မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှု အရေးမကြီးသလို ထရမ့်ပြော

အမေရိကန်၊ ဂျပန်၊ မြောက်ကိုရီးယား ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးနဲ့ အမေရိကန် သမ္မတ ထရမ့်တို့ ဂေါက်သီး အတူ ကစားခဲ့ကြ

မကြာသေးခင်က မြောက်ကိုရီးယား လုပ်ခဲ့တဲ့ ဒုံးကျည် စမ်းသပ်မှုတွေအပေါ် စိုးရိမ်မကင်း ဖြစ်နေမှုတွေနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ ထရမ့်က အရေးမကြီးသယောင် ပြောကြားလိုက်ပါတယ်။ ဒါဟာ သူ့ရဲ့ လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် ပြောခဲ့တာတွေနဲ့ ဖီလာ ဆန့်ကျင် ဖြစ်နေပါတယ်။

တနင်္ဂနွေနေ့တုန်းက ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့ပြီးပြီးချင်းမှာပဲ သမ္မတ ထရမ့်က မြောက်ကိုရီးယား စမ်းသပ် ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ အသေးစားတွေသာ ဖြစ်တယ်လို့ သူ့ရဲ့ တွစ်တာမှာ ဖေါ်ပြခဲ့ပါတယ်။

ဒီစမ်းသပ်မှုတွေဟာ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ပြဌာန်းချက်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့ အမေရိကန် လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် ဂျွန် ဘိုလ်တန်က စနေနေ့က ပြောကြားခဲ့ပါတယ်။

သမ္မတ ထရမ့်ဟာ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးနဲ့ ဂေါက်သီး ကစားရင်း သူ့ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်ကို တနင်္ဂနွေနေ့မှာ စတင်ခဲ့ပါတယ်။

အဲဒီနေ့က ခေါင်းဆောင် နှစ်ဦး နံနက်စာ အတူ စားသောက်ခဲ့ကြပြီး တိုကျိုမြို့ပြင်က ချီဘားမြို့မှာ ဂေါက်သီး ကစားခဲ့ပါတယ်။

သမ္မတ ထရမ့်က အမေရိကန်နဲ့ ဂျပန် အကြား ကုန်သွယ်ရေး မညီမမျှ ဖြစ်နေတယ် ဆိုပြီး ဒါကို ဂျပန်နဲ့ ဆွေးနွေးညှိနှိုင်း သဘောတူချက် တစ်ခု ရလိုတယ်လို့ ပြောပါတယ်။

သမ္မတ ထရမ့်က "မြောက်ကိုးရီးယားဟာ လက်နက်ငယ်တချို့ကို စမ်းသပ် ပစ်လွှတ်ခဲ့တာ ဖြစ်တယ်၊ ဒီအတွက် တချို့ကို စိတ်အနှောင့်အယှက် ဖြစ်ကောင်း ဖြစ်စေလိမ့်မယ်၊ ကျွန်တော့်အတွက်တော့ ဘာမှ မဖြစ်ပါဘူး၊ ကင်ဂျုန်းအွန်း ကျွန်တော့်ကို ပေးထားတဲ့ ကတိတွေ တည်မယ်ဆိုတာ ယုံကြည်ထားပါတယ်" လို့ သူ့ရဲ့ တွစ်တာပေါ်မှာ ရေးထားပါတယ်။

သူ့ရဲ့ ရေးသားချက်ဟာ မစ္စတာ ဘိုလ်တန်နဲ့ရော အိမ်ရှင် ဂျပန်နိုင်ငံနဲ့ပါ သဘောထားချင်း ကွဲလွဲနေပုံရပြီး ဒါဟာ ပထမဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ မြောက်ကိုရီးယားရဲ့ စမ်းသပ်မှုတွေဟာ အတော့်ကို စိတ်မကောင်းစရာပဲလို့ မစ္စတာ အာဘေးက ပြီးခဲ့တဲ့ အပတ်တုန်းက ပြောခဲ့ပါတယ်။

မစ္စတာ ဘိုလ်တန်နဲ့ မစ္စတာ အာဘေးတို့ နှစ်ဦးစလုံးက မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ် ပြဌာန်းချက်တွေကို ချိုးဖောက်ရာ ကျတယ်လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

ဗင်နီဇွဲလား ပဋိပက္ခ၊ အီရန်နဲ့ အမေရိကန် ဆက်ဆံရေး စတဲ့ ကိစ္စတွေကို ဘယ်လို ချဉ်းကပ် ဆောင်ရွက်မလဲ ဆိုတာ အပါအဝင် နိုင်ငံခြားရေး ပေါ်လစီတွေအပေါ် သဘောကွဲပြားနေမှုတွေ လတ်တလော ထွက်ပေါ်ခဲ့အပြီး သမ္မတ ထရမ့်နဲ့ သူ့ရဲ့ နိုင်ငံတော် လုံခြုံရေး အကြံပေး ပုဂ္ဂိုလ်အကြား ဒီလို သဘောထား ကွဲလွဲမှု ပေါ်ပေါက်ခဲ့တာပါ။

မြောက်ကိုရီးယားက လတ်တလော ဘယ်လို လက်နက်မျိုး စမ်းသပ် ပစ်လွှတ်ခဲ့သလဲ

သမ္မတ ထရမ့်နဲ့ ကင်ဂျုန်အွန်းတို့ စင်္ကာပူနိုင်ငံမှာ တွေ့ဆုံခဲ့အပြီး မနှစ်တုန်းက မြောက်ကိုရီးယား နဲ့ အမေရိကန်အကြား ပြန်လည် ချစ်ကြည်လာတော့မယ့် ပုံ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဗီယက်နမ် နိုင်ငံမှာ ခေါင်းဆောင် နှစ်ဦးရဲ့ ဒုတိယအကြိမ် တွေ့ဆုံမှု သဘောတူချက် တစုံတရာ မရဘဲ ပြီးဆုံးသွားခဲ့အပြီး လတ်တလော လပိုင်းတွေမှာ ဆက်ဆံရေး အဆင်မပြေ ဖြစ်လာခဲ့ပါတယ်။

အဲဒီလို တင်းမာမှုတွေ တိုးပွားလာနေချိန်မှာ မြောက်ကိုရီးယားက လက်နက် စမ်းသပ်မှု အတော်များများကို လုပ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ ထရမ့်နဲ့ ကင်ဂျုန်အွန်းတို့ရဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုက သဘောတူချက်မရဘဲ ပြီးဆုံးသွားခဲ့

အခုလ အစောပိုင်းတုန်းက မြောက်ကိုရီးယား အစိုးရက နိုင်ငံ အရှေ့ပိုင်းမှာ ရှိတဲ့ ဟိုဒို ကျွန်းကနေ တာတို ဒုံးကျည် အတော်များများကို စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။ ကင်ဂျုန်အွန်းဟာ မစ်ဆိုင်း အပိုင်းအစ အမျိုးမျိုး ပါဝင်တဲ့ စမ်းသပ်မှု တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ သတင်းမီဒီယာမှာ ဖော်ပြခဲ့ပါတယ်။ နည်းဗျူဟာနဲ့ ထိန်းတဲ့ လက်နက်သစ် တစ်ခုကို စမ်းသပ်ထားခဲ့ပြီးပြီလို့ မြောက်ကိုရီးယား အစိုးရက ဧပြီလမှာ ပြောခဲ့အပြီး ဒီ စမ်းသပ်မှုကို လုပ်ခဲ့တာပါ။

ဒါဟာ တာရှည် ဒါမှမဟုတ် နျူကလီးယား ဒုံးကျည်တွေ မစမ်းသပ်တော့ပါဘူး ဆိုတဲ့ မြောက်ကိုရီးယားရဲ့ ကတိကို ချိုးဖောက်လိုက်ရုံတင်မက ဂျပန်နိုင်ငံအတွက်လည်း အတော်လေး စိတ်မသက်မသာ ဖြစ်စေခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ လတ်တလော ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ပြဌာန်းချက်တွေကို ချိုးဖောက်ရာ ကျနေပြီး အလွန်အမင်း စိတ်ပျက်ဖွယ် ကောင်းတယ်လို့ မစ္စတာ ဘိုလ်တန် ပြောခဲ့တဲ့အတိုင်း ဂျပန်ဝန်ကြီးချုပ် အာဘေးက ပြီးခဲ့တဲ့ သီတင်းပတ်က တိုကျိုမြို့မှာ ပြောသွားခဲ့ပါတယ်။

အမေရိကန်နဲ့ရော တခြား သက်ဆိုင်ရာ နိုင်ငံတွေနဲ့ပါ နီးနီးကပ်ကပ် ပူးတွဲ ဆောင်ရွက်နေစဉ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ် ပြဌာန်းချက်တွေကို ပိုအသက်ဝင်အောင် လိုအပ်သလို ကိုင်တွယ် ဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ မစ္စတာ အာဘေးက ပြောပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်တုန်းက ဂျပန်နိုင်ငံပေါ်ကနေ ဒုံးကျည် အတော်များများ ပစ်လွှတ်ခဲ့တဲ့အတွက် သမ္မတထရမ့်က အမေရိကန် အစိုးရအနေနဲ့ တကယ်လို့ လိုအပ်လာရင် ဒုံးကျည်တွေ ကြားဖြတ် တားဆီးတာမျိုး လုပ်ကောင်းလုပ်ရလိမ့်မယ်လို့ မစ္စတာ အာဘေးကို ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Press Eye
Image caption ကင်ဂျုန်အွန်းဟာ ဖေဖော်ဝါရီလက သမ္မတ ထရမ့်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဂျပန်ကို ထရမ့် ဘာ့ကြောင့် ရောက်နေတာလဲ

သမ္မတ ထရမ့်ဟာ ကုန်သွယ်ရေးနဲ့ လုံခြုံရေး ကိစ္စရပ်တွေ ဆွေးနွေးဖို့ အဲဒီမှာ ရောက်နေတာပါ။

မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုနဲ့ နျူကလီးယား စီမံကိန်းတွေအကြောင်းက ဆွေးနွေးမယ့် အဓိက ထိပ်တန်း ကိစ္စရပ်တွေ ဖြစ်မယ်လို့ ယူဆရပါတယ်။

ဂျပန်နိုင်ငံဟာ လုံခြုံရေးနဲ့ စီးပွားရေး အကြောင်းရပ်တွေကြောင့် အမေရိကန်ရဲ့ အရေးပါဆုံး မဟာမိတ်နိုင်ငံ အဖြစ် သတ်မှတ်ထားပြီး သမ္မတ ထရမ့်က နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်အောင် ကြိုးစားတဲ့အနေနဲ့ မစ္စတာ အာဘေးကို တွေ့ဆုံဖို့ သံတမန်ရေး ခရီးစဉ်တွေ မကြာခဏ သွားလေ့ ရှိပါတယ်။

ဂေါက်ကစား ဝါသနာပါကြတဲ့အတွက် ခေါင်းဆောင် နှစ်ဦး ပိုရင်းနှီးလာကြတာလည်း ဖြစ်ပါတယ်။ တနင်္ဂနွေနေ့တုန်းက ချီဘာမြို့က မိုဘာရာ ဂေါက်ကွင်းမှာ နှစ်ယောက်သား ဂေါက်ကစားခဲ့ကြပါသေးတယ်။

ဂေါက်သီး ကစားတာ အပြင် သမ္မတထရမ့်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း ဂျပန် ဆူမို ပြိုင်ပွဲ နောက်ဆုံးနေ့ကို တက်ရောက်မှာ ဖြစ်သလို ဂျပန် ဧကရာဇ် ဘုရင်သစ် နာရူဟီတို နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

သမ္မတ ထရမ့်ဟာ အခုလဆန်းပိုင်းမှာ ထီးနန်းအရိုက်အရာ ခံယူခဲ့တဲ့ ဂျပန် ဧကရာဇ်ဘုရင်နဲ့ တွေ့ဆုံမယ့် ပထမဆုံး နိုင်ငံခြား နိုင်ငံ့ခေါင်းဆောင် ဖြစ်မှာပါ။

ဒီအတောအတွင်းမှာပဲ သမ္မတ ထရမ့်ရဲ့ ကုန်သွယ်ရေး ထိပ်တန်း ကိုယ်စားလှယ် ရောဘတ် လိုက်ဟိုင်ဇာနဲ့ ဂျပန် ကုန်သွယ်ရေး ထိပ်တန်း ကိုယ်စားလှယ် စီးပွားရေး ဝန်ကြီး တိုရှီမစ်ဆု မိုတီဂီ တို့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေ လုပ်နေကြပါတယ်။

ဒီဆွေးနွေးမှုဟာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး သဘောတူချက် တစ်ခု ရရေး ရှေ့တိုး ညှိနှိုင်းနိုင်ဖို့ ရည်ရွယ်ထားတာပါ။

ဂျပန်နဲ့ အမေရိကန် အကြား ကုန်သွယ်ရေး ဆက်ဆံမှုဟာ မမျှတဘူးလို့ သမ္မတ ထရမ့်က ယူဆနေတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ နှစ်ပေါင်း အတော်ကြာကြာ ကုန်သွယ်ရေး အသာရနေခဲ့တယ်လို့ သမ္မတ ထရမ့်က တိုကျိုမြို့မှာ စီးပွားရေး ခေါင်းဆောင်တွေကို စနေနေ့က ပြောခဲ့ပါတယ်။

ကုန်သွယ်ရေး အခြေအနေဟာ နည်းနည်းလေး ပိုမျှတလာလိမ့်မယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော် မပြောခဲ့ပါဘူး။