ခွေးသားကြိုက်သူနဲ့ ဆန့်ကျင်သူတွေ အပြိုင်ဆန္ဒပြ၊ နိုင်ငံတော်ခေါင်းဆောင် ဖြစ်လာတဲ့ ကင်ဂျုံအွန်း

တောင်ကိုရီးယားမှာ ခွေးသားကြိုက်သူနဲ့ ဆန့်ကျင်သူတွေ အပြိုင်ဆန္ဒပြ

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption အမေရိကန်ရုပ်ရှင်မင်းသမီး ကင်မ်ဘာဆင်းဂါးပါဝင်တဲ့ တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေ

တောင်ကိုရီးယား ပါလီမန်ရှေ့မှာ ခွေးသားစားတာကို ထောက်ခံသူနဲ့ ကန့်ကွက်သူအုပ်စုတွေ အပြိုင်အဆိုင် အပြန်အလှန် ဆန္ဒပြခဲ့ကြပါတယ်။

ခွေးသားအတွက် ရောင်းချဖို့ ခွေးမွေးသူတွေ အုပ်စုဘက်က ခွေးသားတွေကို စားပြတာ၊ ခွေးသားစားခြင်းရဲ့ အကျိုးတွေကို ရေးထားတဲ့ လက်ကမ်းစာစောင်တွေ ကမ်းတာ ဆူဆူညံညံ ကျယ်ကျယ်လောင်လောင် လုပ်ခဲ့ကြပါတယ်။ သူတို့နဲ့ မလှမ်းမကမ်းမှာတော့ အမေရိကန်ရုပ်ရှင်မင်းသမီး ကင်မ်ဘာဆင်းဂါးပါဝင်တဲ့ တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေက ကြုံလှီနေတဲ့ ခွေးရုပ်ပုံ ပိုစတာတွေကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption တောင်ကိုရီးယား ပါလီမန်ရှေ့မှာ ဆန္ဒပြ

တောင်ကိုရီးယားမှာ ခွေးသားစားတာဟာ တရားမဝင်ပေမယ့် တိတိကျကျပိတ်ပင်ထားတာမျိုးလည်း မရှိပါဘူး။ ဒီဘက်နှစ်ပိုင်းတွေမှာ ခွေးတွေကို အိမ်မွေးအဖော်အဖြစ် မွေးလာကြတဲ့ အလေ့အထခေတ်စားလာလို့ ခွေးသားစားတာလည်း လျော့နည်းလာပါတယ်။ တိရိစ္ဆာန်ချစ်သူတွေကတော့ ခွေးသားရောင်းချတာကို လုံးဝ ပိတ်ပင်ပစ်ဖို့ တောင်းဆိုနေကြပါတယ်။

နိုင်ငံတော်ခေါင်းဆောင် ဖြစ်လာတဲ့ ကင်ဂျုံအွန်း

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption အခြေခံဥပဒေပြင်ဆင်ချက်မှာ စစ်ဘက်ရဲ့ ကဏ္ဍကိုလည်း လျှော့ထား

မြောက်ကိုရီးယားမှာတော့ နိင်ငံရဲ့ အခြေခံ ဥပဒေကို ပြင်ဆင်ပြီး ခေါင်းဆောင် ကင်ဂျုံအွန်းကို နိုင်ငံတော်အကြီးအကဲအဖြစ် သတ်မှတ်ကြေညာလိုက်ပါတယ်။ ကင်ဂျုံအွန်းတာဝန်ယူထားတဲ့ နိုင်ငံတော်ရေးရာကော်မရှင်ရဲ့ ဥက္ကဌနေရာဟာ မြောက်ကိုရီးယားကိုကိုယ်စားပြုတဲ့ ထိပ်ဆုံးခေါင်းဆောင် နေရာဖြစ်ပါတယ်လို့ အဲဒီ အခြေခံဥပဒေပြင်ဆင်ချက်မှာ ဖော်ပြပါတယ်။

ကင်ဂျုံအွန်းဟာ သူ့နေရာ သူ့သြဇာကို တဖြည်းဖြည်းချင်း ခိုင်မာအောင် ထူထောင်နေတာ တွေ့ရပါတယ်။ တစ်ချိန်ကတော့ လူရှေ့မထွက်ဘဲနေခဲ့တဲ့ မစ္စတာကင်ဟာ နောက်ပိုင်းမှာ နိုင်ငံခြားခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးပွဲတွေတက်ပြီး သူ့ကိုယ်ပိုင် ပုံရိပ်ကိုရော၊ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ ခံထားရတဲ့ မြောက်ကိုရီးယားကိုပါ အမြင်ကောင်းလာအောင် လုပ်လာခဲ့ပါတယ်။

အခု နောက်ဆုံး အခြေခံဥပဒေပြင်ဆင်ချက်မှာ အစဉ်အလာအရ သြဇာကြီးခဲ့တဲ့ စစ်ဘက်ရဲ့ ကဏ္ဍကိုလည်း လျှော့ထားတာတွေ့ရပါတယ်။

ရေပြတ်တဲ့ မြို့ကို ရထားနဲ့ ရေသယ်ပို့နေရ

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ချင်နိုင်းမြို့ဆီကို သောက်သုံးရေ လီတာသန်းပေါင်းများစွာကို တင်ဆောင်လာတဲ့ ရထား

အိန္ဒိယမှာတော့ မိုးခေါင်ရေရှားပြီး ဆိုးရွားတဲ့ ပူပြင်းခြောက်သွေ့မှုနဲ့ ရင်ဆိုင် နေရတဲ ချင်နိုင်းမြို့ဆီကို သောက်သုံးရေ လီတာသန်းပေါင်းများစွာကို တင်ဆောင်လာတဲ့ ရထားတစင်း ဆိုက်ရောက်လာပါတယ်။

ဒီရေတွေကို ချင်နိုင်းက ကီလိုမီတာ နှစ်ရာလောက်ဝေးတဲ့ မြို့တစ်မြို့က သယ်လာတာဖြစ်ပြီး ရေလိုနေတဲ့ လူငါးသန်းလောက်အတွက် အရေးပေါ် အကူအညီရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ မြို့ထဲကအဓိက ရေကာတာ လေးခုလုံး ခမ်းကုန်တာကြောင့် အခုသယ်ဆောင်သွားတဲ့ ရေလီတာ နှစ်သန်းခွဲ နီးပါးဟာလည်း ရက်ပိုင်းအတွင်း ကုန်သွားနိုင်ပါတယ်။

အခုလို သောက်သုံးရေ ပြတ်လပ်ကာ ပူပြင်းခြောက်သွေ့မှုတွေကြောင့် ချင်နိုင်းမှာ ကျောင်းတချို့ ပိတ်ထားရပြီး ကုမ္ပဏီ ရုံး၀န်ထမ်းတွေကို အိမ်မှာပဲ အလုပ်ခိုင်းနေရသလို ဟိုတယ်တွေမှာလည်း ရေကို ခွဲတမ်းနဲ့ သုံးနေရပါတယ်။