ဂျပန် ဓားထိုးတိုက်ခိုက်မှု ကျောင်းသူလေးတစ်ဦး အပါအဝင် ၃ ဦး သေဆုံး

ဂျပန်၊ ဓါးထိုး တိုက်ခိုက်မှု ဓာတ်ပုံ မူပိုင် Reuters
Image caption ကာဝါဆာကီမြို့က လူအများအပြား ဓားထိုးတိုက်ခိုက်ခံခဲ့ရတဲ့ နေရာမှာ အရေးပေါ် ကုသမှုတွေ လုပ်ခဲ့

တိုကျိုမြို့နားက မြို့တမြို့မှာ ဘတ်စ်ကား စောင့်နေတဲ့ ကျောင်းသူလေးတွေကို ဓားကိုင်ထားတဲ့ လူတစ်ဦးက တိုက်ခိုက်ခဲ့ပါတယ်။

ကာဝါဆာကီမြို့က လူနေရပ်ကွက် လမ်းတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ ဓားထိုး တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၈ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ ဒဏ်ရာရခဲ့သူတွေထဲက ၁၂ နှစ်အရွယ် ကျောင်းသူလေး တစ်ဦးနဲ့ ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

ဓားကိုင် တိုက်ခိုက်ခဲ့သူလို့ ယူဆရသူ အသက် ၅၀ အရွယ် အမျိုးသားလည်း အခင်းဖြစ်အပြီးမှာ သူ့လည်ပင်းကို သူဓားနဲ့ပြန်ထိုးခဲ့ပြီး ဆေးရုံမှာ သေဆုံးသွားပါတယ်။

ဂျပန်မှာ အကြမ်းဖက် တိုက်ခိုက်တဲ့ ရာဇဝတ်မှုတွေ မရှိသလောက် ဖြစ်ပြီး ဘာ့ကြောင့် ဒီလို လုပ်ခဲ့တာလဲ ဆိုတာ မသိရသေးပါဘူး။

ဓားသမားဟာ ကျောင်းသူလေးတွေကို ဓားနဲ့ ဝင်ထိုးချိန်မှာ လက်နှစ်ဖက်စလုံးမှာ ဓားကိုင်ထားပါတယ်။ ကျန်တဲ့ ဒဏ်ရာရသူ အားလုံးဟာ ကျောင်းသူလေးတွေ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသားဟာ ကျောင်းသူလေးတစ်ဦးရဲ့ ဖခင် ဖြစ်တယ်လို့ ယူဆရကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ဒီတိုက်ခိုက်မှုအပေါ် အကြီးအကျယ် ဒေါသထွက်မိတယ်လို့ ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

ဒီအဖြစ်အပျက်ဟာ အတော့်ကို စိတ်မချမ်းမြေ့စရာ အဖြစ်အပျက် ဖြစ်ကြောင်း၊ ထိခိုက် သေဆုံးခဲ့သူတွေနဲ့အတူ ထပ်တူ စိတ်မကောင်း ဖြစ်မိကြောင်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အခင်းဖြစ်ပွားရာ နေရာမှာ ယာယီတဲတွေ ထိုးပြီး ဒဏ်ရာရသူတွေကို ကုသပေးခဲ့

အခင်းဖြစ်ခဲ့ပုံ

ပန်းခြံတစ်ခုနဲ့ ဘူတာရုံတစ်ခုနားက ဘတ်စ်ကားဂိတ်မှာ မေလ ၂၈ ရက် အင်္ဂါနေ့ ဒေသစံတော်ချိန် မနက် ၈ နာရီ မထိုးခင်လောက်မှာ အခုလို ဓားထိုးမှု ဖြစ်ခဲ့တာပါ။

အဲဒီအနားက ကာရီတက်စ် မူလတန်းကျောင်းနဲ့ ကက်သလစ် ကိုယ်ပိုင်ကျောင်း တစ်ကျောင်းကို သွားဖို့ ကျောင်းသား ကျောင်းသူ အတော်များများ အဲဒီမှာ ဘတ်စ်ကား စောင့်နေကြတာပါ။

တန်းစီနေတဲ့ ကျောင်းသား ကျောင်းသူတွေနားကို အမျိုးသားတစ်ဦး ချဉ်းကပ်လာတာကို လှမ်းမြင်လိုက်တယ်လို့ ကာရီတက်စ် ကျောင်းကား မောင်းတဲ့သူက NHK သတင်းဌာနကို ပြောပြပါတယ်။

Image caption အခင်းဖြစ်ပွားခဲ့ရာ နေရာ

အဲဒီလူဟာ ဘတ်စ်ကားပေါ် တက်ဖို့ တန်းစီနေတဲ့ ကလေးတွေကို ဓားနဲ့ စထိုးခဲ့ပြီး အဲဒီနောက် ဘတ်စ်ကားပေါ်က ကလေးတွေကို ဓားနဲ့ ထိုးခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ ဘီဘီစီ သတင်းထောက် ရူပါ့တ် ဝင်းဖီးလ် ဟေးစ် က ပြောပါတယ်။

ဓားနဲ့ လိုက်ထိုးနေစဉ်အတွင်း "ငါနင်တို့ကို သတ်ပစ်မယ်" လို့ အဲဒီလူက အော်ဟစ်ခဲ့တယ်လို့ ကျိုဒို သတင်းဌာနက ပြောပါတယ်။

သူ့ကို ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သူ့လည်ပင်း သူပြန်ထိုးခဲ့တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံမှာ ဓားသမားဆုံးသွားခဲ့ပါတယ်။

အခင်းဖြစ်ပွားရာနေရာကို အရေးပေါ် ဝန်ထမ်းတွေ ရောက်လာပြီး ဒဏ်ရာ ရထားသူတွေကို ယာယီတဲထိုး ကုသပေးခဲ့ပါတယ်။

အခင်းဖြစ်ပွားရာ နေရာ အပြင်နားမှာ မြို့ခံတွေက ထိခိုက်သေဆုံးခဲ့သူတွေအတွက် ပန်းစည်းတွေ လာချခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ထိခိုက်ဒဏ်ရာ ရသူတွေအတွက် အခင်းဖြစ်ပွားရာနေရာ အပြင်ဖက်မှာ ပန်းစည်းတွေ လာချ

နိုင်ငံတော် ခရီးစဉ် နောက်ဆုံးနေ့အဖြစ် ဂျပန်နိုင်ငံမှာ ရောက်နေခဲ့တဲ့ အမေရိကန်သမ္မတ ထရမ့်ကလည်း ထိခိုက်သေဆုံးခဲ့သူတွေအတွက် ထပ်တူ စိတ်မကောင်းဖြစ်မိကြောင်းနဲ့ ဆုတောင်းပေးနေကြောင်း ပြောပါတယ်။

ဂျပန်နိုင်ငံမှာ ဒီလို ဖြစ်ရပ်မျိုးက ဖြစ်လေ့ ရှိသလား?

ဂျပန်နိုင်ငံမှာ ဒီလို ဖြစ်ရပ်မျိုး ဖြစ်လေ့ဖြစ်ထ မရှိသလောက် ဖြစ်ပြီး ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြမ်းဖက် ရာဇဝတ်မှု ဖြစ်ပွားမှုနှုန်း အနည်းဆုံး နိုင်ငံ ဖြစ်ပါတယ်။

"ဂျပန်နိုင်ငံမှာ လေးနှစ်သား အရွယ် ကလေးငယ်လေးတွေ ကျောင်းကို သူတို့ဟာသူတို့ အမြဲ လမ်းလျှောက်သွားလေ့ ရှိပါတယ်။ ဒီမှာက လုံခြုံ စိတ်ချရလွန်းလို့ ဒီလိုသွားတာက ပုံမှန် လုပ်နေကျ ပါပဲ" လို့ ဂျပန်နိုင်ငံအခြေစိုက် ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါပေမဲ့လည်း မကြာသေးခင် နှစ်ပိုင်းတွေအတွင်း ဓားထိုးမှုလို တိုက်ခိုက်မှု အနည်းအပါး ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက စိတ်ရောဂါကု ဆေးရုံတစ်ခုမှာ အလုပ်သမားဟောင်းတဦးရဲ့ လက်ချက်နဲ့ လူ ၁၉ ဦး ဓားထိုးခံခဲ့ရပါတယ်။ စိတ်ရောဂါ ရှိနေသူတွေကို ပျောက်ကွယ်သွားအောင် လုပ်ခဲ့တာ ဆိုပြီး အဲဒီလူက ပြောတယ်လို့ သတင်းတွေက ဆိုပါတယ်။

၂၀၀၁ ခုနှစ်တုန်းကလည်း အိုဆာကာမြို့က မူလတန်းကျောင်းတစ်ကျောင်းထဲ အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး ကျောင်းသူကျောင်းသားတွေကို ဓားနဲ့ ထိုးခဲ့တဲ့အတွက် ကျောင်းသား ၈ ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ