တရုတ်ရဲ့ သြဇာလွှမ်းမိုးလာမှုတွေကို ဆန့်ကျင်မှုတွေ အောင်မြင်နိုင်မှာလား

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လူထုနဲ့ အုပ်ချုပ်သူတွေကြား သဘောထားကွဲလွဲနေတဲ့ ဥပဒေမူကြမ်း

ပြစ်မှုကျူးလွန်သူတွေကို တရုတ်ပြည်မကြီးကို လွှဲပေးပြီး အဲဒီမှာ တရားစီရင်မှုကို ရင်ဆိုင်စေမယ့် ဥပဒေအပြောင်းအလဲလုပ်မယ့် အစီအစဉ်ကို ဇွန်လ ၉ ရက်နေ့က ဟောင်ကောင်မှာ လူတွေ အများကြီး ထွက်လာပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူအရေအတွက်က တစ်သန်းကျော်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ အဲဒါဟာ ဟောင်ကောင် လူဦးရေရဲ့ ခုနှစ်ပုံတစ်ပုံရှိပါတယ်။ အဲဒီဆန္ဒပြပွဲဟာ ဟောင်ကောင်သမိုင်းမှာ အကြီးဆုံး လူထုစုဝေးပွဲတစ်ခုပါ။ ၁၉၉၇ မှာ ဗြိတိန်က ဟောင်ကောင်ကို တရုတ်လက်ပြန်လွှဲပေးချိန်က စရင်တော့ အကြီးမားဆုံးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဟောင်ကောင်ရဲ့ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းကတော့ ဥပဒေအပြောင်းအလဲ လုပ်မယ့် အစီအစဉ်ကို ရှေ့ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ ကယ်ရီလမ်းဟာ တရုတ်လိုလားတဲ့ ကိုယ်စားလှယ် အများစုပါဝင်တဲ့ ဟောင်ကောင်ဥပဒေပြုကောင်စီအဖွဲ့က ဒီနေရာအတွက် ရွေးချယ်ခံထားရသူပါ။

ဆိုတော့ ဒီမိုကရေစီအပြည့်အဝ မရသေးပေမယ့် လွတ်လပ်မှုတချို့တော့ ရနေတဲ့ ဟောင်ကောင်မှာ ဆန္ဒပြ တောင်းဆိုမှုတွေဟာ အလုပ်ဖြစ်မှာလား၊ အောင်မြင်ဖူးတဲ့ အစဉ်အလာရော ရှိပါရဲ့လား၊ ကြည့်ရအောင်ပါ။

ဟောင်ကောင်သားတွေ ဘာကြောင့် ဆန္ဒပြ

လူထုဆန္ဒပြပွဲတွေဟာ ဟောင်ကောင်မှာ အရေးပါတဲ့ ကဏ္ဍမှာ ရှိပါတယ်။ သတင်းထောက်တစ်ယောက်အပြောအရဆိုရင် ဆန္ဒပြခြင်းဟာ ဒီက လူတွေရဲ့ အသွေးအသားထဲမှာကို ရှိနေတယ်လို့ ဆိုပါတယ်။

ဟောင်ကောင်က လူတွေဟာ ဆန္ဒပြခွင့်တော့ရှိတယ်၊ သူတို့ကို အုပ်ချုပ်တဲ့လူကိုတော့ တိုက်ရိုက်ရွေးချယ်ခွင့်မရဘူး၊ ဆိုတော့ လမ်းပေါ်ထွက် ဆန္ဒပြတာဟာ သူတို့ လိုချင်တဲ့ အပြောင်းအလဲတွေ ရဖို့ လုပ်နည်းတစ်ခုလို့ သူတို့ မှတ်ယူထားကြပါတယ်။ အထူးသဖြင့် ဟောင်ကောင်မှာ အစဉ်အလာအရ ကိုင်စွဲလာခဲ့တဲ့ လွတ်လပ်ခွင့်တန်ဘိုးတွေကို ထိပါးလာတယ်လို့ သူတို့ ယူဆတဲ့ ကိစ္စတွေဆိုရင် ဆန္ဒပြတတ်ကြပါတယ်။

အလုပ်ဖြစ်ချင်မှတော့ ဖြစ်မှာပေါ့လို့ တနင်္ဂတွေနေ့က ဆန္ဒပြပွဲမှာ ပါခဲ့သူတစ်ယောက်ဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် ဧပရယ်ဟိုဆင်းက ဘီဘီစီကို ပြောပါတယ်။ "ဒါပေမယ့် ဟောင်ကောင်အစိုးရရယ်၊ နိုင်ငံတကာ သတင်းမီဒီယာတွေရယ်၊ ဟောင်ကောင်က တခြားလူတွေရယ် သိအောင်ပြဖို့ လိုတယ်၊ ကျွန်မတို့က လည်စင်းကျောခင်းပေးပြီး တရုတ်အစိုးရက အဲဒီအပေါ်မှာ ဖြတ်နင်းလျှောက်သွားမှာမျိုးကို အဖြစ်မခံနိုင်ပါဘူး။"

တကယ်ဆို ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေအောင်မြင်ခဲ့ဖူးတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဇွန်လ ၉ ရက်နေ့က ဆန္ဒပြပွဲဟာ ဟောင်ကောင်သမိုင်းမှာ အကြီးမားဆုံး ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာ အစိုးရက ပုဒ်မ ၂၃ လို့ အသိများတဲ့ အမျိုးသားလုံခြုံရေးဥပဒေကြမ်းကို တင်သွင်းခဲ့တုန်းက လူပေါင်း ငါးသိန်းလောက် လမ်းတွေပေါ်ထွက်လာပြီး ဆန္ဒပြခဲ့ကြတဲ့နောက်မှာ အစိုးရက ဆက်မလုပ်တော့ပဲ ရပ်ပစ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ တရုတ်ပြည်မကြီးက ခေါင်းဆောင်တွေဟာလည်း ဆွေးနွေးညှိနှိုင်းဖို့ စိတ်ပါသူတွေမဟုတ်ကြတဲ့အတွက် ဆန္ဒပြ တောင်းဆိုမှုတွေ အောင်မြင်နိုင်ဖို့ ပိုခက်ခဲတယ်လို့ ဟောင်ကောင်အရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။

"အဓိက အပြောင်းအလဲကတော့ တရုတ်ခေါင်းဆောင် ရှီဂျင်ပင်းပါ၊ သူက အရင်လူတွေနဲ့ စာရင် သဘောထား ပိုတင်းမာတယ်၊ အလျှော့ပေးတတ်သူ တစ်ယောက်မဟုတ်ပါဘူး" လို့ ဟောင်ကောင်သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က လူမှုရေးသိပ္ပံပညာရှင် ပါမောက္ခဒစ်ဆင်ဆင်းက ပြောပါတယ်။

"နောက်ထပ် ဆက်စပ်နေတဲ့ အချက်တစ်ခုကတော့ တရုတ်စီးပွားရေးပါ။ သူက ၂၀၀၃ ခုနှစ်ကနဲ့ စာရင် အခုပိုပြီး ကြီးမားအားကောင်းနေပါပြီ။"

လန်ဒန်အရှေ့တိုင်းနဲ့ အာဖရိကရေးရာတက္ကသိုလ်၊ တရုတ်ဌာနက ပါမောက္ခ စတီဗင်ဆန်းကလည်း ဒါကို သဘောတူပါတယ်။ ဒီတစ်ကြိမ်မှာ ဟောင်ကောင်က ဆန္ဒပြသူတွေအတွက် အောင်မြင်ဖို့ အခွင့်အလမ်းက ပိုနည်းပါတယ်လို့ သူက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အငြင်းပွားမှုတွေ ရှိနေတဲ့ ဟောင်ကောင်ရဲ့ ဥပဒေမူကြမ်း

မစ္စတာရှီရဲ့ ရှေ့က သမ္မတဟူဂျင်တောင်းလက်ထက်မှာဆိုရင် ဗဟိုအစိုးရက ပြည်နယ်အစိုးရတွေကို လွတ်လပ်ခွင့်တော်တော်များများ ပေးခဲ့တယ်၊ သူတို့ ဒေသမှာ သူတို့ စိတ်ကြိုက် စီမံခွင့်တွေပေးခဲ့တယ်။ ရှီဂျင်ပင်းကျတော့ ပါတီခေါင်းဆောင်ပိုင်းရဲ့ သြဇာအားကောင်းအောင်နဲ့ ပါတီဗဟိုရဲ့ စည်းကမ်းတွေကို လိုက်နာအောင် ပိုပြီး အာရုံစိုက်လုပ်လာတာတွေ့ရပါတယ်။

ရှီဂျင်ပင်းကတော့ ကွန်မြူနစ်ပါတီရဲ့ သြဇာကိုထိပါးမှာ၊ ပါတီရဲ့ ဦးဆောင်မှုကို မတည်ငြိမ်ဖြစ်မှာကို လုံးဝ သည်းခံ လက်ခံမှာ မဟုတ်ဘူးဆိုတဲ့ မူဝါဒ ရပ်တည်ချက်မျိုး ရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြခဲ့ပါတယ်။

အဲဒီရပ်တည်ချက်မျိုးရှိတာကို ၂၀၁၄ ခုနှစ်က ဖြစ်ခဲ့တဲ့ ထီးလှုပ်ရှားမှုလို့ အသိများတဲ့ ဆန္ဒပြပွဲတွေမှာ တွေ့ခဲ့ရပါတယ်။ ဒီမိုကရေစီအပြည့်အဝရှိတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ လူသောင်းနဲ့ချီ လမ်းတွေပေါ်ထွက်လာပြီး ဆန္ဒပြခဲ့ကြတာပါ။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပြီး ကမ္ဘာတဝန်းလုံးက အာရုံစိုက် စောင့်ကြည့်မှုတွေ ရှိခဲ့ပေမယ့် ပြည်မကြီးက တရုတ်အစိုးရကတော့ ဘာမှ လိုက်လျော ဖြေရှင်းပေးတာမျိုး မလုပ်ခဲ့ပါဘူး။

အဲဒီနောက်ပိုင်းမှာတော့ ဆန္ဒပြပွဲကို ခေါင်းဆောင်သူ တော်တော်များများဟာ အများပြည်သူကို အနှောက်အယှက်ဖြစ်စေမှုနဲ့ တရားစွဲဆို ထောင်ဒဏ် ပြစ်ဒဏ်အပေးခံခဲ့ကြရပါတယ်။

တရုတ်ပြည်တွင်းက အခြေအနေတွေကရော ဘယ်လိုပါလဲ။

ဥပဒေအရ တရားဝင်ခွင့်ပြုထားတာမျိုး မရှိပေမယ့် တရုတ်မှာ ဆန္ဒပြပွဲတွေ ဖြစ်ပါတယ်။ ရှိပါတယ်။ အများစုကတော့ ဒေသတွင်းကိစ္စ၊ သဘာဝ ပတ်ဝန်းကျင် ကိစ္စတွေအပေါ်မှာ မကျေနပ် ကန့်ကွက်ကြတာတွေပါ။

ဆန္ဒပြသူတွေ၊ ပန်ကြားလွှာတင်သွင်းသူတွေတော်တော်များများ အဖမ်းခံရပါတယ်။ ဒါပေမယ့် အံ့အားသင့်စရာလို့ ဆိုနိုင်အောင် တချို့ ကိစ္စတွေမှာတော့ ဆန္ဒပြပွဲတွေကြောင့် ဒေသဆိုင်ရာ အစိုးရတွေက လိုက်လျော အလျှော့ပေးခဲ့ရတာတွေ ရှိခဲ့ဖူးပါတယ်။

နမူနာတစ်ခုကတော့ ၂၀၁၁ ခုနှစ်က ဒါလီယန်းမှာ ဖြစ်ခဲ့တာပါ။ လူပေါင်း ၁၂၀၀၀ ထွက်ဆန္ဒပြခဲ့အပြီးမှာတော့ အစိုးရက သူတို့ စီစဉ်နေတဲ့ ဓာတုပစ္စည်းစက်ရုံကို ပိတ်ပေးဖို့ သဘောတူခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၁ ခုနှစ်က တရုတ်နိုင်ငံ ဒါလီယန်းပြည်နယ်မှာ ဓာတုပစ္စည်း စက်ရုံကို ဆန္ဒပြနေကြသူတွေ

တချို့ ဆန္ဒပြပွဲတွေကတော့ အောင်မြင်သွားခဲ့တာ ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးတောင်းဆိုမှုမျိုး မဟုတ်ပဲ ဒေသဆိုင်ရာ အစိုးရက ပြုပြင်ပေးဖို့ တောင်းဆိုတာမျိုးတွေကတော့ လိုက်လျောပေးဖို့ လွယ်တယ်လေလို့ ပါမောက္ခဆန်းက ပြောပါတယ်။ ဒါပေမယ့် ကွန်မြူနစ်ပါတီက သူ့ရဲ့ ဗဟိုချုပ်ကိုင်မှုတွေကို ပိုတင်းကျပ်လာတာနဲ့ အမျှ ဒေသဆိုင်ရာ အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်တွေလည်း ပိုပြီး နည်းလာတယ်၊ ဒီလိုနဲ့ ဒေသခံတွေရဲ့ တောင်းဆိုမှုတွေလည်း ရတာမျိုး ပိုနည်းပါးလာပါတယ်။

ပြည်နယ်အစိုးရတွေကလည်း ဘေဂျင်းက ဗဟိုအစိုးရရဲ့ ညိုညင်မှာကို မခံချင်တော့ မစွန့်စားတော့ဘူး လို့ ပါမောက္ခဆန်းက ဆက်ပြောပါတယ်။ တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို ဖျက်နိုင်မှာလားဖျက်မယ်ဆိုရင် ဖြစ်နိုင်ပေမယ့် ဖြစ်လာမှာ မဟုတ်ပါဘူးလို့ ကျွမ်းကျင်သူတွေကတော့ သုံးသပ်ပါတယ်။ ဥပဒေအတည်ဖြစ်လာဖို့ ဆိုရင် ဥပဒေကြမ်းကို ဟောင်ကောင်ရဲ့ ဥပဒေပြုကောင်စီက အတည်ပြုရပါမယ်။ အဲဒီကောင်စီမှာ အစိုးရနဲ့ တရုတ်ကို လိုလားသူတွေက အများစုဆိုပေမယ့် ဟောင်ကောင် လူထုက တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တချို့လည်း ရှိပါတယ်။

စောစောက ပြောခဲ့တဲ့ ၂၀၀၃ မှာ ဆန္ဒပြပွဲတွေကြောင့် အစိုးရက လုပ်မယ်ဆိုပြီး ရပ်ထားလိုက်တဲ့ နိုင်ငံတော် လုံခြုံရေး ဥပဒေကြမ်းကိုလည်း ဥပဒေပြုကောင်စီမှာ ဆက်တင်ပြ အတည်ပြုဖို့ အစိုးရက စဉ်းစားနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ကောင်စီမှာ တင်ဖို့ဆဲဆဲလုပ်နေတုန်းမှာပဲ စီးပွားရေးသမားတွေထောက်ခံအားပေးတဲ့ လစ်ဘရယ်ပါတီက မထောက်ခံတော့ဘူးဆိုလို့ မတင်ဖြစ်တော့ပဲ ရပ်ဆိုင်းလိုက်ရတာပါ။

အဲဒီ နမူနာကြောင့်ပဲ အခုတစ်ကြိမ်မှာလည်း ကောင်စီထဲက ဒီမိုကရေစီလိုလားတဲ့ ပါတီတွေ အုပ်စုတွေနဲ့ အတူ ကြားက အလယ်အလတ်ပါတီတွေက ရပ်တည်ပေးမလားဆိုတာ ကြည့်ရမှာပါလို့ ပါမောက္ခဆန်းက ပြောပါတယ်။

ဒါပေမယ့်လည်း လက်ရှိ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးက နိုင်ငံရေး အခြေအနေတွေက ပြောင်းလဲလာနေတာကြောင့် အဲဒီလို ရလဒ်တွေ့ရဖို့တော့ မလွယ်ပါဘူးလို့ ပါမောက္ခဆန်းက ပြောပါတယ်။

"အခုအချိန်မှာတော့ ဥပဒေပြုကောင်စီထဲမှာ တရုတ်ကိုပဲ သည်းသည်းမည်းမည်းလိုလားတဲ့ ပါတီတွေကပိုများနေပါပြီ။ သူတို့က သဘောထားပြောင်းပြီး ဆန္ဒပြသူတွေဘက်လိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သလောက်ပါပဲ" လို့ သူက တွက်ဆပြီး ပြောခဲ့ပါတယ်။