ချင်းတွင်းမြစ် သင်္ဘော မတော်တဆမှု ကလေးနှစ်ဦးအပါအဝင် လူ ၅ဦး သေဆုံး

ချင်းတွင်းမြစ်၊ မုံရွာ၊ မတော်တဆမှု၊ ဓာတ်ပုံ မူပိုင် Aung Nay Myo/MPA
Image caption သေဆုံးခဲ့သူတွေထဲမှာ ၉ လသားနဲ့ ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦးပါဝင်

စစ်ကိုင်းတိုင်း မုံရွာမြို့ မင်းဒေါက်ဆိပ်ကမ်းနားက ချင်းတွင်းတံတား ရေလယ်တိုင် အမှတ် P3 နဲ့ P4 အကြားမှာ မေလ ၂၆ ရက် မနက် ၈ နာရီလောက်က သစ်သားကိုယ်ထည် ဖောင်ဆွဲသင်္ဘောတစ်စင်းနဲ့ ကုန်တင်ရေယာဉ်တစင်းတို့ မတော်တဆ တိုက်မိပြီး ဖောင်ဆွဲသင်္ဘောပေါ် ပါလာသူ ၅ ဦး သေဆုံးခဲ့ပါတယ်။

ချင်းတွင်းမြစ်အတိုင်း အထက်ကို ဆန်တက်လာတဲ့ ဖောင်ဆွဲသင်္ဘောက ကလေးဝမြို့ကို ဆန်တက်တဲ့ ကုန်တင်ယာဉ်ကို ကျော်တက်စဉ် ကုန်တင်ယာဉ်ရဲ့ အမြီးနဲ့ တိုက်မိပြီး နစ်မြုပ်ခဲ့တာလို့ အိုးဘိုတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခိုင်မိုးဦးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Aung Nay Myo/MPA
Image caption ချင်းတွင်းမြစ်တွင်း လှေသင်္ဘော မတော်တဆမှုတွေ မကြာခဏ ဖြစ်လေ့ရှိ

ဖောင်ဆွဲ သင်္ဘော တိမ်းစောင်းသွားစဉ် အနီးအနားက ကုန်တင်သင်္ဘောတွေကို အကူအညီ တောင်းပြီး ပြန်တည့်အောင် လုပ်စဉ်မှာ အလောင်း တစ်လောင်းကို တွေ့ခဲ့ကြောင်း၊ အဲဒီနောက် ကလေးအလောင်း နှစ်လောင်း ထပ်တွေ့ခဲ့ကြောင်းနဲ့ သင်္ဘောပေါ် ပါသူတွေရဲ့ ပြောဆိုချက်အရ နောက်ထပ် လူနှစ်ဦး ပျောက်ဆုံးနေတယ် ဆိုတာ သိတဲ့အတွက် မီးသတ် တပ်ဖွဲ့ရဲ့ အကူအညီနဲ့ လိုက်ရှာခဲ့ရာမှာ ဆလင်ခန်းရဲ့နောက်က ဝမ်းခန်းထဲမှာ ကျန်တဲ့ အလောင်းနှစ်လောင်းကိုတော့ ပီပါတွေကြား ညပ်နေတာကို ရှာတွေ့ခဲ့ကြောင်း ဦးခိုင်မိုးဦးက ပြောပါတယ်။

ဖောင်ဆွဲ သင်္ဘောပေါ်မှာ စုစုပေါင်း လူ ၁၁ ဦး ပါလာခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ ကလေးနှစ်ဦးဟာ ၉ လသားနဲ့ ၇ နှစ်အရွယ် ယောက်ျားလေးတွေ ဖြစ်ပြီး ကျန်သေဆုံးသူ ၃ ဦးကတော့ အသက် ၄၀ နဲ့ ၅၀ အကြား အမျိုးသားတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကုန်တင်ယာဉ်ပေါ်မှာတော့ လူ ၇ ဦး လိုက်ပါလာခဲ့ပြီး ထိခိုက်သေဆုံးတာ မရှိဘူးလို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Aung Nay Myo/MPA
Image caption တိမ်းမှောက်သွားခဲ့တဲ့ ဖောင်ဆွဲ သင်္ဘောပေါ်မှာ လူ ၁၁ ဦး လိုက်ပါလာခဲ့

အခုအခါ အလောင်းတွေကို မုံရွာဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း စစ်ကိုင်းတိုင်း မုံရွာမြို့က ချင်းတွင်းလမ်းလျှောက်သင်္ကြန်လာတဲ့ စက်လှေတစ်စင်း နစ်မြုပ်ခဲ့ပြီး အနည်းဆုံး လူ ၉ဦး သေဆုံးခဲ့ပါတယ်။