လေဖြတ်ရောဂါကုထုံးသစ် စမ်းသပ်မှု အကြီးအကျယ်အောင်မြင်

ဗေဂတ်စ်နာဗ် လှုံဆော်မှု(VNS) လုပ်တဲ့ ပုံစံ ဓာတ်ပုံ မူပိုင် MicroTransponder
Image caption ဗေးဂတ်စ်နာဗ် အာရုံကြောကို လှုံဆော်တဲ့ ကုထုံးကို epilepsy အတက်ရောဂါရှိသူတွေကို ကုလေ့ရှိပါတယ်

လေဖြတ်တဲ့သူတွေကို ကုထုံးသစ်တမျိုးနဲ့ စမ်းသပ်ကုခဲ့ရာမှာ အကြီးအကျယ်အောင်မြင်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ကိုယ်ထဲမှာ ထည့်သွင်းထားတဲ့ အီလက်ထရွန်နစ် ပစ္စည်းလေးကနေ ထုတ်လွှတ်တဲ့ အီလက်ထရွန်နစ် လှိုင်းတွေဟာ အာရုံကြောကတဆင့် ဦးနှောက်က ထိခိုက်ပျက်စီးနေတဲ့ နေရာကို ရှောင်ပြီး ခြေလက် လှုပ်ရှားနိုင်အောင် လှုံဆော်ပေးပါတယ်။

လွန်ခဲ့တဲ့ တနှစ်က လေဖြတ်ခဲ့လို့ ဘယ်လက် မလှုပ်ရှားနိုင်တော့တဲ့ ကောလင်းကလပ်ဆိုသူကို အဲဒီကုထုံးသစ်နဲ့ စမ်းပြီး ကုသခဲ့ရာမှာ အခုတော့သူဟာ အဲဒီလက်ကိုပြန်သုံးနိုင်ခဲ့ပြီဖြစ်ပါတယ်။

အခုစမ်းသပ်မှုက အကြီးအကျယ်အောင်မြင်တာကြောင့် လေဖြတ်ခံရတဲ့ လူနာတွေအတွက် မျှော်လင့်ချက်အများကြီးရှိလာစေပါတယ်လို့ ယူကေနိုင်ငံ နယူးကာဆယ်မြို့က တော်၀င် ဗစ်တိုရီးယား အင်ဖန်မရီဆေးရုံမှာ လုပ်ခဲ့တဲ့ အဲဒီ စမ်းသပ်ကုသမှုကို ဦးဆောင်တဲ့ ဒေါက်တာ အာနန် ဒီဇစ်က ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် လက်တွေ မလှုပ်ရှားနိုင်တဲ့ လေဖြတ်ဝေဒနာရှင်ကို ကုသနိုင်ဖို့ ရည်ရွယ်ပြီး ဒီစမ်းသပ်မှုကို လုပ်ခဲ့တာဖြစ်ပါတယ်။

သူရဲ့ သေနေတဲ့ ဘယ်လက် ပြန်မကောင်းနိုင်တော့ဘူးလို့ စိတ်လျော့ထားပြီး ညာလက်ကိုပဲ အားပြုနေခဲ့တာလို့ လေဖြတ်ဝေဒနာရှင် မစ္စတာကလပ်က ပြောပါတယ်။

အခုတော့ သူဟာ လက်နှစ်ဘက်လုံးကို သုံးလို့ ဖန်ခွက်ထဲ ရေဖြည့်တာ၊ လင်ပန်းလိုပစ္စည်းမျိုးသယ်တာ မျိုးတွေကို လုပ်လာနိုင်ပါပြီ။

Image caption လေဖြတ်ထားတဲ့ သူရဲ့ ဘယ်လက်ကို အခု ပြန်သုံးလို့ရပြီလို့ ကောလင်းကလပ်က ပြော

ဦးနှောက်တွင်းက အစိတ်အပိုင်းတွေကို သွေးဖြန့်ဖြူးမှု ပြတ်တောက်သွားလို့ ခြေလက်အင်္ဂါတွေ မလှုပ်မရှားနိုင်တော့တဲ့ လေဖြတ်ဝေဒနာဟာ ယူကေနိုင်ငံမှာ ကိုယ်ပိုင်းမသန်စွမ်းမှုဖြစ်ရတဲ့ အဓိက အကြောင်းရင်းဖြစ်ပြီး စတုတ္ထ မြောက် သေဆုံးသူအများဆုံးဖြစ်ပါတယ်။

စမ်းသပ်မှုမှာ ပါဝင်တဲ့ လူနာတွေရဲ့ ကိုယ်ထဲကို အီလက်ထရွန်နစ် ကိရိယာကလေးကို ထိုးသွင်းမြှုပ်နှံရပါတယ်။ အဲဒီကိရိယာလေးက ထုတ်လွှတ်တဲ့ လျှပ်စီးလှိုင်းတွေဟာ ထိခိုက်ပျက်စီးနေတဲ့ ဦးနှောက်နေရာတွေကို ကျော်ပြီး တခြားကောင်းတဲ့ နေရာကို ချိတ်ဆက်လှုံ့ဆော်ပေးပါတယ်။

မလှုပ်မရှားနိုင်ဖြစ်နေတဲ့ ကိုယ်လက် အင်္ဂါ အစိတ်အပိုင်းတွေ ပြန်အသုံးပြုနိုင်အောင် ဦးနှောက်ကိုပြန်သင်ပေးဖို့ လိုအပ်တဲ့အတွက် လူနာတွေကို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ပေးတဲ့ ကုထုံးတွေနဲ့ လေ့ကျင့်ခန်းတွေ ထပ်တလဲလဲ လုပ်ပေးခဲ့ပါတယ်။

ဒီစမ်းသပ်မှုမှာ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုက လူနာတွေပါဝင်ခဲ့ပြီး လာမယ့်နှစ်ကျမှ ပြီးဆုံးမှာဖြစ်ပါတယ်။

ဗေးဂတ်နာဗ် အာရုံကြော လှုံဆော်တဲ့ ကုထုံးကို အတက်ရောဂါနဲ့ စိတ်ကျရောဂါတွေ ကုသရာမှာ အသုံးပြုနေခဲ့ပြီးဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ