်းအင်တွေ ရှိတယ်လို့ ယုံကြည်ကြသူတွေ ဂျပန်မှာ အများအပြား ရှိနေပါတယ်လို့ ပါမောက္ခကာဝါနီရှီကပြောပါတယ်။ ဒါပေမယ့် ဒီရတနာတွေဟာ တခြားနိုင်ငံက ဘုရင်တွေဆောင်းတဲ့ သရဖူလိုပဲ အဆောင်အယောင် သက်သက်ပါလို့ ယူဆသူတွေလည်း အများကြီး ရှိနေပါပြီလို့ သူက ဆိုပါတယ်။

ဒီ ရတနာတွေဟာ ဧကရာဇ်ဘုရင်နဲ့ ပတ်သက်ပြီး လျှို့ဝှက် အသိရခက်မှုကို ကူညီဖော်ပြပေးတာက တစ်ကြောင်း၊ ဒီ ဘုရင်မင်းဆက်ဟာ ရှေးနှစ်ပေါင်းများစွာကတည်းက တစ်ဆက်တစ်စပ်တည်း တည်ရှိခဲ့တယ်ဆိုတာကို ပြနေတဲ့ အမှတ်လက္ခဏာတစ်ခု ဖြစ်တာက တစ်ကြောင်း အရေးပါနေတာဖြစ်တယ်လို့ မစ္စတာကာဝါနီရှီက ဆိုပါတယ်။

ပညာရှင်တွေအကြား နောက်ထပ် အမြင်တစ်မျိုးကတော့ ဒီ ရတနာတွေဟာ ဂျပန်ရဲ့ ရှေးရင်း လူမျိုးတွေနဲ့ နောက်မှ ရောက်လာသူတွေအကြား ရောစပ်ပေါင်းကူးမှု တစ်ခုအဖြစ် မြင်ထားကြတာ ဖြစ်ပါတယ်။

ဧကရာဇ်ဘုရင်ကြီးဟာ ခွဲခြားမှုမရှိ လူမျိုးစု အုပ်စုအားလုံးကို ညီညွတ်အောင်စုစည်းရမယ်ဆိုတဲ့ အမြင်ကို ကိုယ်စားပြုတယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀ ရာစုခေတ်မှာတော့ ရှေးဟောင်းရတနာသုံးပါး ဆိုတာက ခေတ်နဲ့ လိုက်လျောညီထွေစွာပဲ လူတွေအတွက် လက်တွေ့ဆန်ဆန် မရှိမဖြစ်တဲ့ ပစ္စည်းသုံးမျိုးကို ရည်ညွှန်းတာဆိုပြီး ပြောလာကြတယ်လို့လည်း ပါမောက္ခကာဝါရှီနီက ပြောပါတယ်။ အဲဒီ ပစ္စည်းတွေကတော့ ရုပ်မြင်သံကြား၊ ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖြည့်စွက်ရေးသားသူ - မာရီကိုအွီး

ဆက်စပ် အကြောင်းအရာများ