နေပြည်တော် အပါအဝင် မြို့တော်သစ်တွေ ပြောင်းရွှေ့ တည်ဆောက်ကြတာ ဘာကြောင့်လဲ

မြို့တော်သစ်၊ အင်ဒိုနီးရှား၊ ဂျကာတာ ဓာတ်ပုံ မူပိုင် Getty Images
Image caption လက်ရှိ ဂျာကာတာမြို့တော်ဟာ တစ်နှစ်ကို ၂၅ စင်တီမီတာနှုန်းနဲ့ မြေကြီးထဲ နိမ့်ဆင်းနေပါတယ်။

အင်ဒိုနီးရှား အစိုးရက ဂျာကာတာမြို့တော်နဲ့ ခပ်ဝေးဝေး တစ်နေရာမှာ မြို့တော်သစ်တစ်ခု တည်ဆောက်မယ်လို့ အခုသီတင်းပတ်မှာ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ယာဉ်အသွားအလာ ပိတ်ဆို့တဲ့ ပြဿနာကအစ ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံးနှုန်းနဲ့ မြေကြီးအောက်ထဲ နိမ့်ဆင်းတဲ့ မြို့တစ်ခု ဖြစ်လာနေတာအဆုံး အကြောင်းရင်း အတော်များများကြောင့်လို့ ဆိုပါတယ်။

ဘယ်နေရာမှာ မြို့တော် ပြောင်းရွှေ့ တည်ဆောက်မလဲဆိုတာ နည်းလမ်းတွေ ဆွေးနွေးနေဆဲ ဖြစ်ပေမယ့် ဧပြီလအစောပိုင်းက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူ သမ္မတ ဂျိုကို ဝီဒိုဒို ကတော့ ဘော်နီယိုကျွန်းပေါ်မှာ မြို့တော်သစ် တည်ဆောက်ဖို့ ဆန္ဒရှိနေပါတယ်။

သုညကစလို့ မြို့တော်သစ်တစ်ခု တည်ရတော့မယ့် အင်ဒိုနီးရှားပြည်သူတွေအနေနဲ့ အလားတူ လုပ်ခဲ့ကြတဲ့ နိုင်ငံတွေရဲ့ လမ်းအတိုင်း လိုက်ရဖို့ ရှိပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ နိုင်ငံတွေကတော့ အသစ်စက်စက် မြို့တော်တွေကို တည်ခဲ့ကြတဲ့ နိုင်ငံတွေပါ။

နေပြည်တော်၊ မြန်မာနိုင်ငံ (၂၀၀၅)

ဓာတ်ပုံ မူပိုင် Getty Images
Image caption နေပြည်တော်မှာ ခမ်းနားတဲ့ အဆောက်အအုံကြီးတွေ ဆောက်လုပ်ထားပေမယ့် ရန်ကုန်လို မစည်ကားသေးပါဘူး။

ရန်ကုန်ကနေ နေပြည်တော်ကို မြို့တော် ပြောင်းရွှေ့ တည်ဆောက်ခဲ့တာဟာ ရန်ကုန်မြို့ဟာ လူနေ အိမ်ခြေ ပြည့်ကျပ်လာနေတဲ့အတွက် ဖြစ်တယ်လို့ အစိုးရက အကြောင်းပြပါတယ်။ ဒါပေမယ့် နောက်ထပ် အချက်တွေ အများကြီး ရှိနိုင်ပါတယ်။

နေပြည်တော်ဟာ ရန်ကုန်မြို့ထက် နိုင်ငံရဲ့ အလယ်ဗဟို ပိုကျပြီး မငြိမ်မသက်ဖြစ်နေတဲ့ ဒေသတွေကို အစိုးရက ထိန်းချုပ်နိုင်ဖို့ ပိုလက်လှမ်းမီတဲ့နေရာ ဖြစ်ပါတယ်။

ဒါပေမယ့် နေပြည်တော်မှာ မြို့တော် ပြောင်းရွှေ့ အခြေစိုက်ခဲ့တဲ့ နောက်ကွယ်က တကယ့် အကြောင်းရင်းက ၁၉၆၂ ခုနှစ်ကတည်းက စလို့ နိုင်ငံကို အုပ်ချုပ်လာခဲ့တဲ့ စစ်အစိုးရအနေနဲ့ နိုင်ငံတွင်း ဆူပူအုံကြွမှုတွေ ဒါမှမဟုတ် တကယ်လို့ ပြည်ပက ကျူးကျော်တိုက်ခိုက်မှုတွေ ရှိလာမယ် ဆိုရင် သိပ်သည်း ထူထပ်တဲ့ တောင်တန်း တောအုပ်တွေ ဝန်းရံနေတဲ့ နေပြည်တော်က အကာအကွယ် ပိုရှိနိုင်တယ်လို့ ယူဆတာကြောင့် ဖြစ်တယ်ဆိုပြီး လူတော်တော်များများက ယုံကြည်နေကြပါတယ်။

ပူထရာဂျာယား၊ မလေးရှားနိုင်ငံ (၂၀၀၂)

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပူထရာဂျာယားမြို့ဟာ မလေးရှားနိုင်ငံရဲ့ မြို့တော်သစ် တစ်ပိုင်း ဖြစ်လာခဲ့ပါတယ်။

စီမံကိန်းဆွဲ ဆောက်လုပ်ခဲ့တဲ့ ပူထရာဂျာယားမြို့ဟာ မလေးရှား အစိုးရ ရုံးစိုက်ရာ မြို့ ဖြစ်လာပေမဲ့ ကွာလာလမ်ပူမြို့ကတော့ အစိုးရနဲ့ တော်ဝင်ဘုရင်တွေရဲ့ မြို့တော်အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

ဗိသုကာပိုင်းဆိုင်ရာ အံ့ဖွယ်တစ်ပါး အဖြစ် အများက ဖေါ်ညွှန်းလေ့ရှိကြတဲ့ ပူထရာဂျာယားမြို့ကို မလေးရှား အာဏာပိုင်တွေက လုံး၀ဥဿုံ အစကနေ တည်ဆောက်ခဲ့ရတာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကာဇက်စတန်နိုင်ငံက အက်စ်တာနာမြို့တော်ဟာ အာရှ အလယ်ပိုင်းမှာ ခေတ်အမီဆုံးမြို့တွေထဲက တခုဖြစ်ပါတယ်။

အက်စတာနာ (နူရ် ဆူလ်တန်)၊ ကာဇက်စတန်နိုင်ငံ ( ၁၉၉၇)

ကာဇက်ဘာသာနဲ့ မြို့တော်လို့ အမည်ရတဲ့ အက်စတာနာမြို့ကို သမ္မတ နူရ်ဆူလ်တန် နဇာဘယက်ဗ် ရဲ့ အမိန့်နဲ့ ၁၉၉၇ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။

အဆောက်အအုံသစ်တွေနဲ့ ပြည့်နှက်လာနေတဲ့ အက်စတာနာမြိုဟာ အာရှအလယ်ပိုင်းမှာ ခေတ်အမီဆုံးမြို့တွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။

အခုနှစ် အစောပိုင်းက သမ္မတ နဇာဘယက်ဗ် ရာထူးကနေ နုတ်ထွက်သွားခဲ့အပြီးမှာ အက်စတာနာမြို့ကို နူရ် ဆူလ်တန် မြို့ ဆိုပြီး အာဏာပိုင်တွေက အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။

အဘူဂျာ၊ နိုင်ဂျီးရီးယားနိုင်ငံ (၁၉၉၁)

ဓာတ်ပုံ မူပိုင် Getty Images
Image caption လေးဂေါ့စ်မြို့မှာ လူဦးရေ မတန်တဆ များလာနေတာကြောင့် နိုင်ဂျီးရီးယား အာဏာပိုင်တွေက အဘူဂျာမြို့ကို မြို့တော်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ရပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ အဓိက ကြီးစိုးနေတဲ့ ယိုရူဘာ၊ အစ်ဘိုနဲ့ ဟောဆာ ဖူလာနီ ဆိုတဲ့ လူမျိုးစုကြီး ၃ ခုကနေ သီးခြား လွတ်လပ်တဲ့ မြို့တစ်ခု ဖန်တီးဖို့ ကြိုးစားတဲ့အနေနဲ့ အာဏာပိုင်တွေက ၁၉၉၁ ခုနှစ်မှာ မြို့တော်ကို လေးဂေါ့စ်မြို့ကနေ အဘူဂျာမြို့ကို ပြောင်းရွှေ့ တည်ဆောက်ခဲ့ပါတယ်။

နောက်အကြောင်းရင်း တစ်ခုကလည်း လေးဂေါ့စ်မြို့ရဲ့ အခြေခံအဆောက်အအုံ ပြဿနာကြောင့် ဖြစ်ပါတယ်။

၁၉၇၀ ခုနှစ်မှာ လူဦးရေ ၁ ဒသမ ၄ သန်းလောက်သာ ရှိခဲ့တဲ့ လေးဂေါ့စ်မြို့မှာ မနှစ်က လူဦးရေ ၂၁ သန်း ရှိနေပြီလို့ ခန့်မှန်းရပါတယ်။

အစ္စလာမ်မာဘတ်၊ ပါကစ္စတန်နိုင်ငံ (၁၉၆၇)

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၁၉၆၇ ခုနှစ်မှာ အစ္စလာမ်မာဘတ်မြို့ကို ပါကစ္စတန်ရဲ့ မြို့တော်အဖြစ် တရားဝင် ကြေညာ

ပါကစ္စတန်မှာလည်း နိုင်ငံ ပေါင်းစည်းရေး ကြိုးပမ်းတဲ့အနေနဲ့ အစ္စလာမ်မာဘတ်မြို့တော်သစ်ကို ပြောင်းရွှေ့ တည်ဆောက်ခဲ့တာပါ။

အိန္ဒိယကနေ ပါကစ္စတန် ခွဲထွက်အပြီး ၁၉၄၇ ခုနှစ် သြဂုတ်လမှာ ပါကစ္စတန်နိုင်ငံ တည်ထောင်ခဲ့ပြီးကတည်းက ကရာချိမြို့ဟာ အစိုးရ ရုံးစိုက်ရာမြို့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရေရှားပါးပြီး သဲကန္တာရ ပတ်လည် ဝိုင်းနေတဲ့ ကရာချိမြို့ဟာ မြို့တော် တစ်ခုအဖြစ်တော့ သိပ်လက်တွေ့ မကျခဲ့တဲ့အတွက် အစ္စလာမ်မာဘတ်မြို့ကို မြို့တော်သစ်အဖြစ် ပြောင်းရွှေ့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဘရာဆီးလီးယား၊ ဘရာဇီးနိုင်ငံ ( ၁၉၆၀)

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘရာဇီးနိုင်ငံရဲ့ တောင်တန်းထူထပ်တဲ့နေရာမှာ ၁၉၅၉ ခုနှစ်တုန်းက ဘရာဆီးလီးယားမြို့တော် စတည်ဆောက်ခဲ့

ဘရာဇီးနိုင်ငံရဲ့ အကျော်ကြားဆုံး မြို့ဖြစ်တဲ့ ရီယို ဒီ ဂျနဲရိုးမြို့ဟာ ၁၇ ရာစုလောက်ကတည်းက နိုင်ငံ့မြို့တော်အဖြစ် ရှိခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၆၀ ပြည့်လွန်နှစ်ပိုင်း ရောက်တဲ့အခါမှာတော့ နိုင်ငံအလယ်မြောက်ပိုင်း တောင်တန်းထူထပ်တဲ့ ဒေသမှာ ရှိတဲ့ ဘရာဆီးလီးယားမြို့ကို မြို့တော်အဖြစ် ပြောင်းရွှေ့ တည်ဆောက်ခဲ့ပါတယ်။

ရီယို ဒီ ဂျနဲရိုးမြို့ဟာ သမိုင်းစဉ်ဆက်အရ ပင်လယ်ကနေ တိုက်ခိုက်ခံရတဲ့ အန္တရာယ် ပိုများခဲ့သလို အာဏာပိုင်တွေအနေနဲ့ နိုင်ငံထဲ ပိုထဲထဲဝင်ဝင် ပါဝင်ချင်တဲ့အတွက် ရီယို ဒီဂျနဲရိုးကနေ မြို့တော် ပြောင်းရွှေ့ဖို့ကို ၁၈၉၁ ခုနှစ်လောက်ကတည်းက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ကေဇွန်စီတီး၊ ဖိလစ်ပိုင်နိုင်ငံ (၁၉၄၈)

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၁၉၇၆ ခုနှစ်မှာ ကေဇွန် စီတီးကနေ မနီလာကို မြို့တော် ပြောင်းရွှေ့

၁၉၄၀ ခုနှစ်မှာ သမ္မတ မန်ဝဲ ကေဇွန် တည်ထောင်ခဲ့တာကို အစွဲပြုပြီး ကေဇွန် စီတီး မြို့တော်လို့ အမည်တွင်ခဲ့ပါတယ်။

ဒါပေမဲ့ အစိုးရ လုပ်ငန်း အတော်များများကိုတော့ မနီလာမြို့မှာပဲ ဆက်လက် လုပ်ကိုင်ခဲ့ပြီး လက်တွေ့ အသုံးကျတဲ့ မနီလာကို မြို့တော်အဖြစ် ၁၉၇၆ ခုနှစ်မှာ ပြန်လည် သတ်မှတ်ခဲ့ပါတယ်။

ကင်ဘာရာ၊ သြစတြေးလျနိုင်ငံ (၁၉၇၂)

သြစတြေးလျနိုင်ငံမှာတော့ မြို့ကြီးတွေ ဖြစ်ကြတဲ့ ဆစ်ဒနီရော၊ မဲလ်ဘုန်းမြို့ပါ မြို့တော်ကြီးတွေ ဖြစ်ချင်နေကြရာမှာ အဲဒီမြို့ကြီးတွေအစား ကင်ဘာရာမှာ မြို့တော် တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

၁၉၀၈ ခုနှစ်မှာ ဆုံးဖြတ်ချက် ချခဲ့ပေမဲ့ ၁၉၂၇ ခုနှစ်မှာမှ ပါလီမန်လွှတ်တော်ကို ကင်ဘာရာမြို့တော်မှာ ပြောင်းရွှေ့ တည်ဆောက်ခဲ့ပါတယ်။

နယူးဒေလီ၊ အိန္ဒိယနိုင်ငံ (၁၉၁၁)

ဓာတ်ပုံ မူပိုင် Getty Images
Image caption နယူးဒေလီကို မြို့တော်အဖြစ် ၁၉၃၁ ခုနှစ်မှာ အခမ်းအနားနဲ့ ကြေညာပါတယ်။

အိန္ဒိယနိုင်ငံမှာ ကာလကတ္တားမြို့ကို ဗြိတိသျှ ပိုင်နက်နယ်မြေရဲ့ မြို့တော်အဖြစ် ရာစုနှစ်နဲ့ချီ သတ်မှတ် ထားရှိခဲ့တာပါ။ ဒါပေမဲ့ ၁၉၁၁ ခုနှစ်မှာ ကာလကတ္တားမြို့နားတစ်ဝိုက်က ဘင်္ဂါလီဒေသမှာ ဗြိတိသျှတွေ အုပ်ချုပ်မှုကို ဆန့်ကျင်မှုတွေ ရှိလာတဲ့အတွက် မြို့တော်ကို နယူးဒေလီဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။

၁၆၄၈ ခုနှစ်ကနေ ၁၈၅၇ ခုနှစ်အထိ မဂိုအင်ပါယာရဲ့ မြို့တော် ဖြစ်ခဲ့တဲ့ ဒေလီမြို့ဟောင်း ဝန်းကျင်မှာ အဲဒီအချိန်က စလို့ နယူးဒေလီ မြို့တော်သစ် ပေါ်ပေါက်လာခဲ့ပါတယ်။

DO NOT DELETE OR TRANSLATE! Digihub tracker for [48093096]