ဟယ်ရီ နဲ့ မီဂန် တို့ရဲ့ သားတော်ဟာ ၇ ယောက်မြောက် နန်းမွေ ဆက်ခံခွင့် ရှိသူ

ဗြိတိန် တော်ဝင် မင်းသား ဟယ်ရီ ရဲ့ ဇနီးသည် မီဂန် မာ့ခဲလ် ဟာ သားတော် ကို မေလ ၆ ရက်နေ့ မှာ မွေးဖွား ခဲ့ကြောင်း မင်းသား ဟယ်ရီ ကိုယ်တိုင် ထုတ်ပြန် ကြေညာ ပါတယ်။

ဇနီးသည် မီဂန် ကိုယ်ဝန်ဆောင်စဉ် ကာလမှာ အားပေး ခဲ့ကြတဲ့ ပြည်သူတွေ ကိုလည်း သူ့ အနေနဲ့ ကျေးဇူး တင်ကြောင်းနဲ့ မိခင်နဲ့ ကလေးဟာ ကျန်းမာစွာ ရှိကြောင်း သူက ပြောဆို ပါတယ်။

ဗြိတိန် စံတော်ချိန် မနက် ၅ နာရီ ၂၆ မိနစ်မှာ ကလေး ကို မွေးဖွား ခဲ့တာ ဖြစ်ပြီး လောလောဆယ်မှာ နာမည် မပေးရသေးဘူးလို့လည်း သူက ဆိုပါတယ်။

ဘာကင်ဟမ် နန်းတော်က ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာတော့ ကလေးရဲ့ ကိုယ်အလေးချိန်ဟာ ၇ ပေါင် နဲ့ ၃ အောင်စ ရှိပြီး ၈ ယောက်မြောက် မြစ်တော်လေး အတွက် ဘုရင်မကြီး အယ်လိဇဘက် နဲ့ တော်ဝင် မိသားစု ဝင် တွေ က လည်း ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မင်းသား ဟယ်ရီ က ဖခင် ဖြစ်ရတဲ့ အတွက် ဂုဏ်ယူကြောင်း ပြောဆို

နောက်ပြီး မီဂန် မာ့ခဲလ် ရဲ့ မိခင် ဖြစ်သူ ဒိုရီယာ ရဂ်လန် ဟာလည်း သမီး ဖြစ်သူ နဲ့ အတူ ဖော့ဂ်မိုး အိမ်တော်မှာ ရှိနေတယ်လို့ နန်းတော် ထုတ်ပြန် ချက် ထဲမှာ ရေးသား ထားပြီး သူလည်း အလွန် အင်မတန်မှ ဝမ်းသာ နေတယ်လို့ ဖော်ပြ ပါရှိပါတယ်။

အခု မွေးဖွားခဲ့တဲ့ တော်ဝင် မင်းသား လေး ဟာ ဖခင် ဟယ်ရီ ရဲ့ နောက်မှာ ၇ ယောက်မြောက် နန်းမွေ ဆက်ခံခွင့် ရှိသူ ဖြစ်ပြီး ဘုရင်မကြီး အယ်လိဇဘက် ရဲ့ ၈ ယောက်မြောက် မြစ်တော် ဖြစ်ပါတယ်။

မင်းသား ဟယ်ရီ က နောက်ထပ် ၂ ရက် လောက် နေရင် သူ့သားကို ဗြိတိန် ပြည်သူတွေ တွေ့မြင် ခွင့် ရမယ်လို့ ပြောဆို ပါတယ်။ ဒါ့အပြင် ဖခင် တစ်ယောက် ဖြစ်ခွင့် ရတဲ့ အတွက် အင်မတန်မှ ဂုဏ်ယူမိကြောင်း ပြောဆို ခဲ့ပါတယ်။

မိခင် ဖြစ်သူ မီဂန် မာ့ခဲလ် ဟာ အမေရိကန် နိုင်ငံသား ဖြစ်တာကြောင့် သူက မွေးတဲ့ သား ဖြစ်သူ ဟာလည်း ၂ နိုင်ငံသား အဖြစ် အလိုအလျောက် ရရှိမှာပါ။

တော်ဝင်မင်းသား မွေးဖွား ခဲ့တဲ့ အတွက် ဝန်ကြီးချုပ် ထရီဆာ မေ နဲ့ အင်္ဂလန် သာသနာပိုင် ဘုန်းတော်ကြီး ဂျပ်စတင် ဝဲလ်ဘီ တို့ကလည်း ဝမ်းသာ ဂုဏ်ယူ မိကြောင်း လူမှု ကွန်ရက်တွေမှာ ပြောဆိုထားပါတယ်။

မင်းသား ဟယ်ရီ နဲ့ မီဂန် မာခဲလ် တို့ ရဲ့ လက်တွဲခဲ့မှု အချိန်ဇယား

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက် - မင်းသား ဟယ်ရီ နဲ့ အမေရိကန် သရုပ်ဆောင် မီဂန် မာခဲလ် တို့ ချိန်းတွေ့ နေကြောင်း ဘာကင်ဟမ် နန်းတော်က တရားဝင် ထုတ်ပြန်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက် - နှစ်ဦးသား စေ့စပ် ကြောင်းလမ်း လိုက်ပြီ ဖြစ်ကြောင်း ဟယ်ရီ နဲ့ မီဂန် တို့ က ကြေညာ။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက် - သူတို့ နှစ်ဦး လက်ထပ် ထိမ်းမြားဖို့ ရက်ရွေး ချယ် ခဲ့ပြီးကြောင်း နန်းတော် က အတည်ပြု ထုတ်ပြန်။

၂၀၁၈ ခုနှစ်၊ မေလ ၁၈ ရက် - စိန့်ဂျော့ ဘုရားကျောင်း ထဲမှာ သူတို့ နှစ်ဦး ရဲ့ မင်္ဂလာ ပွဲ ကျင်းပ။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် - မီဂန် မာခဲလ် မှာ ကိုယ်ဝန်ဆောင် ထားကြောင်း နန်းတော် က ထုတ်ပြန် ကြေညာ။

၂၀၁၉ ခုနှစ်၊ မေလ ၆ ရက် - ဟယ်ရီ နဲ့ မီဂန် တို့ ရဲ့ သားတော်ကို မွေးဖွား။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဟယ်ရီ နဲ့ မီဂန် တို့ စုံတွဲ