တနေ့တခြား တင်းမာလာတဲ့ အီရန်နဲ့ အမေရိကန်တို့ စစ်ပွဲဆင်နွှဲကြတော့မှာလား

ဧပြီလတုန်းက သတင်းစာရှင်းလင်းပွဲ တခုမှာ သမ္မတထရမ့်နဲ့ အတူတွေ့ရတဲ့ ဂျိုးဆက်ဒွန်းဖို့ ဓာတ်ပုံ မူပိုင် Getty Images
Image caption ဧပြီလတုန်းက သတင်းစာရှင်းလင်းပွဲ တခုမှာ သမ္မတထရမ့်နဲ့ အတူတွေ့ရတဲ့ ဂျိုးဆက်ဒွန်းဖို့

အီရန်၊ ယီမင် အနီးနား ပတ်ဝန်းကျင်က ပင်လယ်ရေပြင် လုံခြုံရေးအတွက် အမေရိကန်အစိုးရက နိုင်ငံတကာ စစ်ရေး မဟာမိတ်အဖွဲ့ထူထာင်ချင်တယ်လို့ ပြောလိုက်ပါတယ်။

ပင်လယ်ပြင်မှာ လွတ်လပ်စွာ သွားလာခွင့် အတွက် အာမခံချက်ရှိစေချင်လို့ အဲသလို နိုင်ငံတကာ စစ်ရေး မဟာမိတ်အဖွဲ့ထူထောင်ချင်တာလို့ အမေရိကန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျိုးဆက် ဒွန်းဖို့က ဆိုပါတယ်။

မေလနဲ့ ဇွန်လမှာ ရေနံ သင်္ဘော ၆ စင်း အတိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး အမေရိကန်က အီရန်ကို အပြစ်တင်ခဲ့ပါတယ်။

ဇွန်လ ၂၀ ရက်နေ့မှာ အီရန်က အမေရိကန်ရဲ့ လူမဲ့ ဒရုန်းလေယာဉ်ငယ်ကို ပစ်ချခဲ့တယ်။ အဲဒီညနေမှာပဲ အီရန်ကို အမေရိကန် သမ္မတထရမ့်က စစ်တိုက်ဖို့ အမိန့်ပေးခဲ့ပြီး ၁၀ မိနစ် အတွင်း ပြန်ရုပ်သိမ်းခဲ့တယ်လို့ အမေရိကန် ထိပ်တန်း သတင်းစာတွေက အမည်မဖော်တဲ့ အမေရိကန် စစ်ဘက်ထိပ်တန်း အရာရှိတစ်ယောက်ကို ကိုးကားရေးသားခဲ့ကြပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် လူ ၁၅၀ လောက်သေဆုံးနိုင်တယ်လို့ သိရှိတဲ့ အတွက် ထရမ့်က ရုပ်သိမ်းခဲ့တာလို့လည်း ဆိုပါတယ်။ အဲဒီနောက်မှာ အခြေအနေဟာ တိုးပြီး တင်းမာလာပါတယ်။

ဒီတော့ အမေရိကန်ဟာ ဘာလို့ နိုင်ငံတကာ စစ်ရေး မဟာမိတ်ဖွဲ့လာသလဲ။ အီရန်နဲ့ အမေရိကန် စစ်ဖြစ်ပွားလာနိုင်သလားဆိုတာကို လူအများ စိုးရိမ်ပူပန်လာပါတယ်။

Image caption ဟောမုဇ် ရေလက်ကြား မြေပုံ

အီရန်ရဲ့ စစ်အင်အား

အီရန်ရဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ် အင်အား၊ မစ်ဇိုင်းဒုံးစနစ် တွေကို ကြည့်ရင် သမားရိုးကျ စစ်ပွဲတပွဲ အတွင်းမှာ အမေရိကန်နဲ့ မဟာမိတ်တွေကို အန်တုနိုင်လောက်တဲ့ အခြေအနေရှိတယ်လို့ စစ်ရေး သုံးသပ်သူတွေက ဆိုကြပါတယ်။ သမားရိုးကျစစ်ပွဲဆိုတာ နျူးကလီးယား စစ်ပွဲလိုမျိုးမဟုတ်တဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်တိုက်ပွဲတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဘာ့ကြောင့် အန်တုနိုင်လောက်တယ်လို့ သုံးသပ်သလဲဆိုတော့ ရုရှားရဲ့ နောက်ဆုံးပေါ် S400 လေကြောင်း ကာကွယ်ရေးစနစ်ကို ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။

ဒါ့အပြင် အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ စစ်ရေး အင်အားကြီးနိုင်ငံ တနိုင်ငံပါ။ အီရန်ရဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ အင်အားတွေ စုစုပေါင်းဟာ ၅ သိန်းကျော် (၅၃၄၀၀၀) ရှိပါတယ်။ အီရန်မှာ တိုက်ချင်းပစ် မစ်ဇိုင်းဒုံးပိုင်ဆိုင်ထားသလို သူ့ကိုယ်ပိုင် ကာကွယ်ရေး စစ်လက်နက် စက်ရုံတွေလည်း ရှိပါတယ်။ ပါရှန်းပင်လယ်ကွေ့မှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကိုလည်း လေကြောင်းကနေ တိုက်ခိုက်နိုင်တဲ့ အရည်အသွေး ပိုင်ဆိုင်ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
Why does the Strait of Hormuz matter?

အမေရိကန်ရဲ့ မဟာမိတ်များ အခြေအနေ

ဒေသတွင်းမှာရှိတဲ့ အမေရိကန်ရဲ့ အင်အားကြီး မဟာမိတ်တွေဟာ ရန်သူတော် အီရန်နဲ့ မကင်းရာမကင်းကြောင်းတွေ ဖြစ်နေပါတယ်။

အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ တူရကီနဲ့ ပါကစ္စတန်တို့ဟာ အီရန်နဲ့ နယ်နမိတ်ချင်း ထိစပ်နေပါတယ်။ သူတို့နှစ်နိုင်ငံဟာ အီရန်နဲ့ အိမ်နီးချင်း ဖြစ်တဲ့ အတွက် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ သဘောတူစာချုပ် ချုပ်ဆိုထားတာတွေရှိနေပါတယ်။

တူရကီဟာ နေတိုးအဖွဲ့ဝင် ဟဲဗီးဝိတ်နိုင်ငံဖြစ်သလို ပါကစ္စတန်ဟာလည်း အမေရိကန် စစ်အခြေစိုက်စခန်း ရှိတဲ့ သစ္စာရှိ မဟာမိတ် နိုင်ငံဖြစ်ပါတယ်။

တူရကီရဲ့ နယ်စပ် စစ်ရေး ရပ်တည်ချက်ကို ကြည့်ရင် အီရန်နဲ့သာမက ရုရှားနဲ့ပါ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် တူရကီဟာ အီရန်လိုပဲ ရုရှားရဲ့ နောက်ဆုံးပေါ် S400 လေကြောင်း ကာကွယ်ရေးစနစ်ကို ရယူထားပါတယ်။ တခြား တဖက်မှာ မဟာမိတ် နေတိုးအဖွဲ့က ပြုလုပ်ထားတဲ့ အမေရိကန်၊ နေတိုး၊ အစ္စရေး လေကြောင်းကာကွယ်ရေး စနစ်ထဲမှာတော့ မပါဘဲ ဘေးထွက်နုတ်ချန်ထားပါတယ်။ နေတိုး အဖွဲ့အတွင်းမှာ ကိုယ်ပိုင်ပြဿနာတွေလည်း ရှိနေပါတယ်။ ဆီးရီးယားမှာဆိုရင် အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ တူရကီရဲ့ မဟာမိတ်တွေဟာ ရန်သူတော်တွေ အဖြစ် တိုက်ပွဲ ဆင်နေကြပါတယ်။

ပါကစ္စတန်ဟာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ တခြား မဟာမိတ်နိုင်ငံတခုဖြစ်တဲ့ အိန္ဒိယနဲ့ကတော့ အဓိက ရန်သူတော်ဖြစ်ပါတယ်။ အိန္ဒိယ၊ ပါကစ္စတန် ပဋိပက္ခမှာ ပါကစ္စတန်ရဲ့ မဟာမိတ်ဟာ တရုတ်နိုင်ငံဖြစ်နေပြန်ပါတယ်။

လက်ရှိအခြေအနေမှာ အီရန်ရဲ့ အိမ်နီးချင်းတွေဖြစ်ကြတဲ့ တူရကီ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ အီရတ်၊ တာ့က်မင်နစ္စတန်၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား တို့မှာ ဘယ်နိုင်ငံကမှ အမေရိကန် ကြည်းတပ်တွေ အခြေချဖို့ရာ ခွင့်ပြုလိုတဲ့ အနေအထားမရှိကြပါဘူး။

အီရတ်ဟာ အီရန်နဲ့ ရင်ဆိုင်ချင်စိတ်မရှိတဲ့ အရိပ်အယောင်မျိုး မြင်နေရပါတယ်။

စစ်အေးကာလအပြီးမှာ ရုရှားနဲ့ကွဲထွက်လာပြီး အမေရိကန် မဟာမိတ်ဖြစ်ခဲ့တဲ့ အဇာဘိုင်ဂျန်ဟာလည်း အခုတော့ ဘက်ပြောင်းနေပါတယ်။ အမေရိကန် အဇာဘိုင်းဂျန် စစ်ရေးပူးပေါင်းမှု သဘောတူစာချုပ်နဲ့ ဂွမ်လို့ခေါ်တဲ့ ဂျော်ဂျီယာ၊ ယူကရိန်း၊ အဇာဘိုင်ဂျန်၊ မော်လ်ဒိုဗာ စာချုပ်တွေဟာ အသက်မဝင်တော့သလောက် ဖြစ်နေပါတယ်။ တခြားတဖက်မှာတော့ ၂၀၁၈ ခုဒီဇင်ဘာလမှာ အီရန်၊ အဇာဘိုင်ဂျန် သဘောတူစာချုပ် ချုပ်ဆိုထားပြီးနေပါပြီ။ အီရန်နဲ့ တာ့က်မင်နစ္စတန် ဟာလည်း စစ်ရေး အရ အကြီးအကျယ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ အာဖဂန်နစ္စတန် အတွက်ကလည်း သူ့မှာရှိပြီးသားပြဿနာနဲ့တွင် လုံလောက်ရုံမက ဒုက္ခပင်လယ်ဝေနေပြီးပါပြီ။ ဒါ့အပြင် အီရန်၊ အာဖဂန် နယ်စပ်နေရာ တော်တော်များများဟာ တာလီဘန် စိုးမိုးထားတဲ့ နေရာတွေဆိုတော့ အမေရိကန် အတွက် မျှော်လင့်ချက် မရှိပါဘူး။

ဒီတော့ အီရတ်မှာလိုမျိုး အီရန်ကို ဗျူဟာမြောက် ဝိုင်းပတ်ထားဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
Iran's representative to the UN: Europeans 'are not honouring their commitments' on nuclear deal

အမေရိကန်ဗဟိုစစ်ဌာနချုပ် USCENTCOM

အမေရိကန်ဗဟိုစစ်ဌာနချုပ် USCENTCOM ဟာအမေရိကန် အတွက် အရေးပါဆုံး စစ်ဌာနချုပ် တခုဖြစ်ပါတယ်။ အာဖဂန်စစ်ပွဲ၊ အီရတ်စစ်ပွဲ၊ ဆီးရီးယား စစ်ပွဲတွေမှာ USCENTCOM ရဲ့အခန်းကဏ္ဍဟာ အရေးပါခဲ့ပါတယ်။ USCENTCOM ဟာ ဖလော်ရီဒါနဲ့ ကာတာ ချိတ်ဆက် အလုပ်လုပ်တဲ့ စစ်စခန်းဖြစ်ပါတယ်။ အီရန်ကို စစ်ဆင်နွှဲမယ်ဆိုရင် ကာတာ စစ်စခန်းဟာ အလွန်အရေးပါလာပါမယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ်မေလမှာ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ GCC ပြိုကွဲပြီးနောက်မှာ ကာတာရဲ့ အခြေအနေဟာ အပြောင်းအလဲ ဖြစ်လာပါတယ်။ အမေရိကန်၊ ဆော်ဒီအာရေးဗျ၊ အာရပ်စော်ဘွားများနိုင်ငံ ယူအေအီးတို့နဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ ကာတာဟာ အီရန်၊ တူရကီ နှစ်နိုင်ငံစလုံးရဲ့ အခိုင်အမာ မဟာမိတ်ဖြစ်သွားပါတယ်။ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ GCC ပြိုကွဲမှုဟာ အရှေ့အလယ်ပိုင်းရဲ့ စစ်ရေးချိန်ခွင်လျှာကို ပြောင်းလဲသွားစေပါတယ်။ ၂၀၁၇ ခုမေလမှာ ဆော်ဒီအာရေးဗျဟာ ကာတာရဲ့ ကုန်းတွင်းနယ်နမိတ်ကို ပိတ်ပစ်ခဲ့ပါတယ်။ ကာတာရဲ့ ရေလမ်းခရီး စီးပွားရေးလမ်းကြောင်းတွေကိုလည်း ဆော်ဒီအာရေးဗျကရော အာရပ်စော်ဘွားများနိုင်ငံ ယူအေအီးတို့ကပါပိတ်ပစ်ခဲ့ပါတယ်။

ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ GCC ပြိုကွဲမှုဟာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဒေသ စစ်အင်အားကို အင်အားချိနဲ့စေပါတယ်။

ကမ္ဘာ့စနစ် အပြောင်းအလဲ

စစ်အေးပြီးကာလမှာ အမေရိကန်ပြည်ထောင်စုဟာ တခုတည်းသော ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ပြီး နိုင်ငံတော်တော်များများဟာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ခဲ့ပါတယ်။ အခုအခါမှာ နိုင်ငံတော်တော်များများဟာ အမေရိကန် တနိုင်ငံတည်း အပေါ်မှာ မမှီခိုတော့ဘဲ မဟာမိတ်အင်အား တိုးချဲ့လာပါတယ်။ အင်အားချိန်ခွင်လျှာဟာ ပြန့်ထွက်လာပါတယ်။

ဒီလို အခြေအနေမျိုးမှာ ဘေးပတ်ဝန်းကျင်နိုင်ငံတွေမှာ ခြေကုတ်ယူ၊ စစ်စခန်းချပြီး သမားရိုးကျ စစ်ဆင်ရေးနည်းနဲ့ ဝိုင်းပတ်ချေမှုန်းတဲ့ အီရတ်စစ်ပွဲပုံစံမျိုး အီရန်ကို ဆင်နွှဲဖို့ဟာ တော်တော်မလွယ်ကူတဲ့ အရာဖြစ်သွားပါပြီ။

ဒါပေမယ့် ဒီအချက်တွေကြောင့် အီရန်၊ အမေရိကန် စစ်ပွဲ ဆင်နွှဲဖို့ လုံးဝ မဖြစ်နိုင်ဘူးလို့တော့ မုချဆိုလို့ မရပါဘူး။ အီရတ်စတိုင် ဝိုင်းပတ်ချေမှုန်းနည်းသာ မဖြစ်နိုင်တော့ဘူးလို့ ဆိုနိုင်ပါတယ်။ အခြားအသွင်သဏ္ဍန်နဲ့ စစ်ပွဲမျိုးတွေ ဒီနေ့ခေတ်မှာ ဖြစ်မလာဘူးလို့ မဆိုနိုင်ပါဘူး။ ဥပမာ မစ်ဇိုင်းဒုံးအသုံးပြုပြီး အကန့်အသတ်နဲ့ ဆင်နွှဲတဲ့ စစ်ပွဲမျိုး၊ ဆိုက်ဘာစစ်ပွဲလိုမျိုး၊ ဓာတုဗေဒလက်နက် ဇီဝလက်နက် အသုံးပြုဆင်နွှဲတဲ့ စစ်ပွဲမျိုးတွေ ဒီနေ့လို ခေတ်မျိုးမှာ ဖြစ်မလာဘူးလို့တော့ ပြောဖို့ခက်ပါတယ်။

အီရန်၊ အမေရိကန် ရက်စွဲများ

မေ ၂၀၁၈။ အီရန်နဲ့ အင်အားကြီး ၆ အုပ်စုတို့ရဲ့ ၂၀၁၅ ခုနျူးကလီးယား သဘောတူစာချုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တဖက်သတ် ရုပ်သိမ်းပြီး အီရန်ကို ပိတ်ဆို့မှု အသစ်တွေနဲ့ ဖိအားပေးခဲ့တယ်။ အီရန်နဲ့ အသစ်ပြန်လည် ဆွေးနွေးဖို့ ဖိအားပေးခဲ့တယ်။

၂ မေ ၂၀၁၉။ အီရန်ဆီက ရေနံဝယ်ယူတဲ့နိုင်ငံတွေကို ထပ်မံပိတ်ဆို့အရေးယူမှု မလုပ်ဘဲ ခြွင်းချက်ပေးထားတာကို သမ္မတ ထရမ့်က ရုပ်သိမ်းလိုက်တယ်။ အီရန်ဆီက ရေနံဝယ်ယူတဲ့ နိုင်ငံတွေကိုပါ တိုးမြှင့် ဖိအားပေးလိုက်တာဖြစ်တယ်။

၅ မေ ၂၀၁၉။ အီရန်နဲ့ပတ်သက်ပြီး အန္တရာယ်ရှိမယ့် အရိပ်အယောင်တွေ မြင်တွေ့လို့ ဆိုပြီး အမေရိကန်က လေယာဉ်တင်သင်္ဘောအုပ်စုနဲ့ ဘီ ၅၂ ဗုံးကြဲလေယာဉ်တွေ ပင်လယ်ကွေ့ဘက် ပို့ခဲ့တယ်။

၁၂ မေ ၂၀၁၉။ အိုမန်ပင်လယ်ကွေ့ အာရပ်စော်ဘွားများနိုင်ငံ UAE ကမ်းလွန်ဒေသမှာ ရေနံတင်သင်္ဘောလေးစီး ပေါက်ကွဲခဲ့တယ်။ သင်္ဘောကိုယ်ထည်မှာ ကပ်ပြီး ဖောက်ခွဲတဲ့ မိုင်းအမျိုးစားဖြစ်ပြီး အစိုးရတရပ်က ဆောင်ရွက်တာဖြစ်တယ်လို့ အာရပ်စော်ဘွားများနိုင်ငံ UAE ကစွပ်စွဲခဲ့တယ်။ အမေရိကန်ပြည်ထောင်စုက အီရန်လက်ချက်လို့ တည့်စွပ်စွဲတယ်။ အီရန်ကငြင်းတယ်။

၁၃ ဇွန် ၂၀၁၉။ အိုမန်ပင်လယ်ကွေ့မှာ နောက်ထပ် ရေနံတင် သင်္ဘော ၂ စီးပေါက်ကွဲတယ်။ အမေရိကန်က အီရန်ကို ထပ်မံစွပ်စွဲတယ်။ အီရန်တပ်ဖွဲ့က မပေါက်ကွဲတဲ့ မိုင်းကို ခွာယူနေတဲ့ပုံ ဗီဒီယိုကို အမေရိကန်က ထုတ်ပြန်ပြီး စွပ်စွဲတယ်။ အီရန်က အမေရိကန်ဟာ လိမ်ညာစွပ်စွဲမှုတွေ လုပ်နေတယ်လို့ဆိုတယ်။

၁၇ ဇွန် ၂၀၁၉။ အီရန်ရဲ့ ရေနံရောင်းချမှုတွေကို ၂၀၁၅ ခုသဘောတူစာချုပ် လက်မှတ်ထိုးထားတဲ့ တခြားနိုင်ငံတွေ ဖြစ်ကြတဲ့ ဥရောပနိုင်ငံတွေက အကာအကွယ် မပေးဘူးဆိုရင် အဲဒီစာချုပ်မှာ သဘောတူထားတဲ့ သန့်စင်ပြီး ယူရေနီယံပမာဏခွင့်ပြုချက်ထက် ကျော်လွန်ထုတ်လုပ်တော့မယ်လို့ အီရန်က ကြေညာတယ်။

၂၀ ဇွန် ၂၀၁၉။ ဟောမုဇ် ရေလက်ကြားမှာပျံဝဲနေတဲ့ အမေရိကန် စစ်ဖက်ဆိုင်ရာ လူမဲ့ ဒရုန်းလေယာဉ်ကို အီရန်က ပစ်ချခဲ့တယ်။

၄ ဇူလိုင် ၂၀၁၉။ အီးယူ ပိတ်ဆို့ အရေးယူမှုကို ချိုးဖောက်ပြီး အီရန်က ဆီးရီးယားနဲ့ ကုန်သွယ်ကြောင်းသံသယရှိလို့ ဆိုပြီး အီရန်ရေနံတင်သင်္ဘော ဂရေ့စ် ၁ ကို ဗြိတိသျှ တော်ဝင်ရေတပ် အကူအညီနဲ့ ဂျီဘရော်လ်တာက ဖမ်းဆီးလိုက်တယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျီဘရော်လ်တာက ဖမ်းဆီးထားတဲ့ အီရန် ရေနံတင် သင်္ဘော