သူလျှိုလုပ်မှုနဲ့ ပါကစ္စတန် ဗိုလ်ချုပ်ကြီးကို တစ်သက်တစ်ကျွန်းချ

ပါကစ္စတန် ကာကွယ်ရေးဦးစီးချုပ်(ယာ)က အခုလို စီရင်ချက်ချတာကို အတည်ပြုလိုက်ပါတယ် ဓာတ်ပုံ မူပိုင် Reuters
Image caption ပါကစ္စတန် ကာကွယ်ရေးဦးစီးချုပ် (ယာ) က အခုလို စီရင်ချက်ချတာကို အတည်ပြုလိုက်ပါတယ်

ပါကစ္စတန် စစ်တပ်က ဗိုလ်ချုပ်ကြီး တစ်ယောက်ကို သူလျှိုလုပ်တယ်ဆိုပြီး စစ်တရားရုံးကနေ တစ်သက်တစ်ကျွန်းဒဏ် ချမှတ်လိုက်ပါတယ်။

အခြား ဗိုလ်မှူးချုပ်တစ်ယောက်နဲ့ အရပ်ဘက်က အရာရှိ တစ်ယောက်တို့ကိုတော့ သေဒဏ် ချမှတ်ခဲ့ပါတယ်။

သူတို့သုံးယောက်ဟာ သူလျှိုလုပ် သတင်းထောက်လှမ်းမှုနဲ့ အရေးကြီးသတင်းတွေကို နိုင်ငံခြား ထောက်လှမ်းရေး အဖွဲ့တွေဆီ ပေါက်ကြားစေလို့ အရေးယူခံခဲ့ရတာ လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။

အခုလို စီရင်မှုကို ပါကစ္စတန် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ခမာ ဂျာဗက် ဘာဂျဝါက အတည်ပြုတယ်လို့လည်း စစ်တပ်က ပြောပါတယ်။

သူတို့သုံးယောက်က ဘယ်သူ့အတွက် စပိုင်လုပ်ပေးခဲ့တယ်ဆိုတာနဲ့ ဘယ်လို သတင်းအချက်အလက်တွေကို ထုတ်ပေးခဲ့တယ်ဆိုတာကိုတော့ စစ်တပ်က ထုတ်မပြောပါဘူး။

ဒါပေမဲ့ လေ့လာသုံးသပ်သူအများစုကတော့ အမေရိကန် စီအိုင်အေနဲ့ ဆက်စပ်နေတယ်လို့ ယူဆထားကြောင်း အစ္စလာမ်မာဘတ်က ဘီဘီစီ သတင်းထောက် အမ် အီရက် ခန်းက ပြောပါတယ်။ အမေရိကန်နဲ့ ပါကစ္စတန် စစ်တပ်ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အကြာကြီးရှိခဲ့ပြီး အရာရှိတွေ အချင်းချင်း ဆက်သွယ်မှုတွေ မကြာခဏ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အနောက်ပရဟိတအဖွဲ့တွေ ပါကစ္စတန်နှင်ထုတ်

အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဂျာဗက် အစ်ဂဘဲလ်ဟာ တစ်သစ်တစ်ကျွန်းဒဏ်အတွက် ပါကစ္စတန် ဥပဒေအရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၄ နှစ် ကျခံရမှာ ဖြစ်ပါတယ်။

ပါကစ္စတန်မှာ အခုလို အဆင့်မြင့် အရာရှိကြီးတစ်ယောက်က သူလျှိုလုပ်မှုနဲ့ တရားစီရင်ခံရတယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေ တစ်ခုပါ။

ဒီ ဒုဗိုလ်ချုပ်ကြီးဟာ သူတာဝန်ထမ်းဆောင်နေတုန်းက စစ်တပ်ရဲ့ အဓိက နေရာတွေမှာ တာဝန် ယူခဲ့ရသူ ဖြစ်ပါတယ်။ သူတာဝန်ယူခဲ့တဲ့ ပါကစ္စတန် စစ်တပ် စစ်ဆင်ရေးတွေရဲ့ ညွှန်ကြားရေးမှူးချုပ် တာဝန်ဟာ ပြည်တွင်း ပြည်ပမှာ ပါကစ္စတန် စစ်တပ်လုပ်ဆောင်သမျှ လှုပ်ရှားမှုတွေ အကုန်လုံးကို စီစဉ်ညွှန်ကြားရတာ ဖြစ်ပါတယ်။

သူဟာ ပါကစ္စတန် တပ်ဖွဲ့တွေကို စည်းကမ်းပိုင်းဆိုင်ရာ ကိုင်တွယ်တဲ့ စစ်ရေးချုပ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

သေဒဏ်ချခံရသူက ဗိုလ်မှူးချုပ် ရဇ်ဝန်ဖြစ်ပါတယ်။ နောက်ထပ် သေဒဏ်ချခံရသူက ဆရာဝန် တစ်ယောက်ဖြစ်ပြီး သူကတော့ အရေးကြီးတဲ့ အဖွဲ့အစည်းတစ်ခုမှာ လုပ်ခဲ့တယ်လို့သာ သိရပြီး သူတာဝန်ထမ်းဆောင်ခဲ့တဲ့ ဌာနကို အတိအကျ မသိရပါဘူး။

ပါကစ္စတန် စစ်တပ်မှာ သီးသန့်တရားစီရင်ရေး စနစ်ရှိပြီး ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ အယူခံဝင်ခွင့် ရှိကြပါတယ်။

ဆက်စပ် အကြောင်းအရာများ