သေဆုံးသူ နွားနို့သမားကို နွားခိုးသွင်းတယ်ဆိုပြီး အမှုဖွင့်၊ ဟွာဝေးကို စျေးပြန်ရောင်းမယ့် အမေရိကန်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရာဂျက်စတန်ပြည်နယ်က နွားပွဲစျေး

အစွန်းရောက်တွေ သတ်လို့သေသွားတဲ့ နွားနို့သမားကို နွားခိုးသွင်းတယ်ဆိုပြီး အမှုဖွင့်

နွားကို အထွဋ်အမြတ်တန်ဖိုးထားတဲ့ ဟိန္ဒူအစွန်းရောက်တွေရဲ့ ဝိုင်းဝန်းသတ်ဖြတ်တာကိုခံခဲ့ရလို့ လွန်ခဲ့တဲ့ နှစ်နှစ်က သေဆုံးခဲ့တဲ့ မွတ်ဆလင် နို့စားပစ္စည်းထုတ်လုပ်သူတစ်ယောက်ကို သေပြီးခါမှ နွားခိုးသွင်းမှုနဲ့ အရေးယူဖို့ အိန္ဒိယရဲတွေက အမှုဖွင့်လိုက်ပါတယ်။

ဖယ်လုခန်းဆိုသူဟာ ဟိန္ဒူအများစုရှိတဲ့ နယ်မြေ ရာဂျက်စတန် ပြည်နယ်က နွားပွဲဈေး တစ်ခုကနေ နွားတွေ ဝယ်လာခဲ့ပြီး အိမ်ကို သယ်လာတုန်းက ဝိုင်းဝန်းသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

နွားတွေကို ဖယ်လုခန်းတို့ ပိုင်တယ်ဆိုတဲ့ အထောက်အထားစာရွက်တွေကို သတ်ဖြတ်တဲ့သူတွေက ဆုတ်ဖြဲပစ်ခဲ့ကြတယ်လို့ သူသတ်ဖြတ်ခံရတုန်းက သူနဲ့အတူ ရှိနေခဲ့တဲ့ သူ့သားတွေကပြောပါတယ်။

ဟိန္ဒူတွေဟာ နွားတွေကို ဘေးမဲ့ပေး အထွဋ် အမြတ်ထားသူတွေ ဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်အတော်များများမှာ နွားသတ်တာနဲ့ နွားအသား စားတာကို တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။ အဲဒီလို သတ်မှတ်ထားတဲ့ ပြည်နယ်တွေထဲမှာ ရာဂျက်စတန်လည်း ပါဝင်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters

ဟွာဝေးကို အမေရိကန် ထုတ်ကုန်တွေ ပြန်ရောင်းမယ်လို့ ထရမ့် ပြောပြန်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် နည်းပညာ ကုမ္ပဏီတွေ အနေနဲ့ သူတို့ ထုတ်ကုန်တွေကို တရုတ် တယ်လီကွန်း ကုမ္ပဏီ ဟွာဝေးကို ပြန်ရောင်းနိုင်ပြီလို့ ပြောလိုက်ပါတယ်။

ဒါဟာ သူ မေလတုန်းက ထုတ်ပြန်ထားတဲ့ တရုတ်နဲ့ အမေရိကန် စီးပွားရေးအကြား တားမြစ်ပိတ်ပင်ချက်ကို အကြီးအကျယ် ဖြေလျှော့ပေးလိုက်တာ ဖြစ်ပါတယ်။

ထရမ့်ဟာ ဂျပန်နိုင်ငံ အိုဆာကာမှာ ဂျီ - 20 အစည်း တက်ဖို့လာရင်း တရုတ် သမ္မတ ရှီကျင်ပင်းနဲ့ သူ သီးသန့် တွေ့ဆုံ အပြီးမှာ အဲဒီ မူဝါဒအသစ်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဟွာဝေးပစ္စည်းတွေဟာ လုံခြုံရေး ခြိမ်းခြောက်နေတယ်ဆိုပြီး နာမည်ပျက်စာရင်းထဲကို ထရမ့်က သွင်းထားတာပါ။ အခုလို ဖြေလျှော့လိုက်ပေမဲ့ ဟွာဝေးကို နာမည်ပျက်စာရင်းထဲမှာ ဆက်ထည့်ထားသေးတယ်လို့ ထရမ့်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကုန်သွယ်မှု အငြင်းပွားနေတာတွေကို အဖြေရှာမယ်လို့ဆို

ကုန်သွယ်ခွန်သစ်လည်း တရုတ်ကို ထပ်မကောက်တော့ဘူးလို့ဆိုတဲ့ ထရမ့်

အမေရိကန် သမ္မတ ထရမ့်က တရုတ်သွင်းကုန်တွေကို ကုန်သွယ်ခွန်အသစ်တွေ အခုလတ်တလော ထပ်မကောက်တော့ဘူးလို့လည်း ပြောလိုက်ပြန်ပါတယ်။

ကုန်သွယ်မှု အငြင်းပွားနေတာတွေကို နှစ်နိုင်ငံ ဆက်ပြီး ဖြေရှင်းဖို့ ကြိုးစား သွားကြမယ်လို့လည်း သူက ပြောပါသေးတယ်။

ဂျပန်မှာ ဂျီ - 20 အစည်းအဝေးတက်ဖို့ ရောက်လာတဲ့ သူက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာ သုံးရာဘီလျံကျော် တန်ဖိုး ရှိတဲ့ တရုတ် သွင်းကုန်တွေကို အခွန်ထပ်ကောက်ဦးမယ်လို့ သူက ခြိမ်းခြောက်ထားခဲ့တာ ဖြစ်ပါတယ်။

သူက ဆက်ပြီး တရုတ်က အမေရိကန် စိုက်ပျိုးရေး ထုတ်ကုန်တွေကို ပိုဝယ်လာနိုင်မယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ အဲဒါနဲ့ပတ်သက်လို့ တရုတ်ဘက်ကတော့ ဘာမှ ကတိပေးတာမျိုး မရှိသေးပါဘူး။