မီးဖွားပြီးလို့ နာရီဝက်ပဲအကြာမှာ စာမေးပွဲ သွားဖြေခဲ့သူ အီသီယိုးပီးယား အမျိုးသမီး

ဆေးရုံမှာ စာမေးပွဲ ဖြေနေတဲ့ အယ်လမတ်ဇ် ဒါရာဆီ
ဓာတ်ပုံ ပုံစာ,

အယ်လမတ်ဇ် ဒါရာဆီဟာ အီသီယိုးပီးယား အနောက်ပိုင်းက ဆေးရုံမှာ ပထမဆုံးနေ့ သုံးဘာသာကို ဖြေခဲ့ပါတယ်။

အီသီယိုးပီးယား အနောက်ပိုင်း မယ်တူမြို့က အသက် ၂၁ နှစ်အရွယ် အယ်လမတ်ဇ် ဒါရာဆီဟာ သူ့ ကလေးမီးမဖွားခင် အထက်တန်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဖို့ မျှော်လင့် ပြင်ဆင်ထားတာပါ။ ဒါပေမယ့် မွတ်ဆလင် ဥပုသ်လ ရာမဒန်ရှိနေတာကြောင့် စာမေးပွဲတွေကို ရက်ရွှေ့လိုက်တဲ့အတွက် သူ မီးဖွားမယ့်ရက်နဲ့ စာမေးပွဲနေ့နဲ့ သွားတိုက်ဆိုင်ခဲ့ပါတယ်။

တနင်္လာနေ့မှာ သူ ဗိုက်စနာလာတော့ စာမေးပွဲ ပထမဆုံး ဖြေရမယ့် နေ့လည်း ဖြစ်နေပါတယ်။

ကိုယ်ဝန်အရင့်အမာရှိနေချိန် စာမေးပွဲအတွက် စာကျက်ရတာ၊ ပြင်ဆင်ရတာ သူ့အတွက် အခက်အခဲ မရှိပါဘူးလို့ အယ်လမတ်ဇ်က ပြောပါတယ်။ ဒါပေမယ့် သူ တက္ကသိုလ်ဝင်ခွင့်အတွက် နောက်နှစ်အထိ မစောင့်ချင်ဘူးလို့ ဆုံးဖြတ်ခဲ့ ပါတယ်။

ဒါကြောင့် သားကလေး မီးဖွားပြီးလို့ နာရီဝက်ပဲ အကြာမှာ သူ စာမေးပွဲကို စပြီး ဖြေခဲ့ပါတယ်။

စာမေးပွဲ ပထမဆုံးနေ့မှာ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ အီသီယိုးပီးယားမှာ သုံးတဲ့ အမ်ဟားရစ် ဘာသာ တို့ကို ဆေးရုံမှာပဲ ဖြေလိုက်ပါတယ်။ ကျန်တဲ့ ဘာသာတွေကိုတော့ စာစစ်ဌာနမှာ နောက်ထပ် နှစ်ရက်သွားပြီး ဖြေရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

လက်နက်ကိုင်ရဲတွေက အီသီယိုးပီးယားမှာ စာမေးပွဲ မေးခွန်းလွှာတွေကို ယူလာပေးပြီး စာမေးပွဲချိန်မှာလည်း သူတို့ပဲ စောင့်ခဲ့ပါတယ်။

စာမေးပွဲဖြေဖို့ပဲ စိတ်စောနေတော့ မီးသာဖွားလိုက်ရတယ်၊ ဗိုက်ကတော့ သိပ်မနာခဲ့ပါဘူးလို့ အယ်လမတ်ဇ်က ဘီဘီစီ အီသီယိုးပီးယား ဘာသာ ဌာနကို ပြောပါတယ်။

သူ့ခင်ပွန်းသည် တာဒါဆီတူးလူးကတော့ သူ့မိန်းမ ဆေးရုံပေါ်ကနေ စာမေးပွဲဖြေခွင့်ပေးဖို့ ကျောင်းကို ခွင့်ပန်ဖျောင်းဖြခဲ့ရတယ်လို့ ဆိုပါတယ်။

အီသီယိုးပီးယားမှာ မိန်းကလေးတွေဟာ အထက်တန်းရောက်တာနဲ့ ကျောင်းဆက်မတက်တော့ပဲ ထွက်သွားကြ၊ အိမ်ထောင်တွေ ကျကြပြီးမှ ကျောင်းပြန်တက်တာမျိုးတွေ ရှိကြပါတယ်။ အယ်လမတ်ဇ် ဒါရာဆီကတော့ ဒီစာမေးပွဲပြီးရင် တက္ကသိုလ်တက်ဖို့ အတွက် နောက်ထပ် နှစ်နှစ်သင်တန်းတစ်ခု တက်ဖို့စဉ်းစားနေပါတယ်။

အခုအထိ ဖြေပြီးသမျှ ဘာသာရပ်တွေကို ဖြေနိုင်ပြီး သူ့သားလေးလည်း ကျန်းမာနေလို့ ပျော်ရွှင် ကျေနပ်ရတယ်လို့ သူက ပြောပါတယ်။