ရင်သားတစ်ဘက် ချပ်နေသူ၊ ခရုသင်းစွဲနေသူ၊ တက်တူးတွေ ထိုးထားသူ - လှတယ်လို့ ခံယူသူများ

ဆံပင်ကောက်ကလေးကို ကျေနပ်နေသူ ဓာတ်ပုံ မူပိုင် Pio Lorenzo M. De los Reyes

"လှတော့ လှပါတယ်။ ဒါပေမဲ့ တက်တူးတွေကို ဖုံးထားလို့ မရဘူးလား" အဲဒါကတော့ ဖိလစ်ပိုင်က တက္ကသိုလ် ကျောင်းသူတစ်စု မကြားချင်မှ အဆုံး ကြားနေရတဲ့ အသံ ဖြစ်ပါတယ်။

အာရှတစ်လွှားမှာ အလှတရားကို ယူဆပုံ အမျိုးမျိုးက အမျိုးသမီးတွေ အတွက် စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။

အဲဒီ တက္ကသိုလ် ကျောင်းသူတစ်စုဟာ အလှတရားဟာဘာလဲဆိုတာ ပြန်လည် အဓိပ္ပာယ်ဖွင့်ဖို့ ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။

ဖိလစ်ပိုင် အလှတရားလို့ နာမည်ပေးထားတဲ့ ဆိုရှယ်မီဒီယာ ကမ်ပိန်းတစ်ခု ရှိပါတယ်။ အဲဒီကမ်ပိန်းက မတူတဲ့ ကိုယ်ခန္ဓာ ပုံစံအမျိုးမျိုးနဲ့ အလှတရား ပုံစံအမျိုးမျိုးကို ကျေကျေနပ်နပ် လက်ခံပေးဖို့ လုပ်တဲ့ ကမ်ပိန်း ဖြစ်ပါတယ်။ အဲဒီကမ်ပိန်းလုပ်တဲ့သူတွေကတော့ မနီလာမြို့က ဖိလစ်ပိုင်တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ ဖြစ်ပါတယ်။

သူတို့ ဒီလထဲမှာ ပထမဆုံး တင်လိုက်တဲ့ ဗီဒီယိုဖိုင်က မိန်းကလေးတွေရဲ့ ဓာတ်ပုံလေးတွေနဲ့ သူတို့ကို အဆိုးပြောခံထားရတဲ့ မှတ်ချက်တွေကို စာတမ်းထိုးပေးထားတာပါ။ စာတွေက … 'အသားဖြူဆေးသုံးလိုက်ပါဦး။ ပိန်လိုက်တာ တံမြက်စည်းရိုးကျနေတာပဲ' တို့လို အပြင် အဲဒီထက်ဆိုးတာ တချို့လည်း ပါပါတယ်။

ဗီဒီယို အဆုံးမှာတော့ အဲလို အမျိုးမျိုးအပြောခံထားရတဲ့ အလှတရားအစစ်တွေကို ကျေကျေနပ်နပ်လက်ခံထားပါတယ်။

ဓာတ်ပုံ မူပိုင် Pio Lorenzo M. De los Reyes

ဖိလစ်ပိုင်မှာတော့ မိန်းကလေးတစ်ယောက်ရဲ့ အပြင်ပန်းပုံပန်းကိုကြည့်ပြီး ဝေဖန်တာ အမြဲလိုပါပဲလို့ ခုန ကမ်ကိန်မှာပါတဲ့ အသက် ၂၆ နှစ်အရွယ် ရှီဘာနား အယ်လ်ကာဆီရာက ပြောပါတယ်။

ကျောင်းပိတ်ရက် အိမ်ပြန်ပြီးလို့ ဝနေတယ်ဆိုရင် အမျိုးတွေနဲ့ အိမ်နီးနားချင်းတွေက အဲဒါကိုပြောပြီသာမှတ်လို့ သူက ပြောပါတယ်။

သူက အခု ပရောဂျက်ကနေပြီး အပြင်ပန်းပုံသဏ္ဍန်က သူတို့ဘယ်သူဆိုတာကို အဆုံးအဖြတ်ပေးတာ မဟုတ်ဘူးလို့ လူတွေကို သိစေချင်တာပါ။

ဓာတ်ပုံ မူပိုင် Pio Lorenzo M. De los Reyes
Image caption ဖိလစ်ပိုင်အလှတရား ကမ်ပိန်းမှာ ပါဝင်ခဲ့တဲ့ ကမီးရယ်လ် ကဘူတူ

ဒီပရောဂျက်ထဲမှာ ပါတဲ့ နောက်တစ်ယောက်ဖြစ်တဲ့ ကမီးရယ်လ် ကဘူတူကတော့ ပြားပြားချပ်ချပ်ရင်သား ရှိတာကို သူ့ကိုသူ အမြဲသိနေတယ်လို့ ပြောပါတယ်။

သူတို့ရဲ့ စိတ်မလုံခြုံမှုနဲ့ သူတို့ရဲ့ အားနည်းချက်တွေကို အခုလို ချပြနေတာက လုံးဝမလွယ်ကူပါဘူး။ ဒါပေမဲ့ ရည်ရွယ်ချက်ကတော့ စံသတ်မှတ်ထားတဲ့အလှတရားဆိုတာကြီးကို ဖျက်ပစ်ချင်တာလို့ သူက ပြောပါတယ်။

မိန်းမဆိုတာနဲ့ နှိမ်ချင်တာနဲ့ ခွဲခြားဆက်ဆံခံရတာတွေက ဖိလစ်ပိုင်မှာ ပိုဆိုးလာပါတယ်။ အထူးသဖြင့် အခုသမ္မတ ရိုဒရီဂို ဒူတာတေး လက်ထက်မှာ ပိုဆိုးတယ်လို့ အယ်လ်ကာဆီရာက ဆက်ပြောပါတယ်။

"သူက မုဒိမ်းမှုအကြောင်းကိုလည်း ရယ်စရာလုပ်တယ်။ အသက်ကြီးတဲ့ အမျိုးသမီးနိုင်ငံရေးသမားတွေရဲ့ ပုံစံတွေကိုလည်း လှောင်တယ်" လို့ အယ်လ်ကာဆီရာက ပြောပါတယ်။

ဒီလို အခြေအနေတွေကို အဆုံးသတ်ချင်နေပြီ။ အဲလို တွေးတာမျိုးတွေကိုလည်း ပြောင်းလဲဖို့ ကူညီချင်တယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Gandang Pilipina
Image caption ပါမောက္ခက ဆယ်လ်ဗီယာ အက်စရာဒါ ကလော်ဒီယိုနဲ့ သူ့တပည့်တွေ

သူတို့ အခုလုပ်တဲ့ ပရောဂျက်ကို တုံ့ပြန်မှုတွေက အကောင်းဘက်ကဖြစ်ပြီး တခြား မိန်းကလေးတွေက သူတို့ အဖြစ်အပျက်တွေနဲ့ ဗီဒီယိုတွေကို သူတို့ ကမ်ပိန်းစာမျက်နှာတင်ပေးကြပါတယ်။

အဲဒီလို တင်ပေးတဲ့သူတွေထဲမှာ သူတို့ရဲ့ ပါမောက္ခလည်း ပါပါတယ်။

အဲဒီပါမောက္ခက " ကျွန်မက ဆယ်လ်ဗီယာ အက်စရာဒါ ကလော်ဒီယိုပါ။ ပုပု၀၀ နတတ ပေါ့။ အဲဒါ ဖိလစ်ပိုင်မိန်းမရဲ့ အလှပေါ့။ သင်ရော လှသလား" လို့ ဝင်ပြောပေးထားပါတယ်။

သူတို့ကို မကောင်းမြင်တဲ့ မှတ်ချက်ပေးသူတွေလည်း ရှိပါတယ်။

"ဘာလို့ မည်းမည်းတူးတူး မိန်းမတွေ ဒီဗီဒီယိုထဲ ပါခိုင်းတာလဲ" လို့ တစ်ယောက်က သူတို့ ပို့စ်အောက်မှာ လာရေးသွားပါတယ်။

လိင်ပြောင်းထားတဲ့ သူတစ်ယောက်ပါလာတာကို ရည်ညွှန်းပြီး "ဘာလို့ ဒီအခြောက်က ပါလာရပြန်တာလဲ" လို့လည်း လာရေးတဲ့သူက ရှိပြန်ပါတယ်။

ရင်သားကင်ဆာခံစားပြီး ပြန်ရှင်သန်လာသူ

ဒီစီ ပူဂျာစီက ရင်သားကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ခဲ့ရတဲ့ အမျိုးသမီးတွေအတွက် ဆေးဘက်သုံး ဆီလီကွန် ရင်သားပြုလုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူအဲဒီလို လုပ်ချင်တာက သူရဲ့ညီမ ဝမ်းကွဲ ရင်သားကင်ဆာဖြစ်ပြီး ရင်သားဖြတ်ထုတ်လိုက်ရတာကို ကြည့်ပြီး လုပ်ပေးချင်ခဲ့တာပါ။

အဲဒီသူ့ညီမလေးဟာ အသက်က ၂၅ နှစ်ပဲ ရှိပါသေးတယ်။

ဓာတ်ပုံ မူပိုင် BBC Indonesia
Image caption ရင်သားကင်ဆာကလွတ်မြောက်လာသူတွေအတွက် ရင်သားအတု လုပ်ပေးနေသူ

ကျွန်မ မိန်းမတစ်ယောက်အနေနဲ့ အရေးကြီးတာတစ်ခု ဆုံးရှုံးတယ်လို့ ထင်မိပါတယ်လို့ မာနီ ရက်တု ဂျီဂန်ဂျာက ဘီဘီစီ အင်ဒိုနီးရှားကို ပြောပါတယ်။

အဲဒီလို ခွဲစိတ်ခံရပြီးတော့ အပြင်ထွက်ရင် သက်သောင့်သက်သာမရှိဘူးလို့ ဂျီဂန်ဂျာ ခံစားနေရပါတယ်။

အဲဒါကို ဘယ်လိုလဲဆိုတာ မပြောပြတတ်ပါဘူး။ စိတ်ဓာတ်ကျပြီးတော့ ရင်သားတစ်ဘက်တော့ မရှိတော့ဘူးဆိုပြီး သူက တွေးနေမိတယ်။

ဓာတ်ပုံ မူပိုင် BBC Indonesia
Image caption ဂျီဂန်ဂျာ

အင်ဒိုနီးရှားဆေးရုံတွေက ရင်သားကင်ဆာလူနာတွေကို ခွဲစိတ်ပြီးရင် လိုအပ်တဲ့ နောက်ဆက်တွဲ ဖြည့်ဆည်းပေးတာတွေ လုပ်ပေးဖို့ ကမ်းလှမ်းတတ်ကြပါတယ်။ ဒါပေမဲ့ အဲဒါတွေက ငွေအများကြီးကုန်တယ် ပြီးတော့ ကျန်းမာရေးအာမခံကလည်း အဲဒါလုပ်ဖို့ မပေးဘူး။

ဒီလိုနဲ့ ရင်သား အစားထိုးခွဲစိတ်မှု လုပ်ဖို့ မတတ်နိုင်တော့ ဂျီဂန်ဂျာလည်း ဘရာစီယာထဲမှာပဲ ရေမြှုပ်တွေ ထည့်ဝတ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် BBC Indonesia

သူ့ ညီမ ဒီလိုတွေဖြစ်နေတာ မြင်ရတော့ ပူဂျာစီလည်း တခြား သက်သာတဲ့နည်းလမ်းရှိမလားလို့ စရှာခဲ့ပါတယ်။

သူလည်း ဂျပန်က ပါမောက္ခ တစ်ယောက်ကို လှမ်းပြီး ဆီလီကွန် ရင်သားဘယ်လိုလုပ်ရလဲဆိုတာ မေးပြီး သင်ခိုင်းခဲ့ပါတယ်။ အခုတော့ အမေရိကန်ကနေ သဘာဝကနေလုပ်တဲ့ ပစ္စည်းတွေ မှာထားပါပြီ။

ပူဂျာစီလုပ်တဲ့ ရင်သားအတုက အသားမှာ ကပ်နေမှာဖြစ်ပြီး နေရာမရွေ့ပါဘူး။ ကုန်ကျစရိတ်ကတော့ ရင်သားတစ်ဘက်ကို အမေရိကန် ဒေါ်လာ ၁၃၀ လောက်ကျမှာပါ။

အဲဒီ ပစ္စည်းကို ပထမဆုံးသုံးတဲ့သူက ဂျီဂန်ဂျာ ဖြစ်ခဲ့ပြီး အဲလို လုပ်နိုင်ခဲ့လို့ သူ့ဘဝပြောင်းလဲသွားစေပါတယ်လို့ ဂျီဂန်ဂျာက ပြောပါတယ်။

ခရုသင်းလေးနဲ့လည်း လှနေပါတယ်

နဒီယာ ဇာကာရီယာက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ဓာတ်ပုံဆရာမပါ။ သူ့မှာ ခရုသင်းစ ရှိလာတာ သူအသက် ၁၇ နှစ်မှာပါ။

ဓာတ်ပုံ မူပိုင် NADIRA ZAKARIYA

ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းဟာ အသားအရောင် ပြောင်းလဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အသားရောင်ခြယ်အတွက် လိုအပ်တဲ့ မယ်လာနင်ဓာတ် မရတဲ့အတွက် အဖြူရောင်အကွက်တွေ ပေါ်လာတာပါ။

အခု သူက အသက် ၃၄ နှစ်ရှိပါပြီ။ ဓာတ်ပုံအလုပ်ကြောင့် သူ့ပုံစံကိုသူ လက်ခံလာနိုင်ခဲ့သလို ခရုသင်းတွေကိုလည်း လှတယ်လို့ သူမြင်တတ်လာပါပြီ။

ဒါပေမဲ့ သူလျှောက်ခဲ့တဲ့ ခရီးကတော့ မဖြောင့်တန်းခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် NADIRA ZAKARIYA

ကျွန်မရဲ့ ပထဆုံး အဖြူကွက်က အားလပ်ရက်တစ်ခုအပြီး နားရွက်ပေါ်မှာ စထွက်လာတာပါ။ ဒါနဲ့ ပထမတော့ နေရောင်နဲ့ အထိများလို့လို့ ထင်ခဲ့မိတယ်လို့ သူက ပြောပါတယ်။

သူ့မိဘတွေက သူ့ကို တရုတ်တိုင်းရင်းဆေးဆရာဆီ ခေါ်သွားပါတယ်။ တိုင်းရင်းဆေးတွေနဲ့ သူစားလို့ရမယ့် စာရင်း ဆေးခန်းက ပေးလိုက်တယ်။

ဆေးဆရာက အပူအစပ်နဲ့ အချဉ်တွေမစားနဲ့လို့လည်း ပြောလိုက်ရော တအားကို စိတ်ပျက်သွားတယ်လို့ သူက ပြောပါတယ်။

"ဒီလောက်ဖြစ်တာတောင်မှ အဲဒါကို ကြီးကြီးမားမား ကျန်းမာရေး ပြဿနာလို့ တစ်ခါမှ မထင်မိဘူး။ လုံးဝ နာတာ ကျင်တာလည်း မရှိဘူးလေ။"

သူအသက် ၂၀ မှာ နယူးယောက်မှာ ဓာတ်ပုံပညာသွားသင်တဲ့ အသက် ၂၀ နောက်ပိုင်းမှာ မျက်ခုံးနဲ့ မျက်နှာမှာပါ ခရုသင်းတွေ ထွက်လာခဲ့ပါတယ်။

တဖြည်းဖြည်း ပိုသတိထားမိလာပြီး သူကလည်း လက်ရှည်တွေဝတ် မိတ်ကပ်တွေနဲ့ ဖုံးဖို့ ကြိုးစားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် NADIRA ZAKARIYA

ဒါပေမဲ့ အသက်ပိုကြီးလာတဲ့အခါမှာတော့ သူ့ကိုယ်သူ ဓာတ်ပုံတွေ ရိုက်ပြီး အွန်လိုင်းက သူ့ဖော်လိုဝါတွေကို ပြခဲ့တယ်။

နောက်ဆုံး ကျွန်မခံစားရလာတာက ကင်မရာရှေ့မှာ ရပ်ရဲဖို့ပေါ့။ အပြင်မှာပဲ သတ္တိရှိနေရုံ မဟုတ်ဘူး။

၂၀၁၈ ခုနှစ်မှာ သူ့အကြောင်းနဲ့ ဓာတ်ပုံတွေကို Vogue Italia နဲ့ တခြား နိုင်ငံတကာ မဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့တယ်။ ပြပွဲအတော်များများလည်း လုပ်ခဲ့ပါတယ်။

အခု မလေးရှားမှာ နေထိုင်နေတဲ့ ဇာကာရီယာဟာ ဟောပြောပွဲတွေ ပုံမှန်လုပ်နေပါပြီး။ လူတွေဟာ အမြင်တွေ ပြောင်းလာစပြုလာပါပြီးလို့ သူက ပြောပါတယ်။

သူ့လက်မောင်းတွေကိုလည်း သူဖုံးမထားတော့ပါဘူး။ မိတ်ကပ်မလိမ်းဘဲ အပြင်ထွက်ရလို့လည်း ဘယ်လိုမှ မနေတော့ပါဘူး။

အရင်တုန်းကတော့ လူတွေက သူအခုလို ဖြစ်တာ အကုသိုလ်တွေကြောင့် ဖြစ်တာလိုလို တစ်ခုခု စားမိတာကြောင့်လိုလိုတွေ ပြောတာ အမြဲကြားခဲ့ရပါတယ်။

ဒါပေမဲ့ အခုတော့ ခရုသင်းကလေးနဲ့လည်း လှနေပါတယ်ဆိုတဲ့ အားပေးစကားတွေ ကြားနေရပါပြီ။

ဘီဘီစီ အင်ဒိုနီးရှား ဌာနမှ ကွင်း ပါစရီဘူ အားဖြည့်ရေးသားသည်။