ဗာဂျီနီးယား ကမ်းခြေမြို့မှာ လူအစုလိုက်အပြုံလိုက် သေနတ်ပစ်ခံရမှု ဖြစ်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မျက်မြင်သက်သေ တစ်ဦး ပြောပြချက် - "တံခါးတွေပိတ်ဆို့ပြီး ပုန်းနေခဲ့ရတယ်"

အမေရိကန်ပြည်ထောင်စု ဗာဂျီနီးယားပြည်နယ်က အစိုးရ အဆောက်အအုံ တစ်ခုမှာ သောကြာနေ့က လူ အစုလိုက် အပြုလိုက် သေနတ်ပစ်ခံခဲ့ရပြီး အနည်းဆုံး လူ ၁၂ ယောက် သေဆုံးကာ လူတချို့လည်း ဒဏ်ရာရခဲ့ပါတယ်။

သေနတ်သမားက ဗာဂျီးနီးယားဘိချ် ကမ်းခြေမြို့ ရဲ့ ဝါရင့် အစိုးရ ဝန်ထမ်း အမျိုးသား တစ်ဦး ဖြစ်ပြီး လက်ရှိလည်း အလုပ် တာဝန် ထမ်းဆောင်နေသူ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သေနတ်သမားဟာ အများပြည်သူသုံး အဆောက်အအုံမှာ သတ်သတ်မှတ်မှတ် ပစ်မှတ်မထားဘဲ မြင်ရာကို ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်သမားဟာ ရဲတပ်ဖွဲ့ လက်ချက်နဲ့ သေဆုံးခဲ့ပြီး သူရဲ့ အမည်နဲ့ အလုပ်အကိုင် အတိအကျကိုတော့ ရဲက မထုတ်ပြန်ပါဘူး။

ဒီဖြစ်စဉ်မှာ ရဲအရာရှိ တစ်ယောက်လည်း ကျည်ကာ အင်္ကျီကို သေနတ် ကျည်ဆန် ထိမှန်လို့ ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Chip Somodevilla/Getty Images
Image caption အခင်းဖြစ်ခဲ့ရာ နေရာကို ရဲတပ်ဖွဲ့က ပိတ်ဆို့ ထား

သေနတ်ပစ်မှု ဘယ်လို ဖြစ်ခဲ့လဲ

သေနတ်ပစ်ခတ်မှုက ဒေသစံတော်ချိန် ညနေ ၄ နာရီ (ဂရင်းနစ် စံတော်ချိန် ည ၈ နာရီ)၊ ဗာဂျီးနီးယားဘိချ် ကမ်းခြေမြို့ စည်ပင်သာယာ မြူနီစီပယ် စင်တာ အဆောက်အအုံမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီနေရာဟာ မြို့ရဲ့ အစိုးရ ဌာန အဆောက်အအုံ အများအပြား ရှိတဲ့ နေရာ ဖြစ်ပါတယ်။ အဲဒီ ဧရိယာ တဝိုက်ကို ရဲက ပိတ်ဆို့ကာ လုံခြုံရေးယူထားပြီး အဲဒီမှာ ရုံးတက်နေကြတဲ့ အစိုးရ ဝန်ထမ်းတွေကိုလည်း ဘေးကင်းရာကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။

"မြေပြင်မှာ ဝပ်လျှိုး ပုန်းနေကြဖို့ သတိပေးသံတွေ၊ အော်ဟစ်သံတွေ ကြားခဲ့ရတယ်" လို့ အခင်းဖြစ်ပွားရာ အဆောက်အအုံမှာ ရုံးစီမံရေးရာ လက်ထောက် ဝန်ထမ်း အဖြစ် အလုပ် လုပ်ကိုင်နေသူ မက်ဂန်ဘန်တန်က ဒေသဆိုင်ရာ တီဗီ သတင်းဌာနတစ်ခု ဖြစ်တဲ့WAVY ကို ပြောပါတယ်။

သေနတ်ပစ်ခတ်မှု အတွင်း သေဆုံးခဲ့ရသူ တစ်ဦးကိုတော့ ကားတစ်စီးရဲ့ အနီးအနား အပြင်ဘက်မှာ တွေ့ခဲ့ရပြီး၊ ကျန်သူတွေ အားလုံးကိုတော့ အခင်းဖြစ်ပွားခဲ့တဲ့ အဆောက်အအုံ ရဲ့ အတွင်း မှာ တွေ့ရတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ ဂျိမ်းဆာဗာယာက ပြောပါတယ်။

ရဲတပ်ဖွဲ့ လေးဦးက အဆောက်အအုံထဲကို ဝင်ပြီး သေနတ်သမားကို ရှာဖွေ တားဆီးတာ ချက်ချင်း လုပ်နိုင်ခဲ့တယ်လို့ မစ္စတာ ဆာဗာယာက ပြောပါတယ်။ အဲဒီနောက်တော့ ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်ပြီး သေနတ်သမား တိုက်ခိုက်သူ သေဆုံးခဲ့ပါတယ်။

ဒီ ပစ်ခတ်မှုမြင်ကွင်းဟာ တုန်လှုပ်ဖွယ် ဖြစ်ပြီး စစ်ပွဲ ဖြစ်နေတဲ့ နေရာ လို့တောင် ပြောနိုင်တယ်လို့လည်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ ဒီ သေနတ်ပစ်ခတ်မှု အတွင်း မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ သေနတ်သမား နောက်ထပ် လူတွေကို ထပ်မပစ်နိုင်အောင် ကြိုးစား ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြောင်းရှည်သေနတ် တစ်လက်နဲ့ ပြောင်းတို လက်ကိုင်သေနတ် တစ်လက် တို့ကို အခင်းဖြစ်ရာ နေရာမှာ ရဲတွေက တွေ့ခဲ့ရပြီး ဒီသေနတ်တွေက သေနတ်သမား အသုံးပြုခဲ့တဲ့ သေနတ်တွေ ဖြစ်တယ်လို့ ယူဆရပါတယ်။

အသက်ဆုံးရှုံးခဲ့ရသူတွေက ဘယ်သူတွေလဲ

သေဆုံးခဲ့ရသူ ၁၂ ယောက်ရဲ့ နာမည်နဲ့ အလုပ်အကိုင်တွေကို ရဲတပ်ဖွဲ့က မထုတ်ပြန်သေးပါဘူး။ သက်ဆိုင်ရာ မိသားစုဝင်တွေကို အကြောင်းကြားပြီးမှသာ တရားဝင် ထုတ်ပြန် သွားမယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ ဆာဗာယာက ပြောပါတယ်။

သက်ဆိုင်သူ မိသားစုဝင်တွေရဲ့ ဂုဏ်သိက္ခာကို လေးစားသော အားဖြင့် သေနတ်သမား အမည်ကို ထုတ်ပြန်တဲ့ အခါမှာလည်း တစ်ကြိမ်သာ နာမည်ကို ညွန်းဆိုမှာ ဖြစ်ပြီး နောက်ပိုင်းမှာ 'သံသယ တရားခံ သေနတ်သမား' အဖြစ်သာ ခေါ်ဆိုသွားမယ်လို့လည်း ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

ဒီဖြစ်စဉ်မှာ ရဲအရာရှိ တစ်ဦး အပါအဝင် အနည်းဆုံး လေးဦး ထိခိုက် ဒဏ်ရာ ရခဲ့ပြီး သူတို့ရဲ့ အခြေအနေ စိုးရိမ်ဖွယ်ရာ ရှိ၊ မရှိကိုတော့ အတိအကျ မသိရသေးပါဘူး။

အမေရိကန် အခြေစိုက် သေနတ်နဲ့ အကြမ်းဖက်မှု ဆိုင်ရာ မော်ကွန်း ဝက်ဘ် စာမျက်နှာရဲ့ မှတ်တမ်းတွေ အရ အမေရိကန် ပြည်ထောင်စု အတွင်း အခု ပစ်ခတ်မှု အပါအဝင် ၂၀၁၉ ခုနှစ် အတွင်း လူ အများအပြား သေနတ် ပစ်ခတ်ခံရမှု အရေအတွက်က ၁၅၀ ကြိမ်ရေ ရှိနေပါပြီ။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ