ဦးဝီရသူနဲ့နီးစပ်တဲ့ မွတ်ဆလင်ဆန့်ကျင်ရေး ဘုန်းကြီးကို သီရိလင်္ကာသမ္မတ လွတ်ငြိမ်းခွင့်ပေး

အကြမ်းဖက်မှုတွေဖြစ်အောင်လှုံဆော်တယ်လို့ စွပ်စွဲခံရတဲ့ သီရိလင်္ကာ ဘုန်းကြီး ဂါလာဂိုဒါ အက်ထေ နီရာနဆာရာ ဓာတ်ပုံ မူပိုင် Reuters
Image caption အကြမ်းဖက်မှုတွေဖြစ်အောင်လှုံ့ဆော်တယ်လို့ စွပ်စွဲခံရတဲ့ သီရိလင်္ကာ ဘုန်းကြီး ဂါလာဂိုဒါ အက်ထေ နီရာနဆာရာ

တရားရုံးတော်ကို မထေမဲ့မြင် ပြုမှုနဲ့ ထောင်ကျခံနေရတဲ့ သဘောထားတင်းမာတဲ့ သီရိလင်္ကာ ဘုန်းကြီးကို မေလ ၂၂ ရက်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာနဲ့ ပတ်သက်ပြီး သီရိလင်္ကာ သမ္မတက သူ့ရဲ့ဆုံးဖြတ်ချက်ကို ကာကွယ် ပြောကြားလိုက်ပါတယ်။

သီရိလင်္ကာ သမ္မတ မိုင်ထရီပါလာ ဆီရီဆီနာက အခုလိုလွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ဘုန်းကြီး ဂါလာဂိုဒါ အက်ထေ နီရာနဆာရာဟာ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို အထောက်အကူ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြောပါတယ်။

ဒီလို လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တဲ့ ဘုန်းကြီး ဂါလာဂိုဒါ အက်ထေ နီရာနဆာရာဟာ မြန်မာနိုင်ငံက ဆရာတော် ဦးဝီရသူနဲ့ နီးစပ်သူဖြစ်ပါတယ်။ အဲဒီ သံဃာနှစ်ပါးဟာ ဒေသတွင်းမှာ မွတ်ဆလင်တွေက တခြားဘာသာဝင်တွေကို ဘာသာကူးပြောင်းအောင် လုပ်ဆောင်နေတာတွေကို ဆန့်ကျင်သွားဖို့ အတွက် သဘောတူထား ကြတာ ဖြစ်ပါတယ်။

ဘုန်းကြီး ဂါလာဂိုဒါ အက်ထေ နီရာနဆာရာဟာ 'ဘိုဒူဘာလာ ဆာနာ' (BBS) လို့ ခေါ်တဲ့ ဗုဒ္ဓအင်အားစုအဖွဲ့ရဲ့ ခေါင်းဆောင်ဘုန်းကြီးဖြစ်ပြီး မွတ်ဆလင် လူနည်းစုတွေကို အကြမ်းဖက် ဆန့်ကျင်ရေးတွေ လှုံ့ဆော်သူလို့ စွပ်စွဲခံရတဲ့ ရဟန်းတော် ဖြစ်ပါတယ်။

ဘုန်းတော်ကြီးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ အိန္ဒိယသမ္မတရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်လာတဲ့ သီရိလင်္ကာ သမ္မတကို မီဒီယာတွေက မေးမြန်းတာကို သမ္မတက အထက်ပါအတိုင်း ဖြေကြားခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အိန္ဒိယ ဝန်ကြီးချုပ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်လာတဲ့ သီရိလင်္ကာ သမ္မတ

ဒါ့အပြင် သီရိလင်္ကာ ရွေးကောက်ပွဲကို ဒီဇင်ဘာလမှာ ကျင်းပမယ်လို့ သီရိလင်္ကာ သမ္မတ မိုင်ထရီပါလာ ဆီရီဆီနာက ပြောပါတယ်။

အခုလို လွတ်ငြိမ်းခွင့်ပေးခဲ့တာနဲ့ပတ်သက်ပြီး သီရိလင်္ကာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက သမ္မတကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘုန်းကြီးထောင်က လွတ်လာတာကို ထောင်ရှေ့က လာကြိုနေသူများ

လွတ်ငြိမ်းခွင့်ရခဲ့တဲ့ ဘုန်းကြီးဟာ တရားရုံးကို မထေမဲ့မြင်ပြုမှုနဲ့ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။ သတင်းသမားတစ်ယောက်ကို စစ်တပ် ထောက်လှမ်းရေးတွေက ပြန်ပေးဆွဲတယ်လို့ စွပ်စွဲခံရတဲ့ အမှုကို စစ်ဆေးနေချိန်မှာ ဝင်ရောက်နှောင့်ယှက်တယ်ဆိုပြီး အပြစ်ပေးခံရတာ ဖြစ်ပါတယ်။

အဲဒါအပြင် ပြီးခဲ့တဲ့ ဇွန်လတုန်းက တခြား အမှုတစ်ခုအတွက် ထောင်ဒဏ် ချမှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ အဲဒီအမှုကတော့ အဲဒီ သတင်းသမားရဲ့ ဇနီးကို ခြိမ်းခြောက်မှုအတွက် အပြစ်ပေးခံရတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက စပြီး ဘုန်းကြီး နီရာနာဆာနာဟာ မွတ်ဆလင်ဆန့်ကျင်ရေးလုပ်တာ၊ အမုန်းစကား ဖြန့်ဝေတာနဲ့ ကုရ်အာန်ကျမ်းကို နှိမ်ချပြောဆိုတာတွေနဲ့ ပတ်သက်ပြီး အမှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။

ဗုဒ္ဓဘာသာ ဦးရေ ၇၀ ရာခိုင်နှုန်းကျော်ရှိတဲ့ သီရိလင်္ကာမှာ ဧပြီလတုန်းက လူ ၂၅၀ ကျော်သေဆုံးခဲ့တဲ့ ခရစ်ယာန် ဘုရားကျောင်းနဲ့ ဟိုတယ်တွေကို မွတ်ဆလင် အကြမ်းဖက်တွေက တိုက်ခိုက်မှုအပြီးမှာ လက်စားချေတုံ့ပြန်မှု အဖြစ် မွတ်ဆလင်တွေရဲ့ အိမ်တွေ၊ ဆိုင်တွေ၊ ဗလီတွေကို တိုက်ခိုက်တာတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီလို အုံကြွမှုတွေကြောင့် လူတစ်ယောက် သေဆုံးခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ