မြောက်ကိုရီးယား ကိုယ်ပိုင် ဝီစကီထုတ်

နာမည်ကျော် Johnnie Walker ပုလင်းပုံစံနဲ့ထုတ် ဓာတ်ပုံ မူပိုင် Young Pioneer Tours
Image caption နာမည်ကျော် Johnnie Walker ပုလင်းပုံစံနဲ့ထုတ်

မြောက်ကိုရီးယားနိုင်ငံဟာ ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ ဝီစကီ ချက်လုပ်နေပြီး နှစ်ကုန်ပိုင်းမှာ စတင် ရောင်းချတော့မှာပါ။

ဒါဟာ မြောက်ကိုရီးယားအနေနဲ့ ပထမဆုံး အကြိမ် ဝီစကီ ချက်လုပ်ရောင်းချတာ ဖြစ်တယ်လို့ တောင်ကိုရီးယား ဟန်ကွတ် အယ်ဘို သတင်းစာမှာ ဖေါ်ပြထားပါတယ်။

ဒီဝီစကီကို ချက်လုပ်တဲ့ ဆမီပို အရက်ချက်စက်ရုံက သူတို့ ဝီစကီ ပုလင်းကို နာမည်ကျော် စကော့ချ် ဝီစကီ တံဆိပ် Johnnie Walker ပုလင်း ပုံစံကို အခြေခံ ထုတ်လုပ်ထားတာ ဖြစ်ပြီး Johnnie Walker ဟာ မြောက်ကိုရီးယားမှာ လူသိများတဲ့ တံဆိပ် ဖြစ်တယ်လို့ Young Pioneer တရုတ် ခရီးသွား ကုမ္ပဏီက ပြောပါတယ်။

ဒီဝီစကီ ထုတ်လုပ်တဲ့အကြောင်းကို Young Pioneer တရုတ် ခရီးသွား ကုမ္ပဏီက စဖော်ထုတ် သိခဲ့တာ ဖြစ်ပြီး မြောက်ကိုရီးယား ခရီးစဉ် တစ်ခုအတွင်းမှာ ဝီစကီကို မြည်းစမ်းခွင့် ရခဲ့တာ ဖြစ်ပါတယ်။ သူတို့ အဆိုအရ ဒီဝီစကီ ထုတ်နေတာကို မြောက်ကိုရီးယား မီဒီယာတွေမှာတောင် မဖော်ပြသေးပါဘူးလို့ သိရပါတယ်။

ဒီဝီစကီကို black label က စလို့ red label အထိ အရည်အသွေး အမျိုးမျိုးနဲ့ ဈေးကွက်ထဲ ရောင်းချမှာ ဖြစ်ပြီး ဒါ့ထက် ပိုကောင်းတဲ့ အရည်အသွေး တစ်မျိုး ထုတ်ဖို့ ရှိပေမဲ့ အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုပါတယ်။

ဒီဝီစကီရဲ့အမည်ကို မြောက်ကိုရီးယားရဲ့ အဓိက ကမ္ဘာလှည့် ခရီးသွားနေရာ တစ်ခုဖြစ်တဲ့ ကမ်ဂန်းတောင်နားက ဆမီပိုရေအိုင် ကို အစွဲပြု မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။

ဆေးဘက်ဆိုင်ရာ အရည်အသွေး

အဲဒီ ဆမီပို ဝီစကီတွေထဲမှာ အသည်း ပျက်စီးစေမှုနဲ့ အရက်ကြောင့် ဖြစ်လာတတ်တဲ့ ဆိုးကျိုးတွေကို ကာကွယ်ပေးရာမှာ မရှိမဖြစ် လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ၈ မျိုးအပါအဝင် အမိုင်နိုအက်ဆစ် ၁၆ မျိုး ပါဝင်တယ်လို့ Young Pioneer တရုတ်ခရီးသွား ကုမ္ပဏီက အာမခံထားပါတယ်။

ဒါပေမဲ့ အဲဒီ ဝီစကီကို ဘယ်လို ဂျုံစပါး အမျိုးအစားနဲ့ ဖေါ်စပ်ခဲ့တာလဲ၊ သက်တမ်း ဘယ်လောက် ရှိပြီလဲ ဆိုတာတွေနဲ့ ပတ်သက်လို့တော့ ထုတ်ဖော် ပြောတာမျိုး မရှိပါဘူး။ ဒီမေးခွန်းတွေက ဝီစကီသမားတွေ သိချင်တဲ့ မေးခွန်းတွေပါ။

ဒီဝီစကီဟာ မြောက်ကိုရီးယားက ထုတ်လုပ်တဲ့ ပထမဆုံး ဝီစကီ ဖြစ်ကောင်း ဖြစ်မှာပါ။ ဒါပေမဲ့ မြောက်ကိုရီးယား အရက် ထုတ်သူတွေကတော့ အရက်သောက်ရင် ကျန်းမာရေး အကျိုးကျေးဇူး ခံစားရတယ် ဆိုပြီး အရင်ကတည်းက ပြောရောင်းနေကြတာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြုံယမ်းမှာ အခုနှစ်ပိုင်း ဘီယာပွဲတော်လည်း ကျင်းပခဲ့

၂၀၁၆ ခုနှစ်မှာ မြောက်ကိုရီးယားက အရက်နာ မကျစေတဲ့ အရက်ကို သူတို့ တီထွင် ဖော်စပ်လိုက်ပြီလို့ ပြောခဲ့ပြီး မြောက်ကိုရီးယား ဒေဒေါင်းဂန် ဘီယာချက်စက်ရုံက သူတို့ရဲ့ ဘီယာဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကင်းစင်တဲ့ ဒေဒေါင်းမြစ်က လာတဲ့ ရေသန့်နဲ့ ချက်ထားတာမို့ သောက်သုံးသူတွေကို ကျန်းမာစေပြီး အသက်ရှည် အနာကင်းစေတယ်လို့ ကြော်ငြာထားပါတယ်။

ဒေဒေါင်းဂန် ဘီယာချက်စက်ရုံရဲ့ သမိုင်းကြောင်းကလည်း စိတ်ဝင်စားစရာပါ။

၂၀၀၀ ခုနှစ်မှာ ဒေဒေါင်းဂန် ဘီယာချက်စက်ရုံက ဗြိတိန်နိုင်ငံ ဝေးလ်ရှိင်းယားနယ်မှာ ရှိတဲ့ Ushers ဘီယာစက်ရုံဟောင်းက စက်ပစ္စည်းတွေကို ပြန်ဝယ်ခဲ့ပါတယ်။ အဲဒီစက်ပစ္စည်းတွေကို မိုင်ထောင်ပေါင်းများစွာ ဝေးတဲ့ ဒေဒေါင်းဆီ သင်္ဘောနဲ့ တင်ပို့ခဲ့ပြီး စက်ရုံသစ် ပြန်ဆောက်ခဲ့တယ်လို့ NK သတင်းမှာ ဖေါ်ပြထားပါတယ်။

မြောက်ကိုရီးယား ဝီစကီ ထုတ်တာအပေါ် တုံ့ပြန်မှု

မြောက်ကိုရီးယား ဝီစကီ ထုတ်တော့မယ်ဆိုတဲ့ သတင်းကြောင့် စိတ်ဝင်စားသူတွေ၊ စိတ်လှုပ်ရှားသူတွေနဲ့ Reddit အမေရိကန် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပြည့်နေပြီး အဲဒီ ဝီစကီပုလင်းကို ဘယ်လို ရနိင်မလဲလို့ မေးနေကြပါတယ်။

တချို့ကတော့ ဒီသတင်းဟာ တကယ်မှ ဟုတ်ရဲ့လားလို့ သံသယ ရှိနေကြပါတယ်။

"မြောက်ကိုရီးယားမှာ ဝီစကီက အတော်လေး ပျော့မဲ့ပုံ ရှိတယ်၊ အရက်သိုလှောင်တဲ့ ဂိုဒေါင်တခုမှာ အရက်စည်တွေနဲ့ စနစ်တကျ သိုလှောင် ချက်လုပ်တာ ဆိုရင်တော့ အံ့ဩစရာပဲ" လို့ Scotchtalk ဆိုသူက Reddit စာမျက်နှာပေါ်မှာ ရေးထားပါတယ်။

တစ်ယောက်ကလည်း "ဒီလောက် တော်တဲ့ ဒီဇိုင်းကို ဘယ်သူဆွဲခဲ့တာလဲ" ဆိုပြီး အဲဒီ ဝီစကီပုလင်းရဲ့ ဒီဇိုင်းကို ထေ့တေ့တေ့ လှောင်ပြောင်ရေးခဲ့ပါတယ်။

ဒါပေမဲ့ "ဝီစကီ ဆိုတာ ဂျုံစပါးကနေ ထုတ်တာ၊ ဝီစကီ ထုတ်မယ့်အစား ငတ်နေတဲ့ ပြည်သူတွေကို ကျွေးသင့်တယ်" ဆိုပြီး ဝေဖန် ထောက်ပြထားတဲ့ ပို့စ်တွေကိုလည်း တွေ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ