ဘရာဇီးနိုင်ငံမှာ ထောင်တွင်း ခိုက်ရန်ဖြစ်မှုကြောင့် အကျဉ်းသား ၁၅ ဦးသေဆုံး

ဘရာဇီး၊ အကျဉ်းထောင်၊ ဓာတ်ပုံ မူပိုင် AFP
Image caption ဘရာဇီးနိုင်ငံမှာ လူမတန်တဆ ပြည့်နေတဲ့ အကျဉ်းထောင်တွေမှာ အကြမ်းဖက် ဆူပူမှု၊ ထောင်ဖောက်ဖို့ ကြိုးပမ်းမှုတွေ မကြာခဏ ဖြစ်လေ့ရှိ

ဘရာဇီးနိုင်ငံ မြောက်ပိုင်းက အကျဉ်းထောင်တခုမှာ ခိုက်ရန်ဖြစ်ပွားမှုအတွင်း အကျဉ်းသား ၁၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

မနောက်စ်မြို့မှာ ရှိတဲ့ အနစ်ဆီယို ဂျော့ဘင် အကျဉ်းထောင်မှာ တနင်္ဂနွေနေ့ ထောင်ဝင်စာ တွေ့ချိန်အတွင်း ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။

ထောင်ဝင်စာ လာတွေ့သူတွေ ရှေ့မှာပဲ အကျဉ်းသားတချို့ကို ချွန်ထက်အောင် သွေးထားတဲ့ သွားတိုက်တံတွေနဲ့ ထိုးခဲ့သလို တချို့ကို လည်ပင်း ညှစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါ အခြေအနေကို ထိန်းလိုက်နိုင်ပြီ ဖြစ်ပြီး ဘာ့ကြောင့် ခုလို ဖြစ်ခဲ့ရသလဲ ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပြီလို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

ထောင်ဂိတ်တွေ ထောင်တံခါးတွေကို ထုနှက်၊ စင်္ကြန်တလျှောက် လူတွေ ပြေးလွှားပြီး ဝရုန်းသုန်းကားတွေ ဖြစ်ခဲ့တယ်လို့ အမည်မဖော်လိုသူ အကျဉ်းသားမိခင် တဦးက Rio Times သတင်းဌာနကို ပြောပြပါတယ်။

အကျဉ်းသားတွေ မတန်တဆ ပြည့်ကျပ်

လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကလည်း ဒီအကျဉ်းထောင်မှာပဲ ထောင်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် ၅၆ ဦး သေဆုံးခဲ့ပါတယ်။ ဒါဟာ ဘရာဇီးနိုင်ငံက အကျဉ်းထောင်တစ်ခုမှာ လူသေအများဆုံး ထောင်ဆူမှု ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကျဉ်းသား တတိယ အများဆုံး နိုင်ငံ ဖြစ်ပြီး အခုနှစ် ဧပြီလမှာ အကျဉ်းသား စုစုပေါင်း ၇၁၂၃၀၅ ဦး ရှိတယ်လို့ တရားဝင် ကိန်းဂဏန်းတွေအရ သိရပါတယ်။

အဲဒီအရေအတွက်ဟာ ဘရာဇီးထောင်တွေမှာ ရှိသင့်တဲ့ အကျဉ်းသား အရေအတွက်ရဲ့ ၂ ဆ နီးပါး ဖြစ်ပါတယ်။ အကျဉ်းထောင်တွေတွင်းမှာ အကျဉ်းသားတွေ မတန်တဆ ထည့်ထားတဲ့အတွက် ဂိုဏ်းဖွဲ့ အကြမ်းဖက်မှုတွေ၊ ဆူပူအုံကြွမှုတွေ၊ တခါတလေ ထောင်ဖောက်ဖို့ ကြိုးပမ်းမှုတွေ ဖြစ်လာခဲ့ပါတယ်။

၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတုန်းက ဘရာဇီးနိုင်ငံ မြောက်ပိုင်းက အကျဉ်းထောင်တွေမှာ အကြမ်းဖက် ထောင်ဆူမှု အတော်များများ ဖြစ်ပွားခဲ့ပြီး ၁၁၉ ဦး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption It comes just two years after infighting killed 56 people at the same prison ဒီအကျဉ်းထောင်မှာပဲ လွန်ခဲ့တဲ့ နှစ်နှစ်က ထောင်တွင်း ခိုက်ရန်ဖြစ်မှုကြောင့် လူ ၅၆ ဦး သေဆုံးခဲ့

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ လူတွေက ထောင်တစ်ခုရဲ့ အပြင်ဘက်မှာ ဖောက်ခွဲပစ္စည်းတွေနဲ့ ဖောက်ခွဲ၊ ရဲတဦးကို ပစ်သတ်ပြီး ထောင်ထဲ ဝင်ရောက်ခဲ့ရာမှာ အကျဉ်းသား ၉၂ ဦး ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။

အကျဉ်းထောင် စနစ်ကို ပြင်ဆင်ဖို့နဲ့ ပိုတင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ လုပ်ဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ ထောင်တွင်းနဲ့ ထောင်ပြင်မှာ လှုပ်ရှားနေကြတဲ့ အင်အားကြီး ရာဇဝတ်ဂိုဏ်းတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အခုနှစ် အစောပိုင်းတုန်းက ရာဇဝတ်ဂိုဏ်းတွေက အစိုးရ အဆောက်အအုံတွေ၊ ဘဏ်တွေ၊ ဘတ်စ်ကားတွေနဲ့ ဓာတ်ဆီဆိုင်တွေမှာ တိုက်ခိုက်မှုပေါင်း ၈၀ လောက် လုပ်ခဲ့ကြပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေထဲက အတော်များများဟာ အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲဖို့ အစီအစဉ်အပေါ် လက်စားချေတဲ့ အနေနဲ့ လုပ်ခဲ့တာလို့ ယူဆရပါတယ်။

ဆက်စပ် အကြောင်းအရာများ