Victoria လေးတို့ မူကြိုကျောင်းရှေ့က စီစီတီဗီပုံရိပ်များ

Image caption Wisdom hill မူကြိုကျောင်းဝင်းအတွင် ကိုအောင်ကြီး ဝင်ရောက်နေပုံ

အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယား ကျောင်းတက်ခဲ့တဲ့ နေပြည်တော် Wisdom Hill မူကြိုကျောင်းဝင်း အနီးနားက လုံခြုံရေးကင်မရာ စီစီတီဗီ မှတ်တမ်း တခုကို ဘီဘီစီက လက်ခံရရှိထားပါတယ်။

ဘီဘီစီက သီးသန့်ရထားတဲ့ ၂၈ မိနစ်တာရှိ စီစီတီဗီ ဗီဒီယို မှတ်တမ်းထဲမှာ စိတ်ဝင်စားစရာ အချက်အလက်တွေ ပါဝင်နေပါတယ်။

အဲဒီမှတ်တမ်းမှာ ကိုအောင်ကျော်မျိုး ခေါ် ကိုအောင်ကြီးလို့ယူဆရတဲ့ လူတယောက်ရဲ့ လှုပ်ရှားသွားလာမှုပုံရိပ် တချို့ကို ထင်ထင်ရှားရှား ပြတ်ပြတ်သားသား တွေ့ရပါတယ်။ ကိုအောင်ကျော်မျိုးခေါ် ကိုအောင်ကြီးကို မုဒိမ်းမှု သံသယတရားခံအဖြစ် ရဲက စွဲချက်တင် အမှုဖွင့်ထားပါတယ်။

ဒီ စီစီတီဗီ မှတ်တမ်းအရ မေလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၁၂ မိနစ်မှာ အကျီအဖြူ၊ ပုဆိုးအပြာဝတ်ဆင်ထားတဲ့ လူ တစ်ယောက် Wisdom Hill မူကြိုကျောင်း အဆောက်အအုံ ထဲကို လမ်းလျှောက်ပြီး ဝင်သွားတာ တွေ့ရပါတယ်။

ကိုအောင်ကြီးရဲ့ ညီဖြစ်သူက ဒီပုံဟာ သူ့ အစ်ကို ဖြစ်တယ်လို့ အတည်ပြုပါတယ်။ ကိုအောင်ကြီးဟာ အဲဒီနေ့မှာ အင်္ကျီအဖြူ၊ ပုဆိုးအပြာဝတ်ပြီး ဦးထုပ်ဆောင်းထားတယ်လို့ နေပြည်တော် သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ဒုတိယ ရဲချုပ်အောင်နိုင်သူကလည်း ပြောခဲ့ပါတယ်။

ကိုအောင်ကြီးရဲ့ မိသားစုဝင်တွေကတော့ သူဟာ သူ့ အလုပ်ရှင် ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် က ခေါ်ယူလို့ ကျောင်းကို အဲဒီ အချိန်မှာ ရောက်နေခဲ့တာလို့ ပြောပါတယ်။

၃ နာရီ ၁၅ မိနစ် ၃၀ စက္ကန့် မှာတော့ ကျောင်းထဲကနေ အမျိုးသမီးနှစ်ယောက် ထီးဆောင်းပြီး ထွက်လာတာ တွေ့ရပါတယ်။

သူတို့ ထွက်လာအပြီးမှာ ကျောင်းတံခါးက ပြန်ပိတ်သွားပါတယ်။

Image caption အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယား ကျောင်းတက်ခဲ့တဲ့ နေပြည်တော် Wisdom Hill

၃ နာရီ မိနစ် ၂၀ မှာ ကျောင်းသားမိဘ တစ်ယောက်ရဲ့ ကားဆိုက်လာပြီး အမျိုးသမီးတဦး ကျောင်းထဲကို ဝင်သွားပါတယ်။ နောက်ထပ် ၁ မိနစ် လောက် အတွင်းမှာ အဲဒီ အမျိုးသမီးက ကလေးနဲ့ အတူ ပြန်ထွက်လာပါတယ်။ သူတို့ထွက်လာချိန် တံခါးကိုပွင့်အသွားမှာ အင်္ကျီ အဖြူဝတ်ထား သူတစ်ယောက် ဝင်ပေါက်နားမှာ ထိုင်နေတာကိုတွေ့ရပါတယ်။

၃ နာရီ ၃၂ မိနစ် ၄၃ စက္ကန့် မှာတော့ နောက်ထပ်ကျောင်းသားမိဘတစ်ယောက်က ကားတစီးနဲ့ ကလေးလာကြိုတာ တွေ့ရပါတယ်။ အဲဒီအချိန်ကစပြီး နောက်ပိုင်းမှာတော့ ကျောင်းတံခါးကို တောက်လျှောက်ဖွင့်ထားပြီး အဲဒီဖွင့်ထားတဲ့တံခါးပေါက်ကနေတဆင့် အထဲမှာ အင်္ကျီအဖြူနဲ့ လူတယောက်ထိုင်နေတာကို တွေ့ရပါတယ်။

၃ နာရီ ၃၅ မိနစ်မှာ အနက်ရောင်ကားတစ်စီး ကျောင်းရှေ့ ထိုးရပ်လာပါတယ်။ အဲဒီကားထဲကနေ ရဲတပ်ဖွဲ့ ယူနီ ဖောင်းဝတ်ထားတဲ့အမျိုးသားတစ်ဦး ထွက်လာပါတယ်။ သူက ဖုန်းလည်းပြောနေပါတယ်။ အဲဒီယူနီဖောင်းနဲ့ ပုဂ္ဂိုလ်ဟာ ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်း ဖြစ်သူလို့လည်း သိရပါတယ်။ အဲဒီကားဟာလည်း ဒေါ်ဥမ္မာလှိုင့်ခင်ပွန်းရဲ့ကားလို့ သိရပါတယ်။

အဲဒီအချိန်မှာပဲ အင်္ကျီ အဖြူဝတ်ဆင်ထားတဲ့ ကိုအောင်ကြီးလို့ ညီဖြစ်သူက အတည်ပြုထားသူဟာလည်း အဆောက်အအုံထဲက ထွက်လာပါတယ်။

Image caption အသက် ၃ နှစ်အရွယ် ဗစ်တိုးရီးယားက ဆရာမနှင်းနုသိတယ်လို့ ရည်ညွှန်းခဲ့သူ

၃ နာရီ ၃၈ မိနစ်မှာ ကိုအောင်ကြီးဟာ ကျောင်းထဲကနေ အပြင်ကိုထွက်လာပြီး စောစောက ရောက်လာတဲ့ ကားအနက်ရဲ့ လက်ဝဲဘက် ရှေ့တံခါးကို ခေတ္တ ဖွင့်ပြီး တစ်စုံတစ်ရာ ပြုလုပ်ပါတယ်။ ပြီးတော့ ပြန်လှည့်လာပြီး မျက်နှာကို သူ့ရဲ့ ဘယ်လက်၊ ညာလက်တို့နဲ့ ထိတွေ့တာ တွေ့ရပါတယ်။

အဲဒီနောက် ၃ နာရီ၊ ၃၈ မိနစ် နဲ့ ၄၉ စက္ကန့် မှာတော့ ကျောင်းရှေ့ကနေ အဲဒီ အနက်ရောင်ကား ထွက်လာပြီး စီစီတီဗီ ကင်မရာ မြင်ကွင်းရှေ့ ကျောင်းအဆောက်အအုံနဲ့ မျက်စောင်းထိုးနေရာကို မောင်းလာပါတယ်။ အဲဒီကားဘေးကနေပဲ ကိုအောင်ကြီးကလည်း လမ်းလျှောက်လိုက်လာခဲ့ပါတယ်။

အဲဒီမှာ ကျောင်းသားငယ် ၄ ယောက်နဲ့ ဆရာမတစ်ယောက်ဟာ အဲဒီ အနက်ရောင် ကားပေါ်တက်သွားပြီး ကိုအောင်ကြီးကလည်း အဲဒီ အနက်ရောင် ကားပေါ်လိုက်ပါသွားတာတွေ့ရပါတယ်။ အဲဒီအချိန်မှာ ၃ နာရီ ၄၀ မိနစ်ရှိပါပြီ။

ကျောင်းက ဆရာမတွေကို ဘီဘီစီက အင်တာဗျူး တဲ့ အခါမှာ ကိုအောင်ကြီးဟာ တံခါးအနီးက ခုံမှာ တချိန်လုံး ထိုင်နေခဲ့တယ်လို့ ဆိုပါတယ်။

အခု မှတ်တမ်းဗီဒီယိုမှာ မြင်နိုင်သမျှကတော့ ကိုအောင်ကြီးလို့ ယူဆရတဲ့ အင်္ကျီဖြူဝတ်ဆင်ထားသူဟာ ကျောင်းထဲ ရောက်နေတဲ့ ၂၈ မိနစ် တာအတွင်း တံခါးအနီးက ခုံမှာ အချိန်အတော်များများ ထိုင်နေခဲ့တာကို မြင်တွေ့ရပါတယ်။

ရဲတပ်ဖွဲ့ကတော့ ကိုအောင်ကြီးဟာ အဲဒီနေ့က ကျောင်းထဲကို ရောက်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသားတဦး ဖြစ်ခဲ့ပြီးတော့ ဒီအမှုအတွက် သံသယ ရှိသူ အဖြစ် စွဲချက် တင်ထားပါပြီ။

သူရောက်ရှိနေတဲ့ အချိန်အတွင်းမှာ ဒီလို အမှုမျိုး ကျူးလွန်နိုင်ဖို့ အတွက် အချိန်နဲ့ အခွင့်အလမ်း ရခဲ့သလား၊ ရဲဘက်မှာ ခိုင်မာတဲ့ သက်သေ အထောက်အထားတွေရော ရှိထားပြီလား။

လာမယ့် ၁၅ ရက်နေ့ မှာ တရားခွင်စတင်မှာ ဖြစ်ပါတယ်။

Image caption သံသယရှိသူ အဖြစ် အစွပ်စွဲခံရသူ ကိုအောင်ကြီးရဲ့ မိခင်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘီဘီစီ သီးသန့်ရတဲ့ ဗစ်တိုးရီးယား အမှု စီစီတီဗီ မှတ်တမ်း