တရုတ်ကို အပို့ခံနေရတဲ့ ပါကစ္စတန် သတို့သမီးများ

ဆိုဖီယာတို့ မင်္ဂလာဆောင်
Image caption ဘုန်းတော်ကြီးက မိတ်ဆက်ပေးအပြီး ဆိုဖီယာက တရုတ်အမျိုးသားနဲ့ လက်ထပ်ခဲ့

ပါကစ္စတန် အရှေ့ပိုင်း ဖိုင်ဇယ်လာဘတ်မြို့မှာ ဒေသခံ ခရစ်ယာန်ဘာသာဝင် ပါကစ္စတန် အမျိုးသမီးတစ်ယောက်နဲ့ တရုတ်ခရစ်ယာန် တစ်ယောက် ပြီးခဲ့တဲ့ ခြောက်လက လက်ထပ်ထိမ်းမြားခဲ့တဲ့ အချိန်တုန်းကတော့ သူတို့နှစ်ယောက်ကို နတ်ဖက်တဲ့ စုံတွဲလို့ အများက ထောပနာ ပြုခဲ့ကြပါတယ်။

သူတို့သမီးက ၁၉ နှစ်၊ သူတို့သားက ၂၁ နှစ်၊ မိန်းကလေးက အလှပြင် ပညာရှင်၊ ကောင်လေးကတော့ အလှကုန်ပစ္စည်းတွေ ရောင်းချတဲ့ လုပ်ငန်းလုပ်ပါတယ်။

မိန်းကလေး မိဘတွေက ငွေကြေး သိပ်မတတ်နိုင်တော့ သတို့သားကပဲ မင်္ဂလာဆောင်အတွက် ကုန်ကျ စရိတ် အဝဝကို တာဝန်ယူခဲ့ပါတယ်။

မင်္ဂလာပွဲကိုလည်း ပါကစ္စတန်ဓလေ့ထုံးစံတွေအတိုင်းပဲ ကျင်းပခဲ့ပါတယ်။ ဒီအတွက် မိန်းကလေးမိဘတွေက သဘောကျခဲ့ပါတယ်။ သူတို့ရဲ့ အသစ်စက်စက် တရုတ် သမက်ကလေးဟာ သူတို့ရိုးရာ ဓလေ့ထုံးစံတွေကို လေးစားသူပါလားဆိုပြီး ဝမ်းမြောက်ခဲ့ကြပါတယ်။

မင်္ဂလာမောင်နှံက သတို့သမီး မိဘတွေရှေ့မှာ သစ္စာပြုကြပြီးတဲ့နောက်မှာတော့ သတို့သမီးက ခင်ပွန်းသည်နဲ့ အတူလိုက်သွားပြီး ဘဝသစ်ကို စကြပါတော့တယ်။

ဒါပေမယ့် တစ်လပဲ ကြာပါတယ်။ သတို့ သမီး မိဘတွေအိမ်ကို ပြန်ရောက်လာပါတယ်။ သူ့ နာမည်ကို ဆိုဖီယာလို့ ခေါ်ကြပါစို့။ နာမည်ရင်းတော့ မဟုတ်ပါဘူး။ သူက ထွက်ပြေးလာတာပါ။ ပါကစ္စတန် မိန်းကလေးငယ်တွေ ကို တရုတ်ကို ပို့ပြီး လိင်ကျွန်အဖြစ်ခိုင်းစေဖို့ လုပ်နေကြသူ ဂိုဏ်းရဲ့ လက်ထဲက ထွက်ပြေးလာတာလို့ ဆိုပါတယ်။

ဒီလို ဟန်ပြ လက်ထပ်ပွဲတွေအကြောင်း လေ့လာစုံစမ်းနေသူ ပါကစ္စတန် ခရစ်ယာန် လူ့အခွင့်အရေးလှုပ်ရှားသူ ဆလင်းအစ်ဂဘဲလ်က တစ်နှစ်အတွင်းမှာ တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ခဲ့သူ ပါကစ္စတန် အမျိုးသမီး ပေါင်း ၇၀၀ ကျော်လောက် ရှိတယ်လို့ ဆိုပါတယ်။ အများစုက ခရစ်ယာန် ဘာသာဝင်တွေပါ။ အဲဒီ အမျိုးသမီးတွေရဲ့ ကံကြမ္မာက ဘယ်လို ရှိနေသလဲဆိုတာ မသိရပေမယ့် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကတော့ သူတို့တွေဟာ လိင်ကျွန်အဖြစ်ခိုင်းစေခံနေရဖို့ များတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပဲ ပါကစ္စတန်မှာ တရုတ်လူမျိုး ၂၀ ကျော်နဲ့ ပါကစ္စတန်ပွဲစားတွေကို မင်္ဂလာပွဲ အတုအယောင်တွေစီစဉ်ခဲ့မှုနဲ့ ရဲက ဖမ်းခဲ့ပါတယ်။ ဖမ်းခံရသူတွေအထဲမှာ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ယောက်လည်း ပါပါတယ်။

တရုတ်ဒုစရိုက်ဂိုဏ်းတွေဟာ ပါကစ္စတန် မိန်းကလေးတွေကို အယောင်ဆောင် လက်ထပ်ပြီး လိင်ကျွန်အဖြစ်ရောင်းစားနေခဲ့ကြတယ်လို့ ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့ FIA က ဘီဘီစီကို ပြောပါတယ်။

လျှပ်စစ်စွမ်းအားထုတ်လုပ်ရေး စီမံချက်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတွေလို့ အယောင်ဆောင်ထားတဲ့ တရုတ်လူမျိုးတွေဟာ အမျိုးသမီးတွေနဲ့ ဟန်ပြမင်္ဂလာဆောင်ပြီး မိန်းကလေးတစ်ယောက်ကို ဒေါ်လာ တစ်သောင်းနှစ်ထောင်ကနေ နှစ်သောင်းခွဲအထိယူပြီး တရုတ်ကို ပို့နေတယ်လို့ FIA ကပြောပါတယ်။

ပါကစ္စတန်မှာ လူနည်းစုလည်းဖြစ်၊ ပင်မ လူ့အသိုင်းအဝိုင်းက ဘေးဖယ်ခံထားရသူတွေလည်း ဖြစ်တဲ့ ခရစ်ယာန် ဘာသာဝင် မိန်းကလေးတွေဟာ အများဆုံး ပစ်မှတ်ထားခံကြရပြီး လူကုန်ကူးသူတွေက သူတို့ရဲ့ မိဘတွေကို ဒေါ်လာသောင်းချီပေးလို့ စည်းရုံးသိမ်းသွင်းကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပါကစ္စတန်မှာ ခရစ်ယာန် ၂ သန်းခွဲလောက် ရှိပါတယ်။

တရုတ်ကတော့ ပါကစ္စတန် အမျိုးသမီးတွေကို တရုတ်ကို ပို့ပြီး ပြည့်တန်ဆာအဖြစ် အသုံးချနေတယ်ဆိုတာ မဟုတ်ဘူလို့ ငြင်းပါတယ်။ မီဒီယာတွေမှာ ဖော်ပြချက်တွေဟာ မဟုတ်မမှန် သတင်းတွေကို ချဲ့ကားဖော်ပြနေတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီနှစ်ထဲမှာ ဗီဇာလျှောက်တဲ့ တရုတ်သတို့သမီးတွေတော့ အရင်နှစ်တွေကထက် ပိုများလာတယ်လို့ တရုတ်ဘက်က ဝန်ခံပါတယ်။ ဒီနှစ် မေလအထိ ဗီဇာလျှောက်သူ အမျိုးသမီး ၁၄၀ ရှိပြီး ဒါဟာ မနှစ် ၂၀၁၈ နှစ်က တစ်နှစ်လုံးမှာ လျှောက်တဲ့ အရေအတွက်ဖြစ်ပါတယ်။

ဗီဇာလျှောက်သူတွေ အထဲက ၉၀ လောက်ကို ငြင်းပယ်ခဲ့ရတယ်လို့ အစ္စလာမ်မဘတ်မှာရှိတဲ့ တရုတ်သံရုံးက အရာရှိတစ်ဦးက ပါကစ္စတန်သတင်းမီဒီယာတစ်ခုကို ပြောခဲ့ပါတယ်။

ကျားမ အချိုးအစားကွာလွန်းတဲ့ နိုင်ငံ

ပါကစ္စတန် အမျိုးသမီးတွေကို တရုတ်ကို လူမှောင်ခိုပို့တာတွေ တိုးများလာနေတယ်ဆိုတဲ့ အချိန်ဟာ ပါကစ္စတန်နိုင်ငံထဲကို တရုတ်လူမျိုးတွေ ထောင်သောင်းချီပြီးဝင်လာတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ တရုတ်ဟာ ပါကစ္စတန်နိုင်ငံထဲမှာ ဆိပ်ကမ်းတွေ၊ လမ်းတွေ၊ ရထားလမ်းတွေနဲ့ စွမ်းအင်စီမံကိန်းတွေ ပါဝင်တဲ့ စီးပွားရေးစင်္ကြန်စီမံကိန်းအတွက် ဒေါ်လာသန်းထောင်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံနေပါတယ်။

တရုတ်နဲ့ ပါကစ္စတန်ဟာ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ကြပြီး ဆိုက်ရောက်ဗီဇာ ရယူနိုင်တဲ့ အတွက်လည်း စီမံကိန်းနဲ့ တိုက်ရိုက်မဆိုင်တဲ့ တရုတ်လုပ်ငန်းရှင်တွေ၊ နိုင်ငံသားတွေလည်း ပါကစ္စတန်နိုင်ငံထဲကို စုပြုံဝင်လာနေကြပါတယ်။

ဒီထဲက တချို့ကတော့ ဇနီးမယားရှာဖို့ လာကြတာပါ။ တရုတ်နိုင်ငံရဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက်မူဝါဒနဲ့ သားယောက်ျားလေးတွေကို ဦးစားပေးတဲ့ မူဝါဒတွေကြောင့် နိုင်ငံတွင်းမှာ ကျားမ ဦးရေအချိုးအစား ကွာဟမှုတွေများနေပြီး သန်းနဲ့ချီတဲ့ အရွယ်ရောက်ပြီးသူ အမျိုးသားတွေ အိမ်ထောင်ပြုဘက် ရှာမရပဲဖြစ်နေပါတယ်။

ဒီလိုအခြေအနေတွေကြောင့်ပဲ မြန်မာ၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားလို ဆင်းရဲတဲ့နိုင်ငံတွေက အမျိုးသမီးတွေကို တရုတ်ကို ဇနီးမယားအဖြစ်နဲ့ ရောင်းစားမှုတွေ တိုးလာနေခဲ့တာတွေ့ရပါတယ်။ အမျိုးသမီးတွေကို အလုပ်ရမယ်ဆိုပြီး တရုတ်ပြည်ကို ခေါ်လာခဲ့ပြီး တရုတ်အမျိုးသားတွေဆီမှာ ဇနီးအဖြစ် ရောင်းချခဲ့တာမျိုးတွေ ဖြစ်လာနေတာပါ။ ဝင်ထွက်ရလွယ်ကူနေတဲ့ ပါကစ္စတန်ကိုလည်း အခုနောက်ပိုင်းမှာ လူမှောင်ခိုသမားတွေက မျက်စိကျလာပုံရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသမီးတွေကို လက်ထမ်ထိမ်းမြားမယ်ဆိုပြီး သွေးဆောင်ဖျားယောင်းခဲ့သူ တရုတ်အမျိုးသား ၂၀ ကျော် မကြာခင်က အဖမ်းခံခဲ့ရ

FIA ထောက်လှမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်နဲ့ ဘီဘီစီရဲ့ တွေ့ဆုံမေးမြန်းမှုတွေအရ ခရစ်ယာန်ဘုန်းတော်ကြီး တချို့ဟာလည်း တရုတ်တွေနဲ့ ဒေသခံ အမျိုးသမီးလေးတွေကို လက်ထပ် ထိမ်းမြားပေးရာမှာ ပါဝင်ပတ်သက်မှု ရှိနေတာကို တွေ့ခဲ့ရပါတယ်။

အဲဒီလို လက်ထပ်ထိမ်းမြားပြီးရင်တော့ မင်္ဂလာမောင်နှံဟာ လူပွဲစားတွေက စီစဉ် ငှားရမ်းပေးတဲ့ လာဟိုးနဲ့ တခြားမြို့ကြီးတွေက ဘန်ဂလိုတွေမှာ နေကြပါတယ်။ အဲဒီကမှ သူတို့ကို တရုတ်ကို ပို့ကြတာ ဖြစ်ပါတယ်။

လာဟိုးမြို့က အိမ်တစ်အိမ်

အစောပိုင်းက သူ့ ခင်ပွန်းဆီက ထွက်ပြေးလာခဲ့သူ ဆိုဖီယာဟာ မင်္ဂလာမဆောင်ခင်ကတည်းက သူ့ မှာ စိတ်မသက်မသာဖြစ်လို့ သံသယရှိခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို ခင်ပွန်းလောင်းက ချစ်ခွင့်မပန်ခင်မှာပဲ ကြားပွဲစားက သူ့ကို ဆေးစစ်တာတွေ အမျိုးမျိုး လုပ်ခိုင်းခဲ့ပြီး ဆေးစစ်အဖြေရတာနဲ့ ပွဲစားက ချက်ခြင်း မင်္ဂလာပွဲ ကျင်းပခိုင်းခဲ့ပါတယ်။

ကျွန်မ မိဘတွေကတော့ ဟိုဘက်က အလောသုံးဆယ်နိုင်လွန်းတာကို သိပ်သဘောမတွေ့ခဲ့ပါဘူးလို့ ဆိုဖီယာက ပြောပါတယ်။ ဒါပေမယ့် တရုတ်ဘက်က အားလုံးအကုန်အကျခံလိမ့်မယ်လို့ ပွဲစားက ပြောလာတော့လည်း မိဘတွေက လက်လျှော့လိုက်ပြီး သဘောတူလိုက်ရပါတယ်လို့ သူက ပြောပါတယ်။

Image caption သူ့မိဘတွေ လာဟိုးမြို့ကို လိုက်လာတဲ့အချိန်မှာတော့ ဆိုဖီယာထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။

လက်ထပ်အပြီး တစ်ပတ်အကြာမှာတော့ ဆိုဖီယာ လာဟိုးမြို့ကို ရောက်လာပါတယ်။ အဲဒီက အိမ်တစ်အိမ်မှာ နေရပြီး အဲဒီအိမ်မှာပဲ သူတို့လို လက်ထပ် ပြီးစ စုံတွဲတွေကို တွေ့ရပါတယ်။ အဲဒီ လူတွေကလည်း တရုတ်ကို သွားဖို့ ဗီဇာနဲ့ ခရီးသွားလက်မှတ်ယူဖို့ စောင့်နေကြသူတွေပါ။ ပါကစ္စတန်အမျိုးသမီးတွေဟာ အဲဒီလို စောင့်နေချိန်မှာ တရုတ်စကား သင်ကြရပါတယ်။

အဲဒီအချိန်မှာပဲ သူ့ခင်ပွန်းဟာ ခရစ်ယာန်လည်း မဟုတ်၊ သူ့ကိုလည်း တကယ်စိတ်ဝင်စားသူ မဟုတ်ဘူးဆိုတာ ဆိုဖီယာသိလာရတယ်။ ဘာသာစကားမတူလို့ သူတို့ချင်းလည်း စကားအပြောအဆို သိပ်မလုပ်နိုင်ပါဘူး၊ ဒါပေမယ့် သူ့ခင်ပွန်းက တစ်ချိန်လုံးတော့ လိင်ဆက်ဆံဖို့ တောင်းဆိုနေတတ်တယ်လို့ သူက ပြန်ပြောပါတယ်။

တရုတ်အမျိုးသားနဲ့ အိမ်ထောင်ပြုဖို့ အတွက် တရုတ်ကို လိုက်သွားတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရပြီးတဲ့အချိန်မှာတော့ ဆိုဖီယာဟာ အဲဒီအိမ်က ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ သူငယ်ချင်းက သူ တရုတ်ကို ရောက်သွားတဲ့အချိန်မှာ သူ့ယောက်ျားနဲ့သာမက ယောက်ျားရဲ့ မိတ်ဆွေတွေနဲ့ပါ လိင်ဆက်ဆံဖို့ အဓမ္မစေခိုင်းခံရတယ်လို့ သူ့ကို ပြန်ပြောပြခဲ့တာပါ။

အဲဒီလို ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ပွဲစားကို ပြောပြတဲ့အခါ ပွဲစားက သူ့ကို စိတ်ဆိုးပါတယ်။ သူက နင်ထွက်ပြေးရင် မင်္ဂလာဆောင် ကုန်ကျစရိတ်တွေကို နင့်မိဘတွေက ပြန်ပေးရမယ်၊ သူတို့နှစ်ယောက်ကို ဆုံပေးတဲ့ ဘုန်းတော်ကြီးကို ပေးရတဲ့ ငွေနဲ့ လက်ထပ်ပေးတဲ့အတွက် ပေးထားရတဲ့ ငွေတွေကို ပြန်ပေးရမယ်လို့ ပြောပါတယ်။

သူ့မိဘတွေကတော့ အဲဒီငွေတွေ ပြန်မပေးနိုင်ကြောင်း ပြောပြီး ဆိုဖီယာကို ကယ်ထုတ်ဖို့ လာဟိုးကို လိုက်လာကြပါတယ်။ နောက်ဆုံးတော့ ပွဲစားက သူ့ကို ပြန်လွှတ်ပေးလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်က ပါကစ္စတန်မှာ လုပ်နေတဲ့ စီမံကိန်းတွေအတွက် ဒေါ်လာဘီလျံချီရင်းနှီး မြုပ်နှံထားပြီး အလုပ်သမားတွေလည်း ထောင်သောင်းချီလို့ ရောက်နေကြပါတယ်။

အခုနောက်ဆုံး ရဲတွေက ဝင်ရောက်ဖမ်းဆီးမှုတွေမှာ ခရစ်ယာန်အမျိုးသမီးငယ်တွေ အများဆုံး လူကုန်ကူးခံနေရတာကို တွေ့ရှိခဲ့ရပေမယ့် မွတ်ဆလင်အသိုင်းအဝိုင်းလည်း မလွတ်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ မတ်လက တရုတ်ကို ခင်ပွန်းနဲ့အတူလိုက်သွားခဲ့တဲ့ လာဟိုးမြို့က ဆင်းရဲတဲ့ မွတ်ဆလင်အမျိုးသမီးလေးက သူ့ယောက်ျားရဲ့ မူးနေတဲ့ မိတ်ဆွေတွေနဲ့ အတူမအိပ်နိုင်ဘူးလို့ ငြင်းခဲ့တဲ့အတွက် အနှိပ်စက် အရိုက်နှက်ခံခဲ့ရတယ်လို့ ပြန်ပြောပြပါတယ်။

"ကျွန်မမိသားစုက ဘာသာရေးကိုင်းရှိုင်းတယ်၊ ကျွန်မကို လက်ထပ်ဖို့ လာကမ်းလှမ်းတာကို လက်ခံလိုက်တာကလည်း ကြားကလာပြောတဲ့သူက ရပ်ကွက်ထဲက တရားဟောဆရာ ဖြစ်နေလို့ပါ" လို့ သူက ပြောပါတယ်။

"ဒါပေမယ့် တရုတ်ကိုလည်းရောက်ရော ကျွန်မယောက်ျားက မွတ်ဆလင်မဟုတ်ဘူးဆိုတာ သိရတယ်။ သူ့မှာ ဘာသာတောင်မရှိဘူး။ ကျွန်မ ဘုရားရှိခိုးရင် သူက ပြောင်လှောင်တယ်။"

ယောက်ျားက သူ့ကို တခြားလူတွေနဲ့ လိင်ဆက်ဆံခိုင်းတာကို ငြင်းတဲ့အခါမျိုးမှာ သူအရိုက်ခံရ၊ ခြိမ်းခြောက်ခံရတယ်လို့ ဆိုပါတယ်။

"သူက ကျွန်မကို ငွေပေးပြီး ဝယ်လာတာ၊ ဒါကြောင့် သူခိုင်းတာ လုပ်ရမယ်လို့ ပြောပါတယ်။ ကျွန်မ မလုပ်ရင် ကျွန်မကို သတ်ပြစ်ပြီး ကျွန်မ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရောင်းစားပြီး ငွေပြန်ရအောင်လုပ်မယ်လို့ ပြောပါတယ်။"

ဒုစရိုက်သမား အနည်းအကျဉ်း

သူ့ အခြေအနေကို မိသားစုက ပါကစ္စတန်သံတမန်တွေကို အကြောင်းကြားလိုက်ပြီးတဲ့ နောက်မှာတော့ တရုတ်အာဏာပိုင်တွေက သူ့ကို ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။

FIA ထောက်လှမ်းရေးအဖွဲ့က အရာရှိကြီး တစ်ယောက်ဖြစ်တဲ့ ဂျာမီးလ်အာမက်မာယိုက လိင်ကုန်ကူးဖို့ မသင့်တော်ဘူးလို့ ယူဆခံရသူ အမျိုးသမီးတွေဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ထုတ်ရောင်းခံရနိုင်တဲ့ အန္တရာယ်ရှိပါတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

အဲဒီလို ပြောဆိုချက်နဲ့ ပတ်သက်ပြီး အထောက်အထားတော့ မပြနိုင်သလို တရုတ်ဘက်က လည်း လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထုတ်ယူရောင်းချမှုမျိုး မရှိပါဘူးလို့ အခိုင်အမာပြောထားပါတယ်။

တရုတ်ပြည်က လူထုလုံခြုံရေးဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ တရုတ်လူမျိုးတွေနဲ့ လက်ထပ်ပြီး တရုတ်မှာ လာရောက်နေထိုင်တဲ့ ပါကစ္စတန် အမျိုးသမီးတွေ အတင်းအဓမ္မပြည့်တန်ဆာအဖြစ် ခိုင်းစေခံရတာမျိုးလည်း မရှိ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ထုတ်ရောင်းခံရတာမျိုးလည်း မရှိပါဘူးလို့ အစ္စလာမ်မဘတ်မြို့မှာ ရှိတဲ့ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ပါကစ္စတန် အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေတော့ ဆက်ပြုလုပ်သွားမှာ ဖြစ်ပြီး တရုတ်နဲ့ ပါကစ္စတန်အကြားတည်ရှိတဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ နှစ်နိုင်ငံပြည်သူတွေအကြေားက ရင်းနှီးခင်မင်မှုတွေကို ဒုစရိုက်သမားအနည်းအကျဉ်းက ဖျက်ဆီးတာမျိုး အဖြစ်မခံပါဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မိုဟာမက် ဇူဘေယာခန်လည်း ပါဝင်သတင်းရေးသားသည်။