ကလေးတွေဓာတ်ပုံ ဆိုရှယ်မီဒီယာ တင်သင့်မတင်သင့် တရုတ်နဲ့ ဗီယက်နမ်မှာ သဘောထားကွဲ

ဗီယက်နမ်မှာ ကလေးတွေ လိင်အနိုင်ကျင့်ခံရတာကို အသိပညာပေးဖို့ လုပ်တဲ့အခါမှာ ကလေးမော်ဒယ်လ်တွေသုံးလို့ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။ တရုတ်မှာတော့ မိဘတွေက ကလေးတွေ ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာတွေမှာ တင်တာများလွန်းတယ်ဆိုတာ ၁၁ သမီးကလေး တစ်ယောက်က စဆွေးနွေးလိုက်တာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် အငြင်းအခုံ ဖြစ်နေကြပါတယ်။

ကျွန်မကတော့ ဘီဘီစီအရှေ့အာရှရေးရာ ဌာနက အမျိုးသမီးရေးရာ အယ်ဒီတာ လာရာ အိုဝင် ဖြစ်ပါတယ်။

ကျွန်မတို့ အရှေ့အာရှဌာနက ဘာသာစကား ခြောက်ခုမှာ အမျိုးသမီးတွေကြား စိတ်ဝင်တစားပြောနေကြတဲ့ အကြောင်းတွေကို ပြောဖြစ်ကြပါတယ်။

ဒီတစ်ပတ်မှာတော့ လူတွေရဲ့ အမူအကျင့်တွေပြောင်းဖို့ ပညာပေးတွေလုပ်ဖို့ ကလေးတွေရဲ့ ပုံတွေကို သုံးတာ မှန်တဲ့နည်းလမ်းဟုတ်မဟုတ်ဆိုတာနဲ့ ကလေးတွေအကြောင်း အပြိုင်အဆိုင် အွန်လိုင်းမှာ တင်ကြတာတွေအကြောင်း ပြောဖြစ်ကြပါတယ်။

ဗီယက်နမ်မှာ မိန်းကလေးတွေ လိင်အနိုင်ကျင့်ခံရတာကို ကာကွယ်ဖို့ အသိပညာပေး မြှင့်တင်ဖို့ လုပ်တဲ့ ဆိုရှယ်မီဒီယာ ကမ်ပိန်းတစ်ခုနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်နေပါတယ်။

'ကိုယ်ဝန်ဆောင်ကလေးများ' လို့ နာမည်ပေးထားတဲ့ ဓာတ်ပုံ ပရောဂျက်တစ်ခုနဲ့ ပတ်သက်ပြီး အငြင်းပွားနေကြတာ ဖြစ်ပါတယ်။ အဲဒီမှာ အသက် ၈ နှစ်လောက်ပဲ ရှိသေးတဲ့ မိန်းကလေးတွေကို လိင် အနိုင်ကျင့်ခံရတဲ့ ကလေးတွေ အဖြစ် သရုပ်ဆောင်ခိုင်းပြီး ကလေးတွေကို ကိုယ်ဝန်ဆောင်တွေလို ဝတ်စားခိုင်းထားလို့ ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံတွေမှာ ကလေးတွေ မျက်နှာတွေကို သေချာ ထင်ထင်ရှားရှား မြင်ရပါတယ်။ မိန်းကလေးတွေက သူတို့ ဗိုက်ဖောင်းဖောင်းလေးတွေကို ကိုင်ထားကြလို့ပေါ့။ တချို့ဓာတ်ပုံတွေမှာတော့ သူတို့က ကြောက်ကြောက်ရွံ့ရွံ့လေးတွေပေါ့။ ဘယ်သူမှန်းမသိတဲ့လူတစ်ယောက်က သူတို့ကို သကြားလုံးပေးနေတဲ့ ပုံ၊ သူတို့ပါးစပ်ကို ပိတ်ထားခံရပုံ နဲ့ သူတို့ ပုခုံးကို လှမ်းဆွဲထားတဲ့ပုံ တွေကို တွေ့ရပါတယ်။

အဲဒီပညာပေးလှုပ်ရှားမှုကို အမျိုးသမီး ဓာတ်ပုံဆရာ တစ်ယောက် ဖြစ်တဲ့ ဒါမီယောနဲ့ ရုပ်သံတင်ဆက်သူတွေဖြစ်တဲ့ မင်းထရန် ငုယင် နဲ့ ဖန်ကောင်တို တို့က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ သူတို့က ကလေးတွေကို တင်ဆက်မှုအနုပညာနဲ့ သရုပ်ဆောင်ပညာတွေ သင်ကြားပေးနေတဲ့ ရှိုင်းအကယ်ဒမီနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကလေးတွေဟာ ယဉ်ကျေးမှုအဆင့်မြင့်ပြီး နွေးထွေးတဲ့ လူ့အသိုင်းအဝိုင်းမှာ နေထိုင်နိုင်ဖို့လိုတယ်။ ဒီပရောဂျက်က ကြည့်ရှုသူတွေကို တွေးစရာတွေ လေးလေးနက်နက် ချန်ထားပေးနိုင်မယ်။ အဲလို ချန်ထားနိုင်ခြင်းအားဖြင့် အနိုင်ကျင့်ခံရတဲ့ ကလေးတွေရဲ့ နာကျင်မှုကို လူတိုင်းက နားလည်နိုင်မယ်လို့ ကျွန်မ မျှော်လင့်ခဲ့တယ်လို့ ဓာတ်ပုံဆရာမ ဒါမိယောက သူ့ရဲ့ လူမူကွန်ရက်စာမျက်နှာမှာ ရေးခဲ့ပါတယ်။

ဓာတ်ပုံတွေကို - "မိန်းကလေးတွေ လိင်အနိုင်ကျင့်ခံရတဲ့ ပျမ်းမျှ အသက်ဟာ ၉ နှစ်ပါ" လို့ ပုံစာရေးထားပါတယ်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့က ၂၀၁၈ မှာ ထုတ်ခဲ့တဲ့ ထုတ်ပြန်ချက်ကို ကြည့်ရအောင်ပါ။ အဲဒီမှာ ဗီယက်နမ်မှာ ၂၀၁၄ ကနေ ၂၀၁၆ ကြား လိင်အလွဲသုံး အနိုင်ကျင့်ခံရတဲ့ အမှု ၅၃၀၀ ကို စိစစ်ကြည့်ခဲ့ပါတယ်။ အဲလို စိစစ်ကြည့်တဲ့အခါ အများစုက မိန်းကလေးငယ်လေးတွေမှာ ဖြစ်ခဲ့တာပါ။

ဒါပေမဲ့ ယူနီဆက် ဗီယက်နမ်ကိုယ်စားလှယ်ကတော့ တကယ့် ဖြစ်တဲ့အရေအတွက်က အဲဒီ ကိန်းဂဏန်းတွေထက် အများကြီးများရမယ်လို့ ဆိုပါတယ်။ အဲဒီထဲကမှ အရေအတွက်နည်းနည်းလေးလောက်ကပဲ ရဲစခန်းတိုင်တာမျိုးဖြစ်လာတာလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

ဆိုရှယ်မီဒီယာပေါ်က တုံ့ပြန်မှု

ခုနက ဓာတ်ပုံကမ်ပိန်းက ပုံတွေ ဆိုရှယ်မီဒီယာပေါ်တင်အပြီးမှာ ကွက်ကွက်ကွင်းကွင်း ပြထားတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင် ဆွေးနွေးစရာ အကြောင်းတစ်ခု ဖြစ်လာပါတယ်။

အဲဒီထဲက တစ်ခုကတော့ ပုဂ္ဂလိက လွတ်လပ်ခွင့်နဲ့ အခု ဓာတ်ပုံကမ်ပိန်းမှာပါခဲ့တဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအကြောင်း ဖြစ်ပါတယ်။

ကလေးငယ်ငယ်လေးက ကိုယ်ဝန်ဗိုက်ကို ကိုင်ထားစရာကိုမလိုဘူး။ အဲဒီအကြောင်း ပြောဖို့ တခြားနည်းလမ်းတွေ အများကြီးရှိတယ်လို့ တစ်ယောက်က မှတ်ချက်ပေးပါတယ်။

နောက်တစ်ယောက်ကတော့ - ဘာလို့ အဲဒီထဲက လူကြီးမျက်နှာကျ ဖျောက်ထားပြီး ကလေးမျက်နှာပဲ ပြတာလဲ။ သူတို့က လူတွေ လန့်ဖြန့် အာရုံစိုက်ခံရတာပဲ လိုချင်တာပါလို့ ရေးပါတယ်။

ဒါပေမဲ့ အဲဒီ ကမ်ပိန်းကို ထောက်ခံသူတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ အမျိုးသမီးတွေလည်း ပါပါတယ်။

ဒီ အရေးကြီးတဲ့ ပညာပေး ဓာတ်ပုံတွေမှာ သရုပ်ဆောင်ခဲ့တဲ့ သတ္တိရှိတဲ့ကလေးတွေကို ကျေးဇူးတင်ပါတယ်လို့ တစ်ယောက်က ရေးပါတယ်။

နောက်တစ်ယောက်ကတော့ - သူတို့ မျက်နှာတွေကို ဖျောက်ထားလိုက်ရင် နာကျင်မှုတွေ ဒုက္ခတွေကို ဘယ်မြင်ရတော့မလဲ။ အဲဒါဆို ဒီအရေးကြီးတဲ့ ပရောဂျက်ရဲ့ ရည်ရွယ်ချက် ပျောက်သွားမှာပေါ့လို့ ရေးပါတယ်။

အဲဒီ ပရောဂျက်လုပ်ခဲ့တဲ့ ဒါရိုက်တာတွေကတော့ သူတို့ကို ဘီဘီစီက အင်တာဗျူးလုပ်တာကို ဖြေဖို့ ငြင်းခဲ့ပါတယ်။

ဒါပေမဲ့ ဝေဖန်မှုတွေ မြင့်တက်လာတဲ့အခါ ဒါရိုက်တာတွေထဲက တစ်ယောက်က ဗီယက်နမ် သတင်းစာတစ်စောင်မှာ ကြေညာချက်ရေးခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာ ဒီပရောဂျက်ထဲမှာ ပါတဲ့ ကလေးတွေရဲ့ မိဘတွေနဲ့ ဆွေးနွေးခဲ့ပြီးဖြစ်တယ်ဆိုတာနဲ့ အကုန်လုံးကို အခုပရောဂျက်ရဲ့ မမြင်နိုင်တဲ့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေအကြောင်း သတိပေးထားပြီး ဖြစ်တယ်လို့ ပါပါတယ်။

တကယ်လို့ ကလေးတွေကို မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာမယ်ဆိုရင် ဒါကို ချက်ချင်း ရပ်လိုက်မယ်လို့ သူကပြောပါတယ်။

ဘီဘီစီ ဗီယက်နမ်ဌာနက သုဖန်က ပြောတာကတော့ - ကလေးတွေ လိင်အနိုင်ကျင့်ခံရတာ ဗီယက်နမ်မှာ အရေးကြီးတဲ့ ကိစ္စ ဖြစ်နေပါတယ်။ တချို့ လူသိများသူတွေမှာ ဖြစ်တဲ့ ကိစ္စတွေဆိုရင် ဆိုရှယ်မီဒီယာတွေမှာ အရမ်းကို ခါးခါးသီးသီး ဆွေးနွေးစရာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီကမ်ပိန်းနဲ့ ပတ်သက်ပြီး ကိုယ့်အမြင်ကို ဘယ်လိုပဲ ပြောပြောပါ၊ ဒီ ဓာတ်ပုံတွေကတော့ လိင်ပညာပေး အရေးကြီးပုံနဲ့ ကလေးတွေကို အနိုင်ကျင့်တဲ့သူတွေကို အပြစ်ပေးဖို့ တင်းကျပ်တဲ့ ဥပဒေတွေ လိုလာပြီဆိုတာတွေကို ဆွေးနွေးဖို့ ဒီကမ်ပိန်းက လမ်းစဖော်ပေးခဲ့တယ်လို့ သူကပြောပါတယ်။

'Sharenting' -ကလေးတွေအကြောင်း ဆိုရှယ်မီဒီယာပေါ်တင်တာရဲ့ ဆိုးကျိုး

ကလေးတွေနဲ့ဆိုင်တဲ့ အကြောင်းတွေ ဆိုရှယ်မီဒီယာပေါ် ချင့်ချင့်ချိန်ချိန်လုပ်ပြီးမှ တင်သင့်ပြီလားဆိုတာ တရုတ်နိုင်ငံမှာ ပြောနေကြပါတယ်။

အဲဒီဆွေးနွေးတာတွေ စခဲ့တာကတော့ ရှန်ဟိုင်းက အသက် ၁၁ အရွယ် မိန်းကလေး တစ်ယောက်အကြောင်းနဲ့ ပတ်သက်ပြီး စခဲ့တာပါ။ သူက သူတို့ ဒေသက လူငယ်စုဝေးပွဲမှာ 'sharenting' အကြောင်းပြောကြဖို့ အဆိုပြုခဲ့တာကနေ စခဲ့တာပါ။

အဲလို ကလေးတွေအကြောင်း မိဘတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ ဆိုရှယ်မီဒီယာပေါ် အလွန်အကျွံတင်တာကို အင်္ဂလိပ်လို 'Sharenting' လို့ သုံးနှုန်းပါတယ်။ အဲဒီစကားလုံးကို ၂၀၁၆ မှာ ကောလင်း အင်္ဂလိပ် အဘိဓာန်မှာ ထည့်ခဲ့ပါတယ်။

အဲဒီစကားလုံးက တရုတ်လိုဆိုရင်တော့ ကလေးကို သူများသတိထားမိအောင်လုပ်တာလို့ ဆိုလိုတဲ့ အဓိပ္ပာယ်ရှိပါတယ်။

အဲဒီ အဆိုပြုချက်ကို တရုတ်အစိုးရပိုင် People's Daily သတင်းစာက မေလ ၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။ ကလေးတွေအကြောင်း တင်ရင် ကလေးတွေ ကြိုက်ရဲ့လားဆိုတာ မေးသင့်သလားဆိုတဲ့ 'ခွင့်ပြုချက်တောင်းသင့်သလား' ဆိုတဲ့ စကားစု တရုတ်ဆိုရှယ်မီဒီယာ ဝေဘိုပေါ်မှာ ၂၄ နာရီမပြည့်သေးခင်မှာတင် အကြိမ် နှစ်သောင်းကျော်သုံးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် NICOLAS ASFOURI/AFP/Getty Images

အဲဒီ ဆွေးနွေးမှုကို စခဲ့တဲ့ ကျန်းချူရီနဲ့ သူငယ်ချင်းတွေဟာ သူတို့မိဘတွေဆီမှာ စစ်တမ်းကောက်ခဲ့ကြပါတယ်။

အဲဒီစစ်တမ်းကို ဖြေပေးတဲ့ မိဘတွေရဲ့ ၈၀ ရာခိုင်နှုန်းက WeChat app မှာ ကလေးတွေ ဓာတ်ပုံတွေ တင်တယ်လို့ ဖြေပါတယ်။ ဒါပေမဲ့ ၆၀ ရာခိုင်နှုန်းကပဲ ကလေးတွေကို မေးပြီးမှ တင်တယ်လို့ ဖြေပါတယ်။

မိဘတွေက ကလေးတွေရဲ့ စာမေးပွဲအမှတ်တွေ အနုပညာသင်တန်းတွေက လုပ်ဆောင်မှုတွေကို အလွန်အကျွံအပြိုင်အဆိုင်တင်တာတွေက ကလေးတွေကို ဖိအားတွေ ဖြစ်စေတယ်လို့ ကျန်းချူရီနဲ့ သူ့သူငယ်ချင်းတွေက ပြောပါတယ်။

တရုတ်က မိသားစု အများစုက တစ်ဦးတည်းသော သားသမီးတွေပဲ ရှိတာဆိုတော့ မိဘတွေက အဲဒီကလေးရဲ့ အောင်မြင်မှုကိုပဲ ပုံအော အာရုံစိုက်ကြတယ်။ အဲလို တွန်းအားပေးတာတွေ လုပ်တာက နောက်ဆုံး ကလေးမှာပဲ ဖိအားတွေ ပိုများလာတယ်လို့ ဘီဘီစီ သတင်းထောက် ဝမ်ယန်ဆောင်းက ပြောပါတယ်။

တရုတ်နိုင်ငံမှာနေတဲ့ စိတ်ပညာရှင်နဲ့ စာရေးဆရာ တန်ယင်ဟုန်က အဲလိုကိစ္စတွေနဲ့ ပတ်သက်ပြီး အခုနှစ်အစပိုင်းမှာ သတင်းတစ်ခုမှာ အခုလို ပြောခဲ့ပါတယ်။

Sharenting လုပ်တယ်ဆိုတာ မိဘတွေဟာ သူတို့ကိုယ်တိုင်ဘဝမှာ အဓိပ္ပာယ် တစ်ခုခု လိုအပ်နေတဲ့ လက္ခဏာကို ပြနေတာပါ။

ကလေးတွေအကြောင်း ပုံမှန်တင်နေခြင်းအားဖြင့် သူတို့အတွက် တန်ဖိုးတစ်ခုခု၊ အခြေအနေတစ်ခုခု၊ အမှတ်အသားတစ်ခုခု ရစေပါတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Crezalyn Nerona Uratsuji

'Sharenting' နဲ့ ပတ်သက်ပြီး အက်စတိုးနီးယား တက္ကသိုလ်က မီဒီယာလေ့လာရေးဌာနက ပါမောက္ခ တစ်ယောက်ကလည်း စစ်တမ်းအတော်များများ လုပ်ခဲ့ပါတယ်။

လက်ရှိမှာတော့ မိဘတွေက ကလေးတွေကို ဆိုရှယ်မီဒီယာမှာ အချိန်မကုန်စေနဲ့ဆိုပြီး သူတို့ကိုယ်တိုင်တော့ အဲဒီစည်းကမ်းကို မလိုက်နာကြဘူး၊ အကုန်လုံး လိုက်နာနိုင်မယ့် စည်းကမ်းထုတ်လိုက်ရင် ကလေးနဲ့မိဘ ဆက်ဆံရေး ပိုကောင်းဖို့ အကူအညီ ဖြစ်မယ်လို့ သူကပြောပါတယ်။

People's Daily သတင်းစာက အဲဒီ အသက် ၁၁ နှစ် မိန်းကလေးပြောတဲ့ 'sharenting' အကြောင်းကို ပြောလိုက်တာနဲ့ ပတ်သက်ပြီး တရုတ်က ဆိုရှယ်မီဒီယာမှာလည်း ဆွေးနွေးလာကြပါတယ်။

ကလေးတွေဓာတ်ပုံတင်တာ သည်းခံလို့ရပါတယ်။ ဒါပေမဲ့ နေ့တိုင်း တင်နေတာကိုတော့ သည်းမခံနိုင်ဘူး။ မနက်ဖြန် စန္ဒရား၊ ပြီးတော့ နောက်တစ်နေ့ လက်ရေးလှ၊ ပြီးတော့ အဆိုသင်တန်းလိုမျိုးတင်နေတာတွေကို သည်းမခံနိုင်ဘူးလို့ တစ်ယောက်က ပြောပါတယ်။

တချို့ကတော့ ကလေးတွေရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ပြောကြပါတယ်။

သူ့သူငယ်ချင်းက သူ့သား ရေကူးသင်တန်းကပုံတွေကို လျှောက်တင်ထားတာနဲ့ ပတ်သက်ပြီး ချီဆိုသူ ပြောတာဖြစ်ပါတယ်။

တကယ်တမ်းက သုံးစွဲသူ သန်း ၅၀၀ ရှိတဲ့ တရုတ်ဆိုရှယ်မီဒီယာ ဝေဘိုမှာ ကျန်းချူရီရဲ့ အဆိုပြုချက်ဟာ 'sharenting' နဲ့ ပတ်သက်လို့ ဒီ့ထက် ပိုရှုပ်ထွေးတဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစရာတွေအတွက် အစလေး တစ်ခုမျှသာ ဖြစ်ပါသေးတယ်။