လေးနှစ်ကြာမှ တရုတ်ထောင်ထဲက ခင်ပွန်းသည်နဲ့တွေ့ရသူ၊ အဓမ္မအကျင့်မခံလို့ အမျိုးသမီးနှစ်ဦးကို ကတုံးရိတ် ...

သီရိလင်္ကာမှာ ဖောက်ခွဲရေးပစ္စည်းတွေ အများကြီး သိမ်းမိ

ဓာတ်ပုံ မူပိုင် AFP
Image caption ဘုရားကျောင်းတွေ တိုက်ခိုက်ခံရပြီး လူ ၂၀၀ကျော်သေ

သီရိလင်္ကာမှာ အီစတာတနင်္ဂနွေနေ့က အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေကို လုပ်ခဲ့တဲ့ စစ်သွေးကြွအုပ်စုနဲ့ ဆက်စပ်နေတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ၊ တခြားကိရိယာတွေ အများအပြားကို တွေ့ရှိသိမ်းဆည်းရမိတယ်လို့ စုံစမ်းစစ်ဆေးရေးမှူး တွေက ပြောပါတယ်။ ကျောက်ခွဲတဲ့နေရာမှာ သုံးတဲ့ ဂျယ်လစ်နိုက်ချောင်း ၃၀၀ ကျော်၊ ဂျယ်လစ်နိုက်အရည် ရှစ်လီတာ၊ စနက်တံ တစ်ထောင်နဲ့ ကျည်ဆံရာနဲ့ချီပြီး နိုင်ငံအရှေ့ပိုင်း ကတ်တန်ကူဒီမြို့က လူမနေတဲ့ အိမ်တစ်လုံးထဲမှာ မြှုပ်ထားတာကို ဖော်ထုတ်နိုင်ခဲ့ကြတာပါ။ အဲဒီမြို့ဟာ အီစတာတနင်္ဂနွေနေ့ ဖောက်ခွဲမှုကို ဦးဆောင်စီစဉ်ခဲ့သူလို့ ယူဆထားတဲ့သူရဲ့ ဇာတိမြို့ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့ကနေ ပြန်လွှဲပေးလိုက်တဲ့ သံသယတရားခံတစ်ယောက်ကို စစ်ကြောရာက အခုလို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ထောက်လှမ်းရေးဘက်က ပြောပါတယ်။

လေးနှစ်ကြာမှ တရုတ်ထောင်ထဲက ခင်ပွန်းသည်နဲ့တွေ့ရသူ

ဓာတ်ပုံ မူပိုင် FAMILY
Image caption တရားမစွဲပဲ လေးနှစ်ကျော်ဖမ်းထားခဲ့

တရုတ်နိုင်ငံမှာတော့ လွန်ခဲ့တဲ့ လေးနှစ်က အဖမ်းခံထားရတဲ့ လူ့အခွင့်အရေးရှေ့နေ ဝမ်ကျန်ဂျန်းကို သူ့ဇနီးသည်က ပထမဆုံးအကြိမ်သွားရောက်တွေ့ဆုံခွင့်ရခဲ့ပါတယ်။ လီဝင်ဇူးဟာ ခင်ပွန်းသည်ကို သွားတွေ့ခွင့်ရဖို့အတွက် အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် မရတဲ့အတွက် ခေါင်းက ဆံပင်ကို ရိတ်ပြီးတောင် ဆန္ဒပြခဲ့သူဖြစ်ပါတယ်။

သွားတွေ့အပြီးမှာတော့ သူ့ခင်ပွန်းဟာ ပိန်သွား အိုသွားပြီး သူ့ကိုဆက်ဆံတာလည်း တစိမ်းတစ်ယောက်လို ဖြစ်နေတာတွေ့ရတယ်လို့ လီဝင်ဇူးကပြောပါတယ်။ ရှေ့နေဝမ်ကို အစိုးရက ၂၀၁၅ မှာ ဖမ်းခဲ့ပေမယ့် စွဲချက်မတင်ဘဲ ထိန်းသိမ်းထားပြီး ဒီနှစ် ဇန်နဝါရီလကမှ နိုင်ငံတော်ကို ထိပါးနှောင့်ယှက်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

အဓမ္မအကျင့်မခံလို့ အမျိုးသမီးနှစ်ဦးကို ကတုံးရိတ်

ဓာတ်ပုံ မူပိုင် ANI
Image caption လူအများရှေ့မှာ ကတုံးတုံးခံခဲ့ရတယ်လို့ပြောပါတယ်။

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာတော့ အဓမ္မပြုကျင့်ဖို့ကြိုးစားတာ ငြင်းလို့ဆိုပြီး အမျိုးသမီးနှစ်ယောက်ကို ကတုံးရိတ်ခဲ့တဲ့ လူတစ်စုထဲက လူနှစ်ယောက်ကို ရဲကဖမ်းလိုက်ပါတယ်။ အဲဒီအုပ်စုထဲမှာ ဒေသခံအရာရှိတစ်ယောက်ပါပြီး သူတို့ဟာ အမေနဲ့ သမီးနှစ်ယောက်ထဲရှိတဲ့အိမ်တစ်အိမ်ထဲဝင်ပြီး အဓမ္မကျင့်ဖို့ ကြိုးစားတဲ့တယ်လို့ရဲတွေက ပြောပါတယ်။

အမျိုးသမီးတွေက ရုန်းကန်ငြင်းဆန်တဲ့အခါ သူတို့ကို ထိုးကြိတ်ရိုက်နှက်ပြီး သူတို့ရဲ့ ဆံပင်တွေကို ရိတ်ပြီး ရွာထဲမှာ လှည့်ပြခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် လူငါးဦးကို လိုက်ရှာနေဆဲလို့ သိရပါတယ်။

ကျွန်မတို့ကို တုတ်တွေနဲ့ ရိုက်တာ တကိုယ်လုံး ဒဏ်ရာတွေရခဲ့တယ်၊ ကျွန်မသမီးမှာလည်း ဒဏ်ရာတွေနဲ့လို့ မိခင်ဖြစ်သူက အေအဲန်အိုင်သတင်းဌာနကို ပြောပါတယ်။ သူတို့ကို တစ်ရွာလုံးရှေ့မှာ ကတုံးရိတ်ခဲ့တာလို့လည်း သူက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ