အိုမန်ပင်လယ်ကွေ့မှာ ရေနံတင် သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရပြီး ပေါက်ကွဲ

တိုက်ခိုက်ခံရပြီး မီးလောင်ကျွမ်းနေတဲ့ ရေနံတင်သင်္ဘော ဓာတ်ပုံ မူပိုင် AFP/HO/IRIB
Image caption တိုက်ခိုက်ခံရပြီး မီးလောင်ကျွမ်းနေတဲ့ ရေနံတင်သင်္ဘော

ကမ္ဘာ့ပေါ်မှာ ရေနံတင်ပို့ရာမှာ အသွားအလာအများဆုံး လမ်းကြောင်း တစ်ခုဖြစ်တဲ့ အိုမန် ပင်လယ်ကွေ့ အနီးမှာ ရေနံတင် သင်္ဘော နှစ်စင်းကို တစုံတယောက်က တိုက်ခိုက်မှုလို့ ယူဆရတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

ဒီလို တိုက်ခိုက်မှုကြောင့် ရေနံတင် သင်္ဘောနှစ်စင်းပေါ်မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

တိုက်ခိုက်မှု ဘယ်လို ဖြစ်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အမေရိကန်ကတော့ ဒီတိုက်ခိုက်မှုကို အီရန်က လုပ်တာလို့ စွပ်စွဲထားပါတယ်။ အီရန်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆန်ပါတယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)က တိုက်ခိုက်မှု နောက်ကွယ်မှာ နိုင်ငံတနိုင်ငံက ထောက်ပံ့ကူညီနေတယ်လို့ ပြောပါတယ်။

ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက် သင်္ဘောနှစ်စင်းပေါ်မှာ လိုက်ပါလာတဲ့ သင်္ဘောသား ၄၄ ယောက်ကို အီရန်က ကယ်တင်နိုင်ခဲ့ပြီး Jask ဆိပ်ကမ်းကို ခေါ်ဆောင်သွားတယ်လို့ အီရန် အစိုးရသတင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

ဒီဖြစ်ရပ် ဖြစ်ခဲ့ပြီးတဲ့နောက် ရေနံစျေးတွေ ၄ ရာခိုင်နှုန်းခွဲ နီးပါး တက်သွားပါတယ်။

Image caption တိုက်ခိုက်ခံရတဲ့ သင်္ဘော နှစ်စင်း တည်ရှိရာနေရာ။

ဘယ်နေရာမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာလဲ။

ယူအေအီး ကမ်းလွန်မှာ ရေနံတင် သင်္ဘော ၄စင်း အတိုက်ခံရပြီး တလအကြာ အိုမန်ပင်လယ်ကွေ့မှာ အခုလို တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါ တယ်။

တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ အိုမန်ပင်လယ်ကွေ့ဟာ ဗျူဟာကျတဲ့ ဟော်မုဇ် ရေလက်ကြားရဲ့ အဆုံးတခြားတဘက်မှာ ရှိနေတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမေရိကန် အီရန် တင်းမာမှုနဲ့ ဟော်မုဇ်ရေလက်ကြား

တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ နေရာဟာ ထိလွယ်ရှလွယ်တဲ့ ဒေသဖြစ်ပြီး အမေရိကန်က လေယာဉ်တင် သင်္ဘောတွေနဲ့ ဘီ-၅၂ ဗုံးကြဲလေယာဉ်တွေကို မေလက စေလွှတ်ခဲ့ပါ တယ်။

အမေရိကန် တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ အီရန်နောက်ခံ လက်နက်ကိုင်အဖွဲ့တွေကို တန်ပြန်တဲ့ အစီအစဉ်လို့ အမေရိကန်က ဆိုပါတယ်။

အီရန်က ဒါကို ငြင်းဆိုပြီး အမေရိကန်ရဲ့ ရန်လိုတဲ့ အပြုအမှုကို ဝေဖန်ထားပါတယ်။

အိုမန် ပင်လယ်ကွေ့မှာ အခုလို အတိုက်ခံရတာကြောင့် ဒေါ်လာ သန်းရာချီတဲ့ ရေနံတွေ တင်ဆောင်သွားလာနေတဲ့ ရေလမ်းကြောင်းမှာ တင်းမာမှုတွေ ပိုများလာနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် FREDERICK A TERRY/ARTJOM LOFITSKI
Image caption တိုက်ခိုက်ခံရတဲ့ သင်္ဘော နှစ်စီး

တိုက်ခိုက်ခံရတဲ့ သင်္ဘောက ဘယ်သင်္ဘောတွေလဲ။

တိုက်ခိုက်ခံရတဲ့ ရေနံတင် သင်္ဘောတွေက ပနားမား အလံ ထောင်ထားတဲ့ Kokuka Courageousနဲ့ နော်ဝေပိုင် Front Altair သင်္ဘောတွေ ဖြစ်ပါတယ်။

Kokuka Courageous သင်္ဘောပေါ်မှာ သင်္ဘောသား ၂၁ ဦးနဲ့ Front Altair သင်္ဘောပေါ်မှာ သင်္ဘောသား ၂၃ ဦး လိုက်ပါလာပါတယ်။

နော်ဝေပိုင် Front Altair သင်္ဘောတိုက်ခိုက်ခံရပြီး သင်္ဘောပေါ်မှာ ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ခဲ့တယ်လို့ နော်ဝေ ရေကြောင်းဆိုင်ရာ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။ ဒါပေမဲ့သင်္ဘောက မနစ်မြုပ်သွားဘူးလို့လည်း ဆိုပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘာတွေပြောကြလဲ။

Front Altair သင်္ဘောပေါ်မှာ လောင်စာဆီ တန်ချိန် ခုနစ်သောင်းခွဲ နီးပါး သယ်ဆောင်လာပြီး တော်ပီဒို ထိမှန်တယ်လို့ သံသယရှိတဲ့အကြောင်း Front Altair သင်္ဘောနဲ့ ရေနံတင်ခဲ့တဲ့ ထိုင်ဝမ် အစိုးရပိုင် ရေနံသန့်စင်တဲ့ CPC ကုမ္ပဏီ ပြောခွင့်ရက ပြောပါတယ်။

ဒါပေမဲ့ ဒီပြောဆိုချက်ကို အခုထိ အတည်မပြုနိုင်သေးပါဘူး။ မိုင်းနဲ့တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

နိုင်ငံတကာ ရေကြောင်းကုန်သွယ်ရေး အဖွဲ့ရဲ့ အတွင်းရေးမှူး ဂိုင်းပလက်တန်က နောက်ဆုံး တိုက်ခိုက်မှုက စိုးရိမ် ပူပန်စရာကောင်းတယ်လို့ ပြောပါတယ်။

အဓိက စိုးရိမ်မှုက ဒီလို ထပ်ဖြစ်မလားဆိုတာရယ်၊ အသေးစိတ်နဲ့ ရှင်းလင်းမှု တစုံတရာ မရှိမချင်း မှတ်ချက်ပေးဖို့က ခက်တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ အန္တရာယ်ရှိတာကို စီမံခန့်ခွဲတာက သင်္ဘောပိုင်ရှင်နဲ့ ဒီလုပ်ငန်းက တာဝန်ရှိသူတွေ အတွက် အလေ့အကျင့်လို ဖြစ်နေပါပြီလို့လည်း သူက ဆိုပါတယ်။

ပနားမား အလံတပ်ထားတဲ့ Kokuka Courageous သင်္ဘော တာဝန်ရှိသူတွေက သင်္ဘောသားတွေ သင်္ဘောကို စွန့်ခွာခဲ့ပြီး ဖြတ်သွားတဲ့ သင်္ဘောတစင်းက ကယ်တင်ခဲ့ တာလို့ ပြောပါတယ်။

ဒီသင်္ဘောက မက်သနောတွေ တင်ဆောင်လာတာ ဖြစ်ပြီး နစ်မြုပ်ဖို့ မစိုးရိမ်ရဘူး လို့လည်း ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ Kokuka Courageous သင်္ဘောဟာ လက်ရှိမှာ ယူအေအီးက ဖူဂျိုင်းရာ မြို့နဲ့ မိုင် ၈၀ အကွာ၊ အီရန်နဲ့ ၁၆ မိုင်အကွာမှာ ရှိနေတယ်လို့ ထုတ်ပြန်ပါတယ်။