သတင်းအမှားနဲ့ ခိုးကူး ဝက်ဆိုက် ၃၁ ခုရဲ့ အမည်စာရင်း ထုတ်ပြန်

သတင်းမှား၊ သတင်းတု၊ ခိုးကူးဝက်ဆိုက်
Image caption သတင်းမှားနဲ့ ခိုးကူး ဝက်ဆိုက်တွေရဲ့ နောက်ထပ် အမည်စာရင်းကို ဆက်လက် ထုတ်ပြန်သွားဖို့ရှိ

တရားဝင် သတင်းမီဒီယာတွေဆီက သတင်းတွေကို ခိုးယူပြီး ဆင်တူယိုးမှား သတင်းမှား သတင်းတုတွေ ဖော်ပြနေတဲ့ သတင်းမီဒီယာ စာမျက်နှာ ၃၁ ခုရဲ့ အမည်စာရင်းကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက မေလ ၂၇ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဧပြီလ နောက်ဆုံးပတ်က ကျင်းပခဲ့တဲ့ တတိယအကြိမ် မဏ္ဍိုင်ကြီးလေးရပ် အလုပ်ရုံ ဆွေးနွေးပွဲအပြီး ဖွဲ့စည်းခဲ့တဲ့ သတင်းခိုးယူမှု စောင့်ကြည့်ရေး အဖွဲ့က စိစစ်ပြီး ဒီဝက်ဆိုက်တွေရဲ့ အမည်ကို သတင်းမီဒီယာ ကောင်စီထံ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အခု ထုတ်ပြန်လိုက်တဲ့ ဝက်ဆိုက် စာမျက်နှာ ၃၁ ခုဟာ ပြန်ကြားရေးဝန်ကြီးဌာနမှာ သတင်းမီဒီယာ မှတ်ပုံတင်ထားတဲ့ စာမျက်နှာတွေ မဟုတ်တာကို သတင်းမီဒီယာကောင်စီက စိစစ် တွေ့ရှိခဲ့တယ်လို့ မြန်မာ သတင်းမီဒီယာကောင်စီရဲ့ သတင်းမီဒီယာ ကျင့်ဝတ်နှင့် မီဒီယာ ဖွံ့ဖြိုးရေး ကော်မတီ အဖွဲ့ ခေါင်းဆောင် ဒေါ်သင်းသင်းသာက ဘီဘီစီကို ပြောပါတယ်။

သတင်းအမှားနဲ့ ခိုးကူး ဝက်ဆိုက် စာမျက်နှာတွေရဲ့ အမည်စာရင်းကို ထုတ်ပြန်တာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပြီး အဲဒီထဲမှာ ဖိုးသူတော်၊ လွင်ပြင်၊ ဇီးကွက်၊ တကောင်း၊ မြန်မာသတင်းထူးသတင်းဦး စတဲ့ ဖေ့စ်ဘုတ် စာမျက်နှာတွေ ပါဝင်ပါတယ်။ နောက်ထပ်လည်း စိစစ် ထုတ်ပြန်သွားဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

"ခေါင်းစဉ်လေး၊ စကားလုံးလေးကို နည်းနည်းလွှဲလိုက်တယ်။ ကျောင်းသား၊ ရိုဟင်ဂျာကိစ္စတွေဆိုရင် ပုံဖျက်ပြီး ရောတင်တာတွေရှိတယ်။ သူတို့ အဲဒီအတွက် မွေးထားတယ်လို့ ယူဆလို့ရတယ်" လို့ အခုထုတ်ပြန်လိုက်တဲ့ သတင်းဆိုက် အမည်ခံ စာမျက်နှာတွေအကြောင်း ဒေါ်သင်းသင်းသာက ရှင်းပြပါတယ်။

ဒီတရားမဝင် သတင်းတု စာမျက်နှာတွေက သတင်းတွေကို ပြန်ဝေမျှတာတွေက သောင်းဂဏန်း သိန်းဂဏန်းအထိ ရှိနေတယ် ဆိုတာကို စိစစ် တွေ့ခဲ့ရပြီး စိုးရိမ်စရာ အခြေအနေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအနေနဲ့ ဒီဝက်ဆိုက် စာမျက်နှာတွေကို အသေအချာ စိစစ် ထုတ်ပြန်ခဲ့တာကလွဲလို့ ဒါ့ထက် ပိုအရေးယူတာမျိုး လုပ်လို့ မရဘူးလို့ ဆိုပါတယ်။ အခုအခါ အဲဒီ ဝက်ဆိုက်တွေရဲ့ အမည်စာရင်းကို ပြန်ကြားရေး ဝန်ကြီးဌာနထံ ပို့ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်ကတော့ ဒီဝက်ဆိုက်တွေနဲ့ ပတ်သက်လို့ "ဘယ်သူတွေက နောက်ကွယ်ကနေ လုပ်တယ်၊ မလုပ်ဘူးဆိုတာမသိပါဘူး။ အခုက အားလုံးသိအောင် ထုတ်ပြန်တာ၊ ပြန်ကြားရေးတခုကိုပဲ ပေးတာ မဟုတ်ဘူးလေ။ ထုတ်ပြန်တဲ့အပေါ် ပြန်ကြားရေးက ဘယ်လို ဆက်ပြီး ဆောင်ရွက်မယ်ဆိုတာတော့ မပြောနိုင်သေးဘူး" လို့ ဘီဘီစီကို ပြောပါတယ်။

အသိအမှတ်ပြု လက်မှတ်မရှိဘဲ အခုလိုတွေလုပ်နေတဲ့အပေါ် ဖော်ထုတ် အရေးယူတယ် ဆိုတာထက် နိုင်ငံပိုင်သတင်းစာတွေကနေ သတင်းမှန်တွေကို ဖြန့်ချိပေးနေပြီး အစိုးရရဲ့ ဆောင်ရွက်ချက်တွေကိုလည်း သိရှိအောင် နိုင်ငံပိုင် သတင်းစာတွေကနေ အသိပေးနေတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU /AFP /GETTY
Image caption သတင်းတု၊ သတင်းမှား ဝက်ဆိုက်တွေက သတင်းတွေကို ပြန်ဝေမျှတာ သိန်းသောင်းချီ ရှိနေ

ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေပုဒ်မ ၈ ထဲမှာ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရာဇဝတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ပြစ်မှုကျူးလွန်မှုကို အားပေးတာ၊ လွတ်လပ်မှု တရားမျှတမှုနဲ့ အခွင့်အရေးကို ထိခိုက်စေတဲ့ အကြောင်းအရာ၊ တိုင်းရင်းသား၊ နိုင်ငံသားအချင်းချင်း၊ လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအရ ထိခိုက်စေတဲ့ အကြောင်းအရာတွေကို ဖော်ပြရင် ငွေဒဏ် ၁၀ သိန်းကနေ သိန်း ၃၀ အထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဥပဒေ ပုဒ်မ ၁၉ အရ အသိအမှတ်ပြု လက်မှတ်မရှိဘဲ ပုံနှိပ် ထုတ်ဝေရင် သတင်းအေဂျင်စီလုပ်ငန်း လုပ်ရင် ဒဏ်ငွေကျပ် သိန်း ၂၀ ကနေ သိန်း ၅၀ အထိ ချမှတ်ဖို့ ပြဋ္ဌာန်းထားပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာထုတ်ဝေခွင့် ၄၆ ခု၊ ဂျာနယ်ထုတ်ဝေခွင့် ၅၅၅ ခု၊ အထွေထွေ ထုတ်ဝေခွင့် ၁၄၇၁ ခု၊ သတင်းအေဂျင်စီ ၁၄၈ ခုနဲ့ ပုံနှိပ်လုပ်ငန်း ၁၅၄၉ ခုအထိ ခွင့်ပြုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ