အိုမန် ပင်လယ်ကွေ့ ရေနံတင် သင်္ဘော တိုက်ခိုက်မှု - အမေရိကန်နဲ့ အီရန် ကြား တင်းမာမှု မြင့်တက်

တိုက်ခိုက်မှု ဖြစ်ပွားရာ နေရာကို အကူအညီပေးဖို့ ရောက်လာတဲ့ အမေရိကန် ဖျက်သင်္ဘော USS Bainbridge ဓာတ်ပုံ မူပိုင် AFP
Image caption တိုက်ခိုက်မှု ဖြစ်ပွားရာ နေရာကို အကူအညီပေးဖို့ ရောက်လာတဲ့ အမေရိကန် ဖျက်သင်္ဘော USS Bainbridge

အိုမန် ပင်လယ်ကွေ့မှာ တိုက်ခိုက်ခံခဲ့ရတဲ့ ရေနံတင် သဘောၤ ၂ စီးထဲက ၁ စီး ကနေ မပေါက်ကွဲသေးတဲ့ မိုင်းဗုံးတွေကို အီရန် တော်လှန်ရေး အစောင့် တပ်ဖွဲ့က ဖယ်ရှားနေတဲ့ မြင်ကွင်း ပါဝင်တဲ့ ရုပ်သံဖိုင် တစ်ခုကို ကြာသပတေးနေ့မှာ အမေရိကန် စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

မပေါက်ကွဲသေးတဲ့ မိုင်းတွေကို ဖယ်ရှားတာ မလုပ်မီ တွေ့မြင်ရတဲ့ မြင်ကွင်း ပါဝင်နေတဲ့ ဂျပန် ရေနံတင် သင်္ဘော တစ်စီးရဲ့ ဓာတ်ပုံကိုလည်း အမေရိကန် အာဏာပိုင်တွေက တပါတည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် နော်ဝေပိုင် ရေနံတင် သင်္ဘော တစ်စီးလည်း ပျက်စီးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ (ဇွန်လ ၁၃) တုန်းက ကမ္ဘာ့ပေါ်မှာ ရေနံတင်ပို့ရာမှာ အသွားအလာအများဆုံး လမ်းကြောင်း တစ်ခုဖြစ်တဲ့ အိုမန် ပင်လယ်ကွေ့ အနီးမှာ အဲဒီ ရေနံတင် သင်္ဘော နှစ်စင်းဟာ တိုက်ခိုက်မှုလို့ ယူဆရတဲ့ ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတာပါ။

ဒီဖြစ်စဉ်ဟာ အီရန်နိုင်ငံရဲ့ မိုင်းခွဲ တိုက်ခိုက်မှု လို့ အမေရိကန်က စွပ်စွဲထားပြီး ဒါကို အီရန်ဘက်ကတော့ ပြတ်ပြတ်သားသား ငြင်းဆိုထားသလို နှစ်နိုင်ငံကြားမှာလည်း တင်းမာမှုတွေ တိုးမြင့်နေပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာ အဲဒီဒေသတွင်းမှာ ဒုတိယအကြိမ်မြောက် ရေနံတင် သင်္ဘောတွေ တိုက်ခိုက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံ ကမ်းခြေ အနီးမှာ ရေနံတင် သင်္ဘော ၄ စီး ဟာ တိုက်ခိုက်မှု ကြောင့် ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရာထူး စတင် ယူခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်း အမေရိကန်နဲ့ အီရန် အကြား ဆက်ဆံရေးက တင်းမာမှုတွေ တိုးမြင့်လာနေတာပါ။ အရင် သမ္မတ အိုဘားမား လက်ထက်တုန်းက အီရန်နဲ့ သဘောတူခဲ့တဲ့ နျူကလီးယား လက်နက်ဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်ရှိ သမ္မတ ထရမ့်က ဖျက်သိမ်းခဲ့ပြီး အီရန် အပေါ်မှာလည်း ပိတ်ဆို့ အရေးယူမှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ပါတယ်။

ကြာသပတေးနေ့ တိုက်ခိုက်မှု ဖြစ်စဉ် အပြီးမှာ ကမ္ဘာ့ ရေနံ ဈေးနှုန်းကလည်း ၄ ရာခိုင်နှုန်း အထိ ခုန်တက်သွားခဲ့ပါတယ်။ အိုမန် ပင်လယ်ကွေ့ဟာ နှစ်စဉ် ဒေါ်လာ သန်းရာနဲ့ချီ တန်ကြေးရှိတဲ့ ကမ္ဘာ့ ရေနံတင်ပို့မှု လမ်းကြောင်းမှာ တည်ရှိနေတာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမေရိကန် အီရန် တင်းမာမှုနဲ့ ဟော်မုဇ်ရေလက်ကြား

တိုက်ခိုက်မှု ဘယ်လို ဖြစ်ခဲ့သလဲ

အမေရိကန်ဘက်က ထုတ်ပြန်တဲ့ အချက်အလက်တွေ အရ အဲဒီ ဒေသတွင်းမှာ ရှိနေတဲ့ အမေရိကန် ရေတပ်ဟာ ဒေသစံတော်ချိန် ၀၆:၁၂ (ဂရင်းနစ် စံတော်ချိန် ၀၂:၁၃) မှာ နော်ဝေ ပိုင် Front Altair သင်္ဘော ဆီက အရေးပေါ် အကူအညီ တောင်းခံမှု လက်ခံရရှိခဲ့ပြီး ၀၇:၀၀ မှာတော့ ဂျပန် ပိုင် Kokuka Courageous ဆီက အရေးပေါ် အချက်ပြမှု လက်ခံ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အခင်းဖြစ်ပွားရာ ဒေသကို အမေရိကန် ရေတပ် သွားရောက်ခဲ့ပါတယ်။

ပေါက်ကွဲမှုတွေ ဖြစ်ပွားအပြီး နာရီပိုင်း အတွင်းမှာ အီရန် ရေတပ် စစ်သင်္ဘောတွေကို အဲဒီ နေရာတဝိုက် လှုပ်ရှားသွားလာနေတာကို အမေရိကန် ရေတပ် သင်္ဘော USS Bainbridge ကနေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ဂျပန်ပိုင် ရေနံတင် သင်္ဘော Kokuka Courageous ဘက်ခြမ်းကနေ မပေါက်ကွဲသေးတဲ့ မိုင်းဗုံးတွေကို အီရန် ရေတပ် သင်္ဘောတွေက ဖယ်ရှားနေတာကို တွေ့မြင်ရတယ်လို့ အမေရိကန် ရေတပ်က ပြောပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့ ရေနံတင် သင်္ဘော ၂ စီး ပေါ်က ဝန်ထမ်းတွေကိုတော့ အနီးအနားက သင်္ဘောတွေက ကယ်ဆယ်ခဲ့ရပါတယ်။ အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံစလုံးက သူတို့ရဲ့ သင်္ဘောတွေပေါ်မှာ ကယ်ဆယ်ထားတဲ့ ရေနံတင် သင်္ဘောက လူတွေရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။

Kokuka Courageous ရေနံတင် သင်္ဘောပေါ်က သင်္ဘောသားတွေဟာ မီးလောင်မှု ကြုံတွေ့ခဲ့ရပြီး မပေါက်ကွဲသေးတဲ့ မိုင်း တစ်ခုကိုလည်း တွေ့ရှိခဲ့ရလို့ သင်္ဘောကို စွန့်ခွာခဲ့ကြတယ်လို့ မိခင် ကုမ္ပဏီ BSM သင်္ဘော အုပ်ချုပ်ရေးက သတင်းထုတ်ပြန်ပါတယ်။

Kokuka Courageous သင်္ဘောဟာ အရေးပေါ် အခြေအနေ အချက်ပြ ချိန်မှာ အီရန် ကမ်းခြေ နဲ့ ကီလိုမီတာ ၃၀ (၂၀ မိုင်) အကွာလောက်မှာ တည်ရှိနေခဲ့တာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမေရိကန်စစ်တပ်က ထုတ်ပြန်တဲ့ ရုပ်သံ

အမေရိကန်ဘက်က ဘာပြောလဲ

"စုံစမ်းလေ့လာ တွေ့ရှိချက်အရ တိုက်ခိုက်မှုတွေဟာ အီရန် ရဲ့ လက်ချက် ဖြစ်တယ်" လို့ ဝါရှင်တန်မြို့တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို က ပြောပါတယ်။

"ထောက်လှမ်းရေး သတင်း၊ အသုံးပြုခဲ့တဲ့ လက်နက်၊ ဖောက်ခွဲမှု လုပ်ဆောင်ရာမှာ လိုအပ်တဲ့ ကျွမ်းကျင်မှု၊ အခု လတ်တလော အီရန်ရဲ့ သင်္ဘောတွေအပေါ် တိုက်ခိုက်နေမှုနဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ ဒေသတွင်းမှာ အခြား လက်ဝေခံအဖွဲ့ တစ်ခုခုက ဒီလို အဆင့်မြင့် တိုက်ခိုက်နိုင်ဖို့ လုံလောက်တဲ့ အင်အားနဲ့ ကျွမ်းကျင်မှု မရှိမှု" စတဲ့ အချက်တွေကို အခြေခံပြီး အခုလို စွပ်စွဲတာလို့ မစ္စတာ ပွန်ပီယိုက ပြောပါတယ်။

အီရန်အပေါ် အမေရိကန်ရဲ့ စွပ်စွဲချက်ကို ဗြိတိန်ကလည်း ထောက်ခံထားပါတယ်။ အခု "ကနဦး အဆင့်" မှာ "မဟာမိတ် နိုင်ငံ ဖြစ်တဲ့ အမေရိကန်ရဲ့ ပြောဆိုချက်ကို ယုံကြည်တယ်" လို့ ယူကေ နိုင်ငံခြားရေးဝန်ကြီး ဂျရမီဟန့် က ပြောပါတယ်။

"ဒီဖြစ်ရပ်ကို ဗြိတိန်ဘက်က အလေးအနက်ထား အရေးယူ ဆောင်ရွက်နေပါတယ်၊ အီရန် အတွက် သတင်းစကားကတော့ တကယ်လို့ ဒီဖြစ်စဉ်မှာ အီရန် ပါဝင် ပတ်သက်နေရင် ဒါဟာ ဒေသတွင်း တည်ငြိမ် အေးချမ်းမှုကို ပျက်စီးစေမယ့် အမြော်အမြင် မရှိစွာနဲ့ တွန်းလုပ်တဲ့ ခြိမ်းခြောက်မှု ဖြစ်တယ်" လို့ မစ္စတာ ဟန့်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption တိုက်ခိုက်မှုကြောင့် မီးလောင်နေတဲ့ နော်ဝေပိုင် Front Altair ရေနံတင် သင်္ဘော

အီရန်ဘက်က ဘယ်လို တုံ့ပြန်လဲ

"အရှေ့အလယ်ပိုင်း တည်ငြိမ်မှုကို အမေရိကန် က အကြီးအကျယ် ခြိမ်းခြောက်နေတယ်" လို့ အီရန်သမ္မတ ဟာဆန် ရူဟာနီက အိုမန်ပင်လယ်ကွေ့ တိုက်ခိုက်မှု ဖြစ်စဉ်ကို တိုက်ရိုက် ရည်ညွန်းတာမျိုး မရှိဘဲ သောကြာနေ့မှာ ပြန်လည် ချေပ ထားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် အစိုးရ အဖွဲ့က တစ်ဖက်သတ် ဖျက်သိမ်းခဲ့တဲ့ ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီမှုကို ကျန် သဘောတူလျက် ရှိနေသေးတဲ့ အနောက်နိုင်ငံတွေအနေနဲ့ အလေးအနက် ထားကြဖို့ကိုလည်း အီရန် သမ္မတက ထပ်လောင်း တောင်းဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့ စွပ်စွဲချက်တွေက အခြေအမြစ် မရှိဘဲ အီရန် အပေါ် မလိုမုန်းထားတဲ့ စိတ်ကြောင့် ဆိုပြီးလည်း အီရန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ မစ်ရှင်အဖွဲ့က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

"ဇွန် ၁၃ ရက် ရေနံတင် သင်္ဘော တိုက်ခိုက်ခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စွပ်စွဲချက်တွေကို အီရန်က လုံးဝ ပယ်ချပြီး ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချတယ်" လို့လည်း အဲဒီ ကြေညာချက်မှာ ပါရှိပါတယ်။

"အမေရိကန်ရဲ့ စွပ်စွဲချက်က အချက်အလက်အရ သို့မဟုတ် အခြေအနေအရ သက်သေခံချက် လုံးဝ မပါရှိဘဲ သံတမန် ရေးရာ အဖျက်အမှောင့် လုပ်ရပ်" ဆိုပြီးလည်း အီရန် နိုင်ငံခြားရေး ဝန်ကြီး ဇရစ်ဖ် က သူ့ရဲ့ လူမှုကွန်ရက် တွစ်တာ မှာ ရေးသားထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption Kokuka Courageous ဂျပန် ရေနံတင် သင်္ဘောက မိုင်းဗုံး နှစ်လုံး ထိခဲ့တယ်လို့ ဂျပန် ကုမ္ပဏီက သတင်းထုန်ပြန်

အမေရိကန်-အီရန် ကြား တင်းမာမှုက ဘာကြောင့် မြင့်မားနေတာလဲ

အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တဲ့ ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို အမေရိကန် ဘက်က ၂၀၁၈ မှာ တစ်ဖက်သက် ပယ်ဖျက်ခဲ့ပါတယ်။ ဒီ လုပ်ရပ် အပေါ် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ် တွေ အပါအဝင် နိုင်ငံတချို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

၂၀၁၉ မေလ မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ရဲ့ ရေနံလုပ်ငန်း အပေါ် အဓိက ပစ်မှတ်ထားပြီး ပိတ်ဆို့ အရေးယူမှုတွေလည်း တိုးမြှင့် လုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်ရဲ့ လုပ်ရပ်ကြောင့် အီရန်အနေနဲ့ နျူကလီးယား သဘောတူညီချက် ပါ သဘောတူညီချက် တချို့ကို ယာယီ ရပ်ဆိုင်း မယ် ဆိုပြီး အီရန် ဘက်က ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

သိပ်မကြာခင် လပိုင်း အတွင်းကလည်း အီရန်ရဲ့ တိုက်ခိုက်မှုတွေ ရှိနေလို့ ဆိုပြီး ပင်လယ်ကွေ့ဒေသမှာ အမေရိကန်ဘက်က သူ့ရဲ့ စစ်အင်အားကို တိုးချဲ့ချထားခဲ့ပါတယ်။ အဲဒီ ဒေသတွင်းကို လေယာဉ်တင် သင်္ဘော ၁ စီး နဲ့ -၅၂ ဗုံးကြဲလေယာဉ်တွေကိုလည်း အမေရိကန်ဘက်က စေလွှတ်ခဲ့ပါတယ်။

ဒါဟာ အမေရိကန်ရဲ့ ရန်လိုတဲ့ အပြုအမူ အဖြစ် အီရန်ဘက်က တုံ့ပြန် စွပ်စွဲခဲ့ပါတယ်။ ဒီ အခြေအနေမှာ မေလ ၁၂ ရက်နေ့က ယူအေအီး ကမ်းခြေ အနီးမှာ မိုင်းခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး တင်းမာမှုတွေ မြင့်မားလာခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာ "နိုင်ငံ တစ်နိုင်ငံ လုပ်ဆောင်ချက်" အဖြစ် အမည်မဖော်ပြဘဲ ယူအေအီးက ကြေညာခဲ့ပါတယ်။ အမေရိကန်ဘက်ကတော့ ဒါဟာ အီရန်လက်ချက်လို့ စွပ်စွဲပြီး ဒါကို အီရန် အစိုးရဘက်က ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ ရေနံတင် သင်္ဘောတွေကို အီရန် အနေနဲ့ ဘာရည်ရွယ်ချက်နဲ့ တိုက်ခိုက်မှု အသေးစားတွေ လုပ်ဆောင်ရသလဲ ဆိုတဲ့ အချက်ကတော့ ဘယ်သူမှ သေချာ ဂဃနဏ မပြောနိုင်ပါဘူး။

စစ်ပွဲကြီး တစ်ပွဲ မဖြစ်ပွားဘဲ အရေးပါတဲ့ သင်္ဘောလမ်းကြောင်း ကို ထိခိုက်အောင် လုပ်နိုင်စွမ်း ရှိတယ် ဆိုတာကို အီရန် အနေနဲ့ သတင်းစကား ပေးချင်လို့ ဒီလို တိုက်ခိုက်မှုတွေ လုပ်ကောင်း လုပ်နိုင်တယ် ဆိုပြီး လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ