ပင်လယ်ကွေ့ ဒေသထဲကို ဒုံးခွင်းဒုံး စနစ် ပို့ဆောင် ခဲ့တာကြောင့် အမေရိကန် နဲ့ အီရန် တင်းမာ

The USS Arlington military ship ဓာတ်ပုံ မူပိုင် Getty Images
Image caption ပင်လယ်ကွေ့ဒေသထဲ သွားရောက်နေတဲ့ အမေရိကန် စစ်သင်္ဘော ယူအက်စ်အက်စ် အာလင်တန်

အမေရိကန် နိုင်ငံဟာ အရှေ့ အလယ်ပိုင်း ပင်လယ်ကွေ့ ဒေသထဲ ကို ပတ်ထရီရော့ဒ် ဒုံးကျည် ကာကွယ်ရေး စနစ် တွေ ကို ပို့ဆောင် လိုက်တာကြောင့် အီရန် နိုင်ငံနဲ့ တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဒုံးခွင်းဒုံး စနစ် တွေ တင်ဆောင် လာတဲ့ အမေရိကန် စစ်သင်္ဘော ယူအက်စ် အက်စ် အာလင်တန် နဲ့ အတူ တိုက်ခိုက်ရေး ယာဉ် တွေ တင်ဆောင် ထားတဲ့ ယူအက်စ်အက်စ် အေဗရာဟမ် လင်ကွန်း ဟာလည်း ပင်လယ်ကွေ့ ဒေသ ထဲ ကို သွားရောက် နေတာပါ။

ဒါ့အပြင် ကာတာ နိုင်ငံ မှာ ရှိတဲ့ အမေရိကန် စစ် အခြေစိုက် စခန်း မှာ ယူအက်စ် ဘီ ၅၂ ဗုံးကြဲ လေယာဉ် တွေ ရောက်နေပြီလို့လည်း ပင်တဂွန် စစ်ဌာနချုပ် က ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

အမေရိကန် အနေနဲ့ ဒီလို စစ်ရေး ပြင်ဆင်တာဟာ ပင်လယ်ကွေ့ ဒေသ ထဲမှာ ရှိတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေ ကို အီရန် က ခြိမ်းခြောက်မှုတွေ လုပ်လာ တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန် တို့ရဲ့ ပတ်ထရီရော့ဒ် ဒုံးခွင်းဒုံး စနစ်

ဘယ်နေရာဒေသတွေ မှာ အီရန် ဘက် က ခြိမ်းခြောက်မှုတွေ လုပ်နေတာလဲ ဆိုတဲ့ အသေးစိတ် အချက်အလက် တွေကိုတော့ ထုတ်ဖော်ပြောကြား ခြင်း မရှိပါဘူး။

အမေရိကန် တို့ ရဲ့ ပြောဆိုမှုကို အီရန် ဘက် က ပယ်ချ လိုက်ပြီး ဒါဟာ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေလို့ တုန့်ပြန်ပါတယ်။ နောက်ပြီး အမေရိကန် ရဲ့ စစ်ရေး ပြင်ဆင်မှုတွေဟာ အီရန် ကို ခြိမ်းခြောက်တဲ့ စိတ်ဓါတ် စစ်ဆင်ရေး လုပ်ရပ် အဖြစ် ပြန်လည် ပြောဆိုပါတယ်။

ဒါ့အပြင် အီရန် ရဲ့ နျူကလီးယား ထုတ်ရာမှာသုံးတဲ့ ယူရေနီယံ သန့်စင်ရေး လုပ်ဆောင် နေမှုတွေကိုလည်း ဆက်လက် ဆောင်ရွက် သွားမယ်လို့ တီဟီရန် ဘက် က ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။

ပင်လယ်ကွေ ဒေသ ရဲ့ အကျိုး စီးပွား နဲ့ အဲဒီမှာ ရှိတဲ့ အမေရိကန် တပ် တွေကို ကာကွယ်ဖို့ အတွက် စစ်အင်အား တွေ စေလွှတ်တာ ဖြစ်ကြောင်း ပင်တဂွန် က မေလ ၁၀ ရက်နေ့ သောကြာ နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါပေမယ့် ဘယ်လို ဒေသတွေမှာ ခြိမ်းခြောက်မှုတွေ ခံနေရတာလဲ ဆိုတဲ့ အချက် အလက် တော့ မပါရှိပါဘူး။ ဒါပေမယ့် အမေရိကန် အနေနဲ့ အီရန် နဲ့ တိုက်ပွဲ ဖြစ်ဖို့ မရည်ရွယ်ဘူးလို့ ဆိုပါတယ်။

Image caption ပတ်ထရီရော့ဒ် ရဲ့ ဆောင်ရွက် နိုင်မှု

လောလောဆယ် အချိန်မှာတော့ အီရန် ရဲ့ အိမ်နီးချင်း နိုင်ငံ ဖြစ်တဲ့ အီရတ် မှာ အမေရိကန် တပ်သား ငါးထောင် ကျော် ရှိနေတာ ဖြစ်ပါတယ်။

အခု အမေရိကန် ဘက် က ပင်လယ်ကွေ့ ထဲ ကို ပို့ဆောင် လိုက်တဲ့ ပတ်ထရီရော့ဒ် ဒုံးခွင်းဒုံး ကာကွယ်ရေး စနစ် ဟာ ပဲ့ထိန်း ဒုံးကျည် တွေကိုလည်း ကာကွယ်ပေး နိုင်သလို၊ သင်္ဘောတွေ ပေါ်က ပစ်လွှတ်တဲ့ ခရုစ် မစ်ဆိုင်း ဒုံးကျည် တွေကိုလည်း ကာကွယ် ပေးနိုင်ပါတယ်။

မေလ ၉ ရက်နေ့၊ ကြာသပတေး နေ့မှာတုန်း က အမေရိကန် က စေလွှတ် လိုက်တဲ့ စစ်သင်္ဘော ယူအက်စ်အက်စ် အေဗရာဟမ် လင်ကွန်း ဟာ စူးအက် တူးမြောင်း ကို ဖြတ်ကျော် ဝင်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီလို စစ်သင်္ဘောတွေ ပို့ဆောင်မှု ကို ဒုံးကျည် တချက် ထဲနဲ့ ဖျက်ဆီး ပစ် နိုင်တယ်ဆိုပြီး အီရန် ထိပ်တန်း ဘာသာရေး ခေါင်းဆောင် ယူဆွတ် တာဘာတာဘီ နီဂျပ် ရဲ့ ပြောဆိုမှု ကို ကိုးကားပြီး အစ္စနာ သတင်းဌာန က ထုတ်ပြန် ထားပါတယ်။

အီရန် နဲ့ အမေရိကန် တို့အကြားက တင်းမာမှုတွေ ဟာ နျူကလီးယား အရေး သဘောတူညီမှုတွေကို သမ္မတ ဒေါ်နယ် ထရမ့် က ဖျက်သိမ်း လိုက်ပြီးတဲ့ နောက်မှာ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အီရန် ရဲ့ ထိပ်တန်း တပ်မ တခု ဖြစ်တဲ့ တော်လှန်ရေး အထူးတပ်ဖွဲ့ ကို အကြမ်းဖက် အဖွဲ့အစည်း အဖြစ် စာရင်းသွင်း ခဲ့တာကြောင့် တင်းမာမှုတွေက ပိုမို မြင့်မား လာရတာပါ။

နောက်ပြီး အမေရိကန် ရဲ့ အသစ် တိုးမြှင့် ချမှတ် ခဲ့တဲ့ ပိတ်ဆို့ အရေးယူ မှု တွေကြောင့် အီရန်နိုင်ငံ ရဲ့ ငွေကြေး ဟာ ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။ ပိတ်ဆို့ အရေးယူမှုကြောင့် အီရန် နိုင်ငံအတွင်းမှာ အခြေခံ ကုန်ပစ္စည်း တွေရဲ့ ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် ဆန္ဒပြပွဲတွေလည်း ဆက်တိုက် ဆိုသလို ဖြစ်ပေါ် ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အီရန် သဘာဝဘေးကြောင့် လူအများအပြား သေဆုံး