ဧဝရက်တောင် လူသေဆုံးမှု - အခုနှစ် တောင်တက်ရာသီ လူသေဆုံးမှုတွေ ဖြစ်ရတဲ့ အကြောင်း လေးချက်

ဧဝရက်တောင်၊ တောင်တက်သမား၊ သေဆုံးမှု ဓာတ်ပုံ မူပိုင် Reuters
Image caption မေလ ၂၂ ရက်နေ့က ဧဝရက်တောင်ထိပ်ပေါ် တက်လှမ်းနိုင်ခဲ့တဲ့ တောင်တက်သမားတွေကို တွေ့ရစဉ်

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ စုလောက်မှာ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို တက်တဲ့ တောင်တက်သမားတွေ သေဆုံးမှု စာရင်းဟာ နှစ်တိုင်း ခြောက်ယောက်လောက်ရှိခဲ့ပါတယ်။

ဒါပေမဲ့ အခုနှစ် နွေဦး တောင်တက်ရာသီမှာတော့ သေဆုံး၊ ပျောက်ဆုံးသူစာရင်းဟာ ၁၁ ယောက်အထိ ရောက်ရှိလာခဲ့ပါပြီ။

အခုနှစ်ဟာ တောင်တက်ခွင့်ပြုမှု ၃၈၁ ခု အထိ နီပေါအစိုးရ ခွင့်ပြုပေးလိုက်တဲ့နှစ်လည်း ဖြစ်ပါတယ်။

အဲဒါကြောင့် တောင်တက်ဖို့ ခွင့်ပြုချက် ရတဲ့သူတွေနဲ့ သူတို့ကို လမ်းပြကူညီမယ့်သူတွေ အပါအဝင် လူ ၆၀၀ လောက် တောင်ပေါ်တက်ကြမှာ ဖြစ်ပါတယ်။

လူတွေ ပြည့်ကြပ်နေလို့ သေဆုံးမှုတွေ မြင့်လာတာက အချက်တစ်ချက် ဖြစ်ပေမဲ့ တခြား အကြောင်းတွေကလည်း ဒီလို သေဆုံးမှုတွေ ဖြစ်စေခဲ့ပါတယ်။

ရာသီဥတု အတွက်မှားတာ

မေလအစပိုင်းလောက်ကတည်းက တောင်တက်သမား အတော်များများ ဧဝရက်တောင်ခြေရင်း တောင်တက်စခန်းကို စရောက်လာကြပါတယ်။ အဲဒီအချိန်မှာပဲ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို တိုက်ခတ်ခဲ့တဲ့ ဖန်နီ ဆိုင်ကလုန်းရဲ့ အကြွင်းအကျန်တွေ ရိုက်ခတ်လာမှာကို နီပေါအစိုးရက စိုးရိမ်နေခဲ့ပါတယ်။

ဆိုင်ကလုန်းတိုက်ပြီးတဲ့ နောက်ပိုင်းနေ့တွေမှာ နီပေါဘက်က ဟိမဝန္တာတောင်တန်းတွေဘက်မှာ ရာသီဥတု ပိုဆိုးလာခဲ့ပါတယ်။ အဲဒါကြောင့် တောင်တက် လှုပ်ရှားမှုအားလုံး နှစ်ရက် နောက်ဆုတ်လိုက်ဖို့ အစိုးရက ညွှန်ကြားချက် ထုတ်ခဲ့ရပါတယ်။

လေပြင်းတွေ တိုက်လို့ စခန်းက တဲ အလုံး ၂၀ လောက် လေထဲ လွင့်ပါသွားခဲ့ပါတယ်။ သတိပေးချက် ထုတ်လိုက်ပြီးတဲ့နောက် တောင်ပေါ် စတက်နေတဲ့ လမ်းမှာ ရောက်နေတဲ့ တောင်တက်သမားတွေလည်း တောင်ခြေစခန်းကို ပြန်လာခဲ့ကြရပါတယ်။

အဲလို ရာသီဥတု မကောင်းခဲ့တာကြောင့် တောင်တက်သမားတွေကို တောင်တက်ရာမှာ အထောက်အကူ ပေးမယ့် ကြိုးတွေ ဆင်ရတဲ့ အလုပ်တွေလည်း နောက်ကျကုန်ပါတယ်။

ဓာတ်ပုံ မူပိုင် PA
Image caption အခုနှစ် သေဆုံးခဲ့သူတွေထဲမှာ ဗြိတိသျှ တောင်တက်သမား ရော်ဘင် ဟိန်းစ် ဖစ်ရှာ လည်း ပါဝင်

အဲဒီလို ကြာနေတုန်းမှာပဲ တောင်ခြေစခန်းမှာ တောင်တက်မယ့်သူတွေ ထပ်ရောက်လာပြီး လူတွေ ပိုများလာပါတယ်။

အမှန်တကယ်က ဧဝရက်တောင်ဟာ တရုတ်နဲ့ နီပေါနိုင်ငံအကြားမှာ ရှိတာ ဖြစ်ပါတယ်။ အဲဒါကြောင့် တောင်တက်တာကို တရုတ်ဘက်ခြမ်း ကနေလည်း တက်လို့ရပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရက တောင်တက်ဖို့ ပါမစ်ကို နည်းနည်းပဲ ပေးလေ့ရှိတာပါ။ အဲဒါကြောင့် ကျွမ်းကျင် တောင်တက်သမားတွေက တရုတ်ဘက်ကနေ တက်ဖို့ သိပ်စိတ်မဝင်စားကြပါဘူး။

တောင်တက် အကူကြိုးတွေ ဆင်ပြီးတဲ့အချိန် ပထမဆုံး ရာသီဥတု ကြည်လင်တဲ့အချိန်က မေလအလယ်ပိုင်းပါ။ မေလ ၁၉ ရက် နဲ့ ၂၀ ရက် ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီအချိန်တုန်းက အဖွဲ့နည်းနည်းပဲ တက်ကြပြီး ကျန်တဲ့ အဖွဲ့ အတော်များများက ဒုတိယအသုတ် တက်မယ့် ၂၂ ရက်ကနေ ၂၄ ရက်ကြားကို စောင့်ခဲ့ကြပါတယ်။

လူအများကြီးကို စီမံမှု ညံ့ခဲ့တာ

တောင်တက်သမားတွေ များလာတာကို သေချာ မစီမံ မခန့်ခွဲနိုင်ခဲ့ဘူးလို့ တောင်တက် ကျွမ်းကျင်သူတွေက ပြောပါတယ်။

မေလ ၂၃ ရက် တစ်ရက်တည်းမှာ တောင်တက်သမား ၂၅၀ ကျော် တောင်ပေါ်တက်ခဲ့ကြပါတယ်။

အဲဒါကြောင့် တောင်တက်သမားတွေဟာ တောင်ထိပ် မရောက်ခင် အတက်လမ်းရော အဆင်းလမ်းမှာပါ နာရီတွေ အကြာကြီး စောင့်ခဲ့ကြရပါတယ်။

ဒီလိုတွေ စောင့်ရတဲ့အတွက် တောင်တက်သမား တော်တော်များများ အားကုန် ပင်ပန်းလာကြပြီး သူတို့ရဲ့ အောက်ဆီဂျင်ဘူးတွေလည်း တဖြည်းဖြည်း လေနည်းလာပါတယ်။

နီပေါ တောင်တက် အုပ်ချုပ်ရေးအဖွဲ့ဟာ တောင်ပေါ်ကို ဆက်သွယ်ထောက်ပံ့ အကူအညီပေးမယ့် ဝန်ထမ်းတွေ ပို့ပေးဖို့ လိုအပ်ပါတယ်။

ဒီတစ်ခေါက်မှာ ကူညီဖို့ လူ ၅၉ ယောက် တာဝန်ပေးခဲ့ပေမဲ့ ငါးယောက်ကပဲ တောင်တက်ခရီးစဉ် အဆုံးပိုင်းထိ လိုက်ပေးကြပါတယ်။

တချို့ကျတော့ ပေါ်တောင် မလာကြပါဘူး။ အများစုကတော့ တောင်ခြေစခန်းမှာ ရက်နည်းနည်းနေပြီး အိမ်ပြန်သွားကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP/ Project Possible
Image caption တောင်ထိပ်ပေါ်ကို လူတွေ တစ်လှေကြီး တန်းစီ တက်သွားနေတဲ့ပုံဟာ အင်တာနက်မှာ ပြန့်နှံ့သွား

အဲဒီလူတွေဟာ အများအားဖြင့် တောင်တက် အတွေ့အကြုံ မရှိတဲ့ အစိုးရဝန်ထမ်းတွေ ဖြစ်လို့ အမြင့်ပိုင်း နေရာတွေမှာ သူတို့ ခံနိုင်ရည်ရှိဖို့ မလွယ်လှပါဘူး။

သူတို့တွေကို တောင်တက် ဝန်ဆောင်မှုပေးတဲ့ အဖွဲ့တွေက ငွေပေးရတာ ဖြစ်ပြီး အများစုက မလိုက်ဘဲ ကျန်နေခဲ့ရတာကို သဘောကျပါတယ်။

တကယ်လို့ ဆက်သွယ်ထောက်ပံ့ရေး ဝန်ထမ်းတွေ အကုန်လုံးသာ တောင်ပေါ်မှာ ရှိနေမယ်ဆိုရင် တောင်ပေါ်က လူအုပ်ကြီးကို စီမံခန့်ခွဲရတာ အများကြီး ပိုလွယ်မယ်လို့ အစိုးရ အဆင့်မြင့် အရာရှိ သတင်းရင်းမြစ် တစ်ခုက ဘီဘီစီကို ဧဝရက်တောင်ခြေ စခန်းမှာ ပြောပါတယ်။

"ကျွန်တော်တို့ အဖွဲ့တွေ ခွဲထားလိုက်လို့ ရတယ်။ အဲဒါဆို ပထမ မေ ၁၉-၂၀ တက်တဲ့အသုတ်မှာ တောင်တက်သမားတွေ ပိုများများတက်ပြီး နောက်တစ်သုတ်မှာ ဝန်ထုတ်ဝန်ပိုးနည်းသွားနိုင်တယ်" လို့ အစိုးရ တာဝန်ရှိသူက ပြောပါတယ်။

"တကယ်တမ်းကျတော့ အဲဒီဆက်သွယ်ထောက်ပံ့ရေး ဝန်ထမ်း အားလုံးနီးပါး မရှိတဲ့အခါကျတော့ ရှိတဲ့လူ နည်းနည်းလေးနဲ့ တောင်တက်သမား အများကြီးကို စီမံခန့်ခွဲရတော့ အရမ်းကို အခက်အခဲ ဖြစ်ခဲ့ပါတယ်" လို့ သူက ဆက်ပြောပါတယ်။

ဆက်သွယ်ထောက်ပံ့ရေး ဝန်ထမ်းတွေ ပေါ်မလာတဲ့ ကိစ္စဟာ နီပေါ တောင်တက်လုပ်ငန်းမှာ ပြဿနာတစ်ခု ဖြစ်နေပါတယ်။

နီပေါ ခရီးသွား ဝန်ကြီးဌာန တောင်တက် ဌာနခွဲ အကြီးအကဲ မီယာ အာချာယာက အခုနှစ်မှာ တာဝန်ပေးခံရတဲ့သူ ၈၀ ရာခိုင်နှုန်းလောက် တောင်ခြေစခန်းကို လာခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အကုန်လုံးက အဲဒီမှာ ကြာကြာ မနေကြဘူးဆိုတာ ဝန်ခံပါတယ်။ အဲဒီကိစ္စ ဖြစ်တာကို သိပြီး အဲဒါကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်လို့ သူက ပြောပါတယ်။

"အာဖရိကတိုက်က အမြင့်ဆုံးတောင် ကီလီမန်ဂျာရိုတောင်မှာ တောင်တက်သမားတွေ သေဆုံးတဲ့ သတင်းတွေကိုလည်း ကြားရပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ဧဝရက်တောင်ကပဲ သတင်းဖြစ်နေရတာလဲ။" လို့ ဆိုပါတယ်။

အတွေ့အကြုံမရှိတဲ့ တောင်တက်သမားတွေ

ဧဝရက်တောင် တက်မယ့် တောင်တက်သမားတွေ တိုးလာတဲ့အထဲမှာ အတွေ့အကြုံမရှိတဲ့ တောင်တက်သမားတွေ များလာတယ်လို့ တောင်တက် ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒီရာသီမှာ လူတွေအများကြီးမှာ ဒေသခံ ကျွမ်းကျင်လမ်းပြ တစ်ယောက်ပဲ ရပါတယ်လို့ တောင်ခြေစခန်းက တာဝန်ရှိသူတွေက ပြောပါတယ်။

"အခုလို အန္တရာယ်ရှိတဲ့ အခြေအနေမျိုးနဲ့ ကြုံလာပြီဆိုရင် လမ်းပြလည်း သိပ်အများကြီး ကူညီနိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်လည်း အဲဒီအန္တရာယ်ကို ဖြေရှင်းနေရလို့ပါ။"

ဓာတ်ပုံ မူပိုင် Reuters
Image caption တောင်တက်သမားတွေ သေဆုံးမှု မြင့်တက်လာတာရဲ့ တစ်ခုတည်းသော အကြောင်းရင်းဟာ လူတွေ မတန်တဆ ပြည့်ကျပ်နေတာကြောင့် ဖြစ်တယ်ဆိုတာကို နီပေါအစိုးရ ငြင်းဆို

လမ်းမှာ တောင်တက်သမားတွေ အောက်ဆီဂျင်ပြတ်ပြီး အခက်အခဲ ဖြစ်နေတာတွေ တွေ့ခဲ့တယ်။ အဲဒါကြောင့် သူတို့ ပိုကြာကြာ စောင့်ခဲ့ရတယ်လို့ တောင်ထိပ်ကို အောင်အောင်မြင်မြင် တက်နိုင်ခဲ့ပြီး ပြန်ဆင်းလာတဲ့ တောင်တက်သမားတွေက ပြောပါတယ်။

အခု မျိုးဆက်သစ် တောင်တက်သမားတွေက တောင်ထိပ်ပေါ်တက်မယ်၊ ပြီးရင် ပြန်ဆင်းလာမယ် ဆိုတာကိုပဲ စိတ်စောနေကြတယ်။ ဧဝရက်တောင်နဲ့ မာကာလူတောင် ( ဧဝရက်တောင်ရဲ့ အရှေ့တောင်ဘက်က ကမ္ဘာ့ ပဉ္စမအမြင့်ဆုံး တောင်ထိပ်) တက်တာက ဘာကွာတယ်ဆိုတာ သေချာ နားမလည်ကြသေးဘူးလို့ ဝါရင့် တောင်တက်သမားလည်းဖြစ်၊ တောင်တက် အကြောင်းအရာတွေ ရေးသားတဲ့သူလည်း ဖြစ်တဲ့ အလန် အားနက်က ပြောပါတယ်။

"သူတို့က တစ်ယောက်ချင်းစီ လွတ်လွတ်လပ်လပ် တက်မယ်၊ ဆက်သွယ် ထောက်ပံ့ပစ္စည်းတွေတော့ ခွဲသုံးမယ် ဆိုပြီး ကြုံသလို ဖွဲ့ထားတဲ့ အဖွဲ့တစ်ဖွဲ့ဖွဲ့ ထဲကို ဝင်ပူးပေါင်းလိုက်တယ်။ သူတို့က 'independent' လွတ်လွတ်လပ်လပ် ဆိုတဲ့ စကားကို နားမလည်ကြဘူး။ ပြီးတော့ အန္တရာယ် ဘယ်လောက်ရှိတယ် ဆိုတာကို အကဲဖြတ်ဖို့ အတွေ့အကြုံလည်း မရှိကြဘူး။"

တောင်တက် အတွေ့အကြုံ များပြားတဲ့ တောင်တက်သမားတွေကတော့ နီပေါ အစိုးရအနေနဲ့ ဘယ်လို အမြင့်မျိုးဆို ဘယ်သူတွေပဲ တက်ရမယ် ဆိုတာ သတ်မှတ်တာမျိုး စလုပ်သင့်ပြီလို့ ပြောထားတာကြာပါပြီ။ ဧဝရက်တောင်တက်ခွင့် ပါမစ်ထုတ်ပေးတဲ့အခါ တောင်အမြင့် မီတာ ၆၀၀၀ ကျော် တက်ဖူးတဲ့ အတွေ့အကြုံ မရှိမဖြစ် လိုတယ်ဆိုတာမျိုး ထည့်ဖို့ သူတို့က ပြောပါတယ်။

တောင်တက်အဖွဲ့တွေကြားပြိုင်ဆိုင်မှု

တောင်တက်သမားတွေ အပြိုင်အဆိုင် ရအောင် တောင်တက်ဝန်ဆောင်မှု အဖွဲ့အဟောင်း၊ အသစ်တွေက လုပ်နေတာကလည်း တောင်တက်သမားတွေ သေဆုံးရတဲ့ အချက်တစ်ခုလို့ ပြောလို့ရပါတယ်။

တောင်တက်အဖွဲ့ အသစ်တွေက ဈေးတွေကို ပိုသက်သာအောင် လုပ်ထားပါတယ်။

"အဲလိုကနေ တောင်တက်အဖွဲ့တွေက အတွေ့အကြုံနည်းတဲ့ လမ်းပြတွေကို ငှားလာကြပါတယ်။ အဲလိုလူတွေက အခုလို အခြေအနေမျိုးတွေ ကြုံတဲ့အခါ သူတို့ လမ်းပြရမယ့်သူတွေကို မှန်မှန်ကန်ကန် လမ်းပြ မကူညီနိုင်ကြပါဘူး" လို့ နီပေါ အမျိုးသား တောင်တက် လမ်းပြ အသင်း ဒုဥက္ကဌက ပြောပါတယ်။

"သူတို့ ပြိုင်တာက အရေအတွက်ကိုပဲ ပြိုင်ပြီး အရည်အသွေးကျတော့ မပြိုင်ကြဘူးလေ။"

တောင်တက်အဖွဲ့တွေက သူတို့မှာ ပြဿနာတွေ ရှိနေတယ်လို့ ဝန်ခံကြပါတယ်။ ဒါပေမယ့် လုပ်ငန်း တိုးတက်ဖို့အတွက် တောင်တက်သမားတွေ တိုးရဖို့ လိုတယ်လို့ သူတို့က ပြောပါတယ်။

နောက်နှစ်က နီပေါ ခရီးသွားနှစ် ဖြစ်တယ်လို့ နီပေါ တောင်တက် ဝန်ဆောင်သူများ အသင်း ဥက္ကဌ ဒမ်ဘာ ပါရာဂျူလီက ပြောပါတယ်။ နီပေါ ခရီးသွားနှစ်မှာ ခရီးသွား နှစ်သန်း နီပေါကို လာအောင် ရည်မှန်းထားပါတယ်။

"အဲဒီတော့ ခရီးသွားတွေ ပိုများများ လာအောင်လုပ်ဖို့ လိုပါတယ်။ အဲဒီမှာ တောင်တက်သမားတွေလည်း ပါပါတယ်။ ဒါပေမယ့် အခုလို တောင်တက်လမ်း ပိတ်နေတာမျိုးကို ဖြေရှင်းဖို့က အဓိက စိန်ခေါ်မှု ဖြစ်နေပါသေးတယ်။"

ဆက်စပ် အကြောင်းအရာများ