အိန္ဒိယ ရွေးကောက်ပွဲ - မိုဒီ ထပ်နိုင်တာ တခြားနိုင်ငံတွေကို ဘယ်လို သက်ရောက်လဲ

ဘီဂျေပီပါတီကို မဲအနိုင်ရအောင် အဓိက ဦးဆောင်သူ နာရန်ဒရာမိုဒီ ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘီဂျေပီပါတီကို မဲအနိုင်ရအောင် အဓိက ဦးဆောင်သူ နာရန်ဒရာမိုဒီ

၂၀၁၄ ခုနှစ်က အာဏာရလာခဲ့တဲ့ နာရန်ဒရာ မိုဒီဟာ အိန္ဒိယရွေးကောက်ပွဲ ရလဒ်တွေအရ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးကို ဆက်ပြီး ဦးဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ သူ့ကိုထောက်ခံသူတွေက နိုင်ငံရေးသြဇာ ကြီးမား သူလို့ ချီးကျူးအားပေးခံရပေမဲ့ တစ်ယူသန်သူလို့ မြင်တဲ့သူတွေ အများအပြားလည်း ရှိပါတယ်။

သူအခုလို ရွေးကောက်ပွဲ နောက်တစ်ကြိမ် အနိုင်ရတာက တခြားနိုင်ငံတွေအပေါ်ရော ဘယ်လို ရိုက်ခတ်မှုတွေ ရှိနိုင်ပါသလဲ။

သူရဲ့အစိုးရသက်တမ်း ကုန်ဆုံးမယ့် ၂၀၂၄ အရောက်မှာ အိန္ဒိယဟာ တရုတ်ကို ဖြတ်ကျော်ပြီး ကမ္ဘာ့ လူဦးရေ အများဆုံး နိုင်ငံ ဖြစ်လာတော့မှာပါ။ လေထုအညစ်ညမ်းဆုံး မြို့ကြီးတွေ အများအပြား ရှိတဲ့နိုင်ငံ ဖြစ်လာမှာ ဖြစ်သလို ကမ္ဘာ့ စီးပွားရေးအင်အား အကြီးဆုံး အဆင့် နံပါတ် ၅ မှာ ရောက်နေမှာလည်း ဖြစ်ပါတယ်။

ဟိန္ဒူအမျိုးသားရေးဝါဒီလို့ ပြတ်ပြတ်သားသား ကြေညာထားသူဖြစ်ပေမဲ့ ကမ္ဘာ့ ဒုတိယ မွတ်ဆလင် ဦးရေ အများဆုံး နိုင်ငံကိုလည်း ဦးဆောင်ရမယ့်သူ ဖြစ်ပါတယ်။ ပဋိပက္ခကြီးနှစ်ခုဖြစ်တဲ့ ကက်ရှမီးယားအရေးနဲ့ တောင်တရုတ်ပင်လယ်အရေးတို့ ရှိနေတဲ့ ဒေသတွင်းမှာ အိန္ဒိယရဲ့ သြဇာအာဏာ လွှမ်းမိုးနိုင်မှုအတွက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒုတိယအကြိမ် ရွေးကောက်ပွဲ အပြတ်အသတ် အနိုင်ရခဲ့တာနဲ့အတူ မိုဒီဟာ အိန္ဒိယကို အင်မတန် ကောင်းတဲ့ ဦးဆောင်နိုင်မယ့် အခွင့်အရေး ရခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အခြေအနေတွေထဲက သိထားသင့်တဲ့ အချက် ၅ ချက်ကို ဖော်ပြလိုက်ပါတယ်။

အိန္ဒိယ စီးပွားရေး စိန်ခေါ်မှု

ယူကေနိုင်ငံကို ဖြတ်ကျော်ပြီး ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နံပါတ် ၅ အဆင့်ကို ဒီနှစ်မှာ ရောက်လာခဲ့တဲ့ အိန္ဒိယဟာ လူငယ်ဦးရေ အများအပြားရှိနေပါတယ်။ အဲဒါက ကမ္ဘာ့ စီးပွားရေး တိုးတက်အောင် မောင်းနှင် မယ့် အင်အား ဖြစ်လာနိုင်ပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် တစ်နှစ်ထဲမှာတင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက ဒေါ်လာ ၄၄ ဘီလျံလောက်ကို အိန္ဒိယ ကုမ္ပဏီတွေဆီကို အလုံးအရင်းနဲ့ ဝင်ရောက်မြှုပ်နှံခဲ့ကြပါတယ်။

တခြား တိုးတက်လာတာတွေလည်း ရှိပါသေးတယ်။ ပိုများလာတဲ့လမ်းတွေ၊ ကျေးလက် အလုပ်အကိုင်တွေ၊ ဆင်းရဲသူတွေအတွက် ဈေးသက်သာတဲ့ မီးဖိုချောင်သုံး ဓာတ်ငွေ့၊ ကျေးရွာတွေက အိမ်သာတွေ၊ တပြေးညီ အခွန်စနစ်၊ အားထားရတဲ့ ကျန်းမာရေး အာမခံစနစ်တွေက မိသားစုပေါင်း သန်း ၅၀၀ လောက်ကို အကျိုးရှိစေမှာ ဖြစ်ပါတယ်။ လူမွဲကြေညာခြင်းနဲ့ ကြွေးဆုံး ဥပဒေအသစ်တွေလည်း ရှိလာခဲ့ပါတယ်။

အဲလို တိုးတက်မှုတွေ ရှိနေတဲ့ကြားကပဲ ဝယ်လိုအားနှေးကွေးနေတာ၊ ဝင်ငွေတွေလျော့ကျလာတာနဲ့ အနှစ် ၄၀ အတွင်းမှာ အဆိုးရွားဆုံး အလုပ်လက်မဲ့နှုန်း ရှိနေတာတွေက အိန္ဒိယ စီးပွားရေး အကျပ်အတည်း ဖြစ်စေ ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မိုဒီလက်ထက် အလုပ်လက်မဲ့နှုန်းတက်လာတယ်လို့ အစိုးရရဲ့ ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေ အရ သိရပါတယ်။

တိုးတက်လာတဲ့စီးပွားရေးနဲ့အတူ အလုပ်လုပ်နိုင်တဲ့အရွယ်ရောက် လူငယ်တွေ ရှိနေတဲ့ နှုန်းကို အမီ ဖြည့်ဆည်းဖို့ အတွက် လတိုင်းလတိုင်းမှာ အလုပ်အကိုင် အခွင့်အလမ်းအသစ် သန်းချီ ဖန်တီးဖို့ လိုနေပါတယ်။ အဲဒီ အလုပ်အကိုင်ဖန်တီးဖို့ ကိစ္စဟာ ပြီးခဲ့တဲ့ အစိုးရ သက်တမ်းမှာ မအောင်မြင်ခဲ့လို့ အခု သက်တမ်းသစ်မှာ အဲဒါကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

အဲလို အကြပ်အတည်းဖြစ်နေတာတွေကို ပြင်ဆင်ရင်းနဲ့ အိန္ဒိယဟာ သူတို့ရဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကုန်သွယ်ရေး စစ်ပွဲတွေများ ဖြစ်လာမလားဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အမျိုးသားရေးဝါဒ ရှေ့တန်းရောက်လာမှု

ပျောက်ဆုံးနေတဲ့ ဂုဏ်သရေကြီးမြတ်မှုတွေကို ပြန်ရလိုနေတဲ့ ပဲ့တင်သံတွေ ကမ္ဘာတစ်လွှားက တင်းမာတဲ့ အမျိုးသားရေးဝါဒီတွေဆီက ထွက်ပေါ်လာနေပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ကို ပြန်ကြီးကျယ်အောင်လုပ်ကြစို့။ ရုရှားသမ္မတ ပူတင်က ရုရှားကို ပြန်ကြီးကျယ်အောင်လုပ်ကြစို့၊ တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်ပြည်သူတွေအတွက် အားသစ်လောင်းမယ်၊ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုရဲ့ ကမ္ဘာကြီးကို အမှန်တွေ သိအောင်လုပ်ကြစို့ ဆိုတဲ့ အသံတွေ ထွက်ပေါ်လာပါတယ်။

မိုဒီကလည်း ရွေးကောက်ပွဲ မဲဆွယ်ရာမှာ အဲဒီလို သဘောတရားမျိုးကို သုံးခဲ့ပါတယ်။ ဟိန္ဒူ ဒဏ္ဍာရီထဲက ရာမမင်းနဲ့ သူကျင့်သုံးခဲ့တဲ့ စည်းမျဉ်းတွေ အကြောင်းကို ပြောခဲ့တယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟိန္ဒူအမျိုးသားရေးဝါဒက မိုဒီလက်ထက် ငါးနှစ်အတွင်း နိုင်ငံထဲမှာ လွှမ်းမိုးထားခဲ့

ဒါပေမဲ့ အဲဒါနဲ့ တစ်ချိန်တည်းမှာပဲ လူနည်းစုတွေကိုလည်း ပစ်မထားဘူးလို့ ပါတီ ခေါင်းဆောင်တွေက ထပ်ခါ ထပ်ခါ ပြောခဲ့ကြတယ်။

"ဘီဂျေပီပါတီဟာ အိန္ဒိယနိုင်ငံသား သန်းထောင့်သုံးရာလုံးအတွက်ပါ။ ဘာသာရေးခွဲခြားတာမျိုးမလုပ်ပါဘူး" လို့ ပါတီ ပြောခွင့်ရသူက ပြောပါတယ်။

အခုလို ဘီဂျေပီ ပါတီ နောက်ထပ် အာဏာ ပြန်ရလာတဲ့အခါ အိန္ဒိယရဲ့ ဒဏ္ဍာရီလာ တမူထူးခြား သဘောထားကြီးတဲ့ ငြိမ်းချမ်းရေးသမား သူရဲကောင်း ရာမမင်းဟာ ဟိန္ဒူမျိုးချစ်တွေ ထုတ်သုံးဖို့ ပုံရိပ်ဖြစ်လာပါတယ်။

အဲလို အတိတ်က ယဉ်ကျေးမှုမြင့်မားတဲ့ ကြီးမြတ်တဲ့ လူမျိုးအသွင်ကနေ အမျိုးသားရေး အမှတ်လက္ခဏာ ဖန်တီးမှုတွေက သတင်းအတုတွေ ဖန်တီးဖို့ ပိုအားပေးအားမြှောက်လုပ်ရာ ရောက်ခဲ့တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဘီဘီစီက လုပ်ခဲ့တဲ့ သုတေသနအရ သိရပါတယ်။ လက်ယာစွန်းရောက် ကွန်ရက်တွေကနေ သတင်းတုတွေကို အမျိုးသားရေး ရှုထောင့်ကနေဖန်တီးပြီး ဆိုရှယ်မီဒီယာတွေပေါ် တင်ခဲ့တယ်။

ပုဂ္ဂိုလ် နိုင်ငံရေး နဲ့ နိုင်ငံရေးပထဝီ အရေးကြီးမှု

ပြည်နယ်ရွေးကောက်ပွဲတွေ အပြီးမှာ လူကြိုက်များမှု လျော့ကျလာခဲ့တဲ့ မိုဒီဟာ ပါကစ္စတန်နဲ့ လေကြောင်း တိုက်ခိုက်မှုလုပ်ခဲ့ပြီးနောက် ပြန်အဖတ်ဆယ်နိုင်ခဲ့တယ်။

မိုဒီက ရွေးကောက်ပွဲကာလတစ်လျှောက်လုံး သူရဲ့ တောင့်တင်း ကျန်းမာသန်စွမ်းမှု နဲ့ အမျိုးသားရေးဝါဒ တို့ကို အခြေခံပြီး ထောက်ခံမှုအားတွေ ဆက်ရအောင်လုပ်ခဲ့တယ်။

သူ့ဦးဆောင်မှုအောက်မှာ အိန္ဒိယဟာ နျူလက်နက်ပိုင်ကြတဲ့ နိုင်ငံတွေ ဖြစ်တဲ့ ပါကစ္စတန်နဲ့ နှစ်ခါ တရုတ်နဲ့ တစ်ခါ တင်းမာမှုတွေ ဖြစ်ခဲ့တယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမျိုးသားလုံခြုံရေးကို ဦးစားပေးခဲ့မှုက မဲအနိုင်ရဖို့ အထောက်အကူဖြစ်ခဲ့တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်

အရှေ့တောင်အာရှမှာဆိုရင်တော့ အိန္ဒိယဟာ တရုတ်ကို အင်အားချိန်ခွင်လျှာ ညှိနိုင်တဲ့ နိုင်ငံအဖြစ် မြန်မြန်ဆန်ဆန် ထွက်ပေါ်လာနေပြီး အင်အားနည်းလာတဲ့ အမေရိကန် ဆီကနေ ကာကွယ်ဖို့ ဖြစ်လာတယ်လို့ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ အမေရိကန် သုတေသန အဖွဲ့တစ်ခုက သုံးသပ်ထားပါတယ်။

သူ့ရဲ့ ဒုတိယ သက်တမ်းမှာ အိန္ဒိယရဲ့ သြဇာလွှမ်းမိုးနိုင်မှုကို ဆက်ပြီး ချဲ့ထွင်လာမှာ ဖြစ်လို့ ပထဝီနိုင်ငံရေး မဟာမိတ် အပြောင်းအလဲတွေနဲ့ အရှေ့တောင်အာရှက အုပ်စုဖွဲ့မှု အသစ်တွေလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

လူကြိုက်များ လက်ယာ နိုင်ငံရေး ရှေ့တန်းရောက်လာမှု

ဘီဂျေပီဟာ လက်ယာနိုင်ငံရေးအယူဝါဒနဲ့ အများကြိုက် အကြောင်းအရာတွေကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ရွှေ့ပြောင်းနေထိုင်လာသူ လူဆိုးအဖွဲ့ တွေကို တိရစ္ဆာန်တွေလို့ ခေါ်ခဲ့သလိုမျိုး ဘီဂျေပီပါတီ ဥက္ကဋ္ဌ အာမစ် ရှားကလည်း တရားမဝင်ရွှေ့ပြောင်းလာသူတွေကို ခြကောင်တွေလို့ ခေါ်ပြီး သူတို့ကို ဘင်္ဂလားပင်လယ်အော်ထဲ ပစ်ချမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဘက်မှာတော့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာ ဒုက္ခသည်တွေကို နိုင်ငံသားပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ဘီဂျေပီပါတီက သင်္ကန်းဝတ် ဟိန္ဒူဘာသာရေး ခေါင်းဆောင် အူတာပရာဒက်ရှ် ပြည်နယ် ဝန်ကြီးချုပ် ယောဂီ အဒီတြာနက်က ကွန်ဂရက်ပါတီဟာ အစိမ်းရောင် ဗိုင်းရပ်စ်ကူးစက်နေတယ်လို့ ပြောခဲ့ပါတယ်။ အစိမ်းရောင် ဆိုတာ အစ္စလာမ်ဘာသာကို ရည်ညွှန်းပြောတာဖြစ်ပါတယ်။ ဘီဂျေပီပါတီ အာဏာရတဲ့ ငါးနှစ်အတွင်း ဟိန္ဒူ-အစ္စလာမ် ဆက်ဆံရေးက ပိုဆိုးလာပြီး မွတ်ဆလင်တွေက သူတို့ အနာဂတ်အတွက် စိုးရိမ်မှုတွေ ပိုများလာပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မိုဒီက လူနည်းစုတွေကို အကာအကွယ်ပေးဖို့ လုံးဝ မလုပ်ခဲ့သလောက်ပဲလို့ ဝေဖန်သူတွေကပြော

အဲလို အမှတ်လက္ခဏာ ခွဲခြားတဲ့နည်းက စီးပွားရေး ပြဿနာတွေရှိနေတဲ့နိုင်ငံမှာ ရွေးကောက်ပွဲ မဟာဗျူဟာအနေနဲ့ အလုပ်ဖြစ်နိုင်ပေမဲ့ နောက်ပြန်လှည့်ဖို့ ခက်ပါလိမ်မယ်။

တခြား လူကြိုက်များတဲ့ ကမ္ဘာပေါ်က ခေါင်းဆောင်တွေဟာ လူအများကြိုက်တဲ့ အမြင်တွေဘက်မှာ သူတို့လည်းရှိတယ်ဆိုတဲ့ ပုံနဲ့ ရပ်တည်တတ်ကြပါတယ်။ ဒါပေမဲ့ သူတို့တွေ နောက်ပိုင်း ပြန်ပြောင်းချင်မလား ဆိုတာ မေးခွန်းထုတ်စရာပါ။

ရာသီဥတု ပြောင်းလဲမှု

ဂရင်းပိစ်အဖွဲ့နဲ့ AirVisual Analysis ရဲ့ အဆိုအရ အိန္ဒိယဟာ ကမ္ဘာပေါ်က လေထု အညစ်ညမ်းဆုံး မြို့ ၃၀ အနက် ၂၂ မြို့ ရှိနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒေလီမြို့ပြင်နားက စက်မှုနည်းပညာမြို့ ဂုရုဂရမ်က ကမ္ဘာ့လေထု အညစ်ညမ်းဆုံး မြို့အဖြစ်ရပ်တည်နေပါတယ်။

လာမယ့် ငါးနှစ်အတွင်း တရုတ်ထက် လူဦးရေ ပိုများလာမယ့် အိန္ဒိယဟာ လာမယ့်နှစ်မှာ ရေ၊လေ၊ မြေနဲ့ သစ်တောဆိုင်ရာ ဖြေရှင်းရမယ့် ဖိအားတွေ အများဆုံး ရှိလာမယ့် နိုင်ငံလို့ ကမ္ဘာ့ဘဏ် စစ်တမ်းက သတိပေးထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အိန္ဒိယဟာ ကမ္ဘာ့တတိယ ကာဘွန်ဒိုင်အောက်ဆိုဒ် အများဆုံး ထုတ်တဲ့နိုင်ငံ ဖြစ်နေပါပြီ

အမြန်ဆုံးနှုန်းနဲ့ ဖွံ့ဖြိုးနေတဲ့ စီးပွားရေးရှိပေမဲ့ ဆင်းရဲတွင်းနက်နေတဲ့ လူသန်းပေါင်းများစွာရဲ့လိုအပ်ချက်တွေ ရှိနေတဲ့ အိန္ဒိယဟာ မိုဒီအတွက်တော့ ဘေးကျပ်နံကျပ်အခြေအနေကို မလွဲမသွေ ရင်ဆိုင်ရစေမှာပါ။

စီးပွားရေး နှေးကွေးနေမှုက အလုပ်အကိုင်အသစ်တွေ ဖန်တီးရာမှာ အတားအဆီးဖြစ်လာပါလိမ့်မယ်။ စီးပွားရေးကို မထိန်းချုပ်နိုင်ရာက နိုင်ငံရဲ့ သဘာဝရင်းမြစ်တွေကို ဖိအားတွေ ဖြစ်လာပါလိမ့်မယ်။ အဲဒီကနေ သဘာဝ ဘေးဒုက္ခတွေဖြစ်လာစေပြီး နိုင်ငံ အနာဂတ်ကို မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်စေပါတယ်။

အဲဒီလို အခြေအနေတွေ ရှိနေပေမဲ့ မိုဒီဟာ ပဲရစ်သဘောတူညီမှုကို လိုက်နာပြီး ၁၀ နှစ်အတွင်းမှာ ဖန်လုံအိမ် အာနိသင် လျှော့ချမှု ၃၅ ရာခိုင်နှုန်း ရှိအောင် လုပ်မယ်လို့ ကတိပေးထားပါတယ်။

ဆက်စပ် အကြောင်းအရာများ