ဗြိတိန် ဝန်ကြီးချုပ် ထရီဆာ မေ ဇွန်လ ၇ ရက်မှာ ရာထူး က နေ ထွက်ပေးမယ်လို့ ထုတ်ပြန် ကြေညာ

Theresa May ဓာတ်ပုံ မူပိုင် EPA

ဗြိတိန် ဝန်ကြီးချုပ် ထရီဆာ မေ ဟာ လာမယ့် ဇွန်လ ၇ ရက်နေ့မှာ ရာထူး ကနေ နုတ်ထွက် ပေးမယ်လို့ မေ လ ၂၄ ရက်နေ့မှာ ကြေညာ ခဲ့ပါတယ်။

လန်ဒန် မြို့ ဒေါင်းနင်းလမ်း က ဝန်ကြီးချုပ် အိမ်တော်ရှေ့ကနေ နုတ်ထွက်တဲ့ ကြေညာမှု ကို ထရီဇာ မေ စိတ်ထိခိုက် လှုပ်ရှားမှု အပြည့်နဲ့ ပြောဆို သွားခဲ့တာပါ။

ဒါပေမယ့် သူ့ အနေနဲ့ ဗြိတိန် အကျိုးစီးပွား အတွက် အကောင်း ဆုံး လုပ်ဆောင် ခဲ့တယ်လို့ သူက ထည့်သွင်း ပြောဆို ခဲ့ပါတယ်။

နောက်ပြီး ဥရောပ သမဂ္ဂ ကနေ နုတ်ထွက်မယ့် သူ့ရဲ့ အစီအမံတွေ မအောင် မမြင် ဖြစ်ရတဲ့ အပေါ်မှာ လည်း နောင်တ ရမိတယ်လို့ ထရီဆာ မေ က ပြော ပါတယ်။

သူရဲ့ ဘရက်ဇစ် လို့ ခေါ်တဲ့ ဗြိတိန် ဥရောပသမဂ္ဂ ကနေ နုတ်ထွက်ရေး အစီအစဉ် တွေ ကို လွှတ်တော် က အတည်ပြု နိုင်အောင် သုံးကြိမ် တိုင်တိုင် ကြိုးစား ခဲ့ပေမယ့် မအောင်မြင်တဲ့ အတွက် ရာထူး ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ် လိုက်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ၀န်ကြီးချုပ် ရဲ့ ကြေညာမှု ကို စောင့်ဆိုင်းနေကြတဲ့ သတင်းသမားတွေ

ဝန်ကြီးချုပ် ထရီဆာ မေဟာ အစိုးရ အဖွဲ့ဝင်တွေ ရဲ့ နုတ်ထွက်ပေးဖို့ တောင်းဆို ချက် တွေကို လိုက်လျော ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ လမှာ တုန်း က သူ တင်သွင်း ခဲ့တဲ့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အဖြစ် ကနေ နုတ်ထွက်ရေး အစီအစဉ် ကို ဗြိတိန် လွှတ်တော် က ထပ်မံ ပယ်ချ ထား ခဲ့တာပါ။

သူ့ရဲ့ အစီအစဉ်တွေကို ဥရောပ သမဂ္ဂ နဲ့ သုံးကြိမ် တိုင်တိုင် ဆွေးနွေး ညှိနိုင်း ခဲ့ပြီးမှ ဗြိတိန် လွှတ်တော် ကို တင်သွင်း ခဲ့တာ ဖြစ်ပေမယ့် လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ ပယ်ချခြင်း ကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

နောက်ပြီး ဘရက်ဇစ် အရေး အတွက် အတိုက်အခံ လေဘာပါတီ နဲ့ ညှိနှိုင်း ဖို့ ကြိုးစားခဲ့ပေမယ့် သဘောတူညီချက် မရရှိခဲ့ဘဲ လေဘာ ပါတီနဲ့ ဆွေးနွေး မှု ဟာ လည်း မအောင်မြင်ခဲ့ပါဘူး။

မေလ ၂၄ ရက်နေ့ ဒီကနေ့မှာလည်း ဗြိတိန် ဝန်ကြီးချုပ် ထရီဇာ မေ ရဲ့ ဥရောပ သမဂ္ဂ ကနေ နုတ်ထွက်ရေး အစီအမံ တွေ ကို လွှတ်တော် ဆီကို ထပ်မံ တင်သွင်း ဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ ရဲ့ အစီအစဉ် သစ်ဟာလည်း အဟောင်း ကို ပြန်လည် မွမ်းမံ ထား တာ ဖြစ်ပြီး လွှတ်တော် အမတ် တွေက ထပ်မံ ပယ်ချ နိုင်တယ် ဆိုပြီးတော့ နိုင်ငံရေး လေ့လာသူ တွေက သုံးသပ် ထားပါတယ်။

ဗြိတိန် နိုင်ငံရဲ့ အာဏာရ ပါတီ ဖြစ်တဲ့ ကွန်ဆာဗေးတစ် ပါတီ ရဲ့ ခေါင်းဆောင် ရွေးချယ်မှု ကို ဇွန်လ ၁၀ ရက် နေ့ နောက်ပိုင်းမှာ ကျင်းပ သွားဖို့ ရှိပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘရက်ဇစ် အစီအစဉ် တွေ အောင်မြင်ဖို့ ထရီဆာမေ ဘယ်လို လုပ်ခဲ့သလဲ

ဆက်စပ် အကြောင်းအရာများ