တိုက်လေယာဉ်တွေ ခြံရံဆင်းခဲ့ရပြီးမှ အိန္ဒိယလေယာဉ် ဗုံးအတုမှန်းသိ၊ သြစတြေးလျ ကျောင်းသား မြောက်ကိုရီးယားမှာ ပျောက်ဆုံး

အရေးပေါ် ဆင်းခဲ့ရတဲ့ အိန္ဒိယ လေယာဉ်ပေါ်က ဗုံးက တကယ့်ဗုံးမဟုတ်

ဓာတ်ပုံ မူပိုင် Alamy
Image caption အသံထက် မြန်တဲ့နှုန်းနဲ့ ဗြိတိသျှ တိုက်လေယာဉ် နှစ်စင်းက အိန္ဒိယလေယာဉ်ကို ခြံရံ ခေါ်ဆောင်ခဲ့ရ

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကနေ အမေရိကန်နိုင်ငံ နျူးအာ့ခ်မြို့ဆီ ပျံသန်းလာတဲ့ အဲယား အိန္ဒိယ လေကြောင်းပိုင် လေယာဉ်ပေါ်မှာ ဖြစ်ခဲ့တဲ့ ဗုံးလန့်မှုဟာ လိမ်ညာ ခြိမ်းခြောက်မှုတစ်ခုသာ ဖြစ်တယ်လို့ လေကြောင်း တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

ဗုံးလန့်မှု ဖြစ်ခဲ့အပြီးမှာ အဲဒီ ဘိုးအင်း 777 အမျိုးအစား ခရီးသည်တင် လေယာဉ်ကို ဗြိတိန်နိုင်ငံ စတန်းစတက် လေဆိပ်မှာ လမ်းကြောင်းပြောင်း အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

လေဆိပ်ရဲ့ သီးသန့်နေရာ တစ်ခုမှာ ရပ်နားထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဗြိတိသျှ တိုင်ဖွန်း တိုက်လေယာဉ် နှစ်စင်းက အသံထက် မြန်တဲ့နှုန်းနဲ့ အမြန်သွားရောက်ပြီး အဲဒီလေယာဉ်ကို ခြံရံခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဗုံးအန္တရာယ် ရှိနေတယ်လို့ အဲယား အိန္ဒိယ လေကြောင်းက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပြီး နောက်ပိုင်းမှာ ပြန်ဖျက်လိုက်ပါတယ်။

သြစတြေးလျ ကျောင်းသား တစ်ဦး မြောက်ကိုရီးယားမှာ ပျောက်ဆုံးနေ

ဓာတ်ပုံ မူပိုင် Sigley Family
Image caption ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက အဲလက်ခ် ဆစ်ဂ်လီ ပျောက်ဆုံးနေ

သြစတြေးလျအစိုးရက သူ့နိုင်ငံသားတစ်ဦး မြောက်ကိုရီးယားနိုင်ငံမှာ အထိန်းသိမ်းခံထားရသလား ဆိုတာကို ဟုတ်မဟုတ် အတည်ပြုဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားမှာ ကိုရီးယားစာပေ ဘာသာရပ် လေ့လာနေပြီး နိုင်ငံခြားသား ခရီးသည်တွေအတွက် ဧည့်လမ်းညွှန် လုပ်ပေးနေတဲ့ အသက် ၂၉ နှစ်အရွယ် အဲလက်ခ် ဆစ်ဂ်လီ ပျောက်နေတာ ၃ ရက် ရှိသွားပြီ ဖြစ်ပါတယ်။

လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဘာစာမှ ရေးမတင်တော့သလို အင်္ဂါနေ့ကတည်းက ဘာအဆက်အသွယ်မှ မရတော့ဘူးလို့ သူ့မိသားစုက ပြောပါတယ်။

သူပျောက်နေတာကို သူ့သူငယ်ချင်းတွေက တိုင်ကြားထားတာလို့ ယူဆရပါတယ်။

မြောက်ကိုရီးယား အစိုးရကတော့ ဘာမှ တုံ့ပြန်ချက် မပေးသေးပါဘူး။

မြောက်ကိုရီးယားနိုင်ငံကို အနောက်နိုင်ငံသား ထောင်ပေါင်းများစွာ နှစ်စဉ် သွားရောက်လေ့ ရှိပြီး အဲဒီမှာ လူနှစ်ဆယ်ကျော်လောက် အကျဉ်းသားတွေအဖြစ် အချိန်အတော်ကြာ ထိန်းသိမ်းခံနေရပါတယ်။

ဥရောပက ထူးကဲတဲ့ အပူလှိုင်းဒဏ်

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၀၃ ခုနှစ်တုန်းက ပြင်သစ်မှာ အပူလှိုင်းဒဏ်ကြောင့် လူ တစ်သောင်းငါးထောင် သေဆုံးခဲ့ရ

ဥရောပဒေသမှာ အပူလှိုင်းဒဏ်ကြောင့် စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တောမီးလောင်မှုကို မီးသတ်သမားတွေနဲ့ စစ်သားတွေ ရာပေါင်းများစွာ ကြိုးစား ငြှိမ်းသတ်နေပါတယ်။

ပြင်သစ်နိုင်ငံမှာလည်း အပူဒဏ်ကြောင့် စာသင်ကျောင်း အများအပြား ပိတ်ထားလိုက်ရပြီး မြို့အတော်များများမှာ လေထုညစ်ညမ်းမှုကို လျော့ချဖို့ ယာဉ်အသွားအလာတွေကို ကန့်သတ်ထားပါတယ်။

၂၀၀၃ ခုနှစ်တုန်းက အပူလှိုင်းဒဏ်ကြောင့် ပြင်သစ်နိုင်ငံမှာ လူပေါင်း တစ်သောင်းငါးထောင် သေဆုံးခဲ့သလိုမျိုး ထပ်မဖြစ်အောင် ရှောင်ရှားတဲ့အနေနဲ့ ခံနိုင်ရည်အားနည်းသူတွေကို ကာကွယ်စောင့်ရှောက်ကြဖို့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားပေါ်ကနေ အကြံပြုထားပါတယ်။

ဂျာမနီ၊ ပိုလန်နဲ့ ချက်သမ္မတနိုင်ငံတွေမှာ ဇွန်လအတွင်း အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ် အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ပိုလန်နိုင်ငံမှာ ရေကန်တွေထဲ ရေဆင်းကူးတဲ့သူ အတော်များများ ရေနစ် သေဆုံးခဲ့ကြပါတယ်။