လပေါ် လူသားခြေချနိုင်ခဲ့လို့ လူတွေရဲ့ နေ့စဉ်ဘဝ ပြောင်းသွားစေတဲ့ အချက် ၈ ချက်

အာကာသယာဉ်မှူး ဘတ်စ် အယ်ဒရင်း လပေါ် ၁၉၆၉ ခုနှစ်မှာ ဆင်းခဲ့စဉ် ဓာတ်ပုံ မူပိုင် Getty Images
Image caption အာကာသယာဉ်မှူး ဘတ်စ် အယ်ဒရင်း လပေါ် ၁၉၆၉ ခုနှစ်မှာ ဆင်းခဲ့စဉ်

"အဲဒါက လူတစ်ယောက်အတွက်တော့ ခြေလှမ်းလေး တစ်လှမ်းပါပဲ။ လူသားမျိုးနွယ် တစ်ခုလုံးအတွက်တော့ ဧရာမ ခုန်ပျံကျော်လွှား တိုးတက်မှုကြီးပေါ့"

အဲဒါက လပေါ်ကို ပထမဆုံး ခြေချခဲ့တဲ့ အမေရိကန် အာကာသယာဉ်မှူး နီးလ် အမ်းစထရောင်းရဲ့ ကျော်ကြားတဲ့ ပြောစကားပါ။

လွန်ခဲ့အနှစ် ၅၀၊ ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်တုန်းက လပေါ်ကို ပထမဆုံး ခြေချနိုင်ခဲ့တုန်းက အောင်မြင်မှုကို ရည်ညွှန်းပြောခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒါဟာ လူသားတွေရဲ့ နေ့စဉ်ဘဝကိုပါ တိုက်ရိုက် ရိုက်ခတ်စေခဲ့တဲ့ မှတ်တိုင် တစ်ခုလည်း ဖြစ်ပါတယ်။

အခုချိန် ကုန်ကျစရိတ်နဲ့ တွက်မယ်ဆိုရင် အမေရိကန် ဒေါ်လာ ဘီလျံ သန်း ၂၀၀ ကုန်ကျတဲ့ အပိုလို လသွား စီမံကိန်းဟာ ဘယ်သူမှ မမျှော်မှန်းထားတဲ့ အရာတွေကိုလည်း တိုးတက်ပြောင်းလဲမှုတွေ ဖြစ်စေခဲ့ပါတယ်။

အဲဒါ ဘာတွေလဲဆိုတာ ကြည့်ကြပါမယ်။

၁) အမှိုက်သိမ်းဖို့ ပိုလွယ်ကူလာတာ

ဓာတ်ပုံ မူပိုင် B&D
Image caption နှစ်ပေါင်း ၃၀ အတွင်း အလုံးရေ သန်းပေါင်း ၁၅၀ ကျော် ရောင်းချခဲ့ရတဲ့ ဖုန်စုပ်စက်

အပိုလို လသွားယာဉ်တွေ ခေတ်က ကြိုးမဲ့ လျှပ်စစ်ပစ္စည်းတွေဟာ ခေတ်ဦးကာလပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အဲဒီ လသွားစီမံကိန်းကြောင့် ဒီနေ့ သုံးနေတဲ့ ကြိုးမဲ့ လျှပ်စစ်ပစ္စည်းတွေ တွင်ကျယ်လာစေခဲ့ပါတယ်။

အမေရိကန် လျှပ်စစ်ပစ္စည်း ကုမ္ပဏီ Black & Decker က ၁၉၆၁ ခုနှစ်မှာ လျှပ်စစ်လွန်ဖောက်စက်ကို စတင်ရောင်းချခဲ့ပါတယ်။

အဲဒီကုမ္ပဏီကပဲ အမေရိကန် အာကာသအေဂျင်စီ (နာဆာ) ဂြိုဟ်တုကနေ မြေသား နမူနာတွေ ရဖို့ အတွက် အထူးထုတ်လုပ်တဲ့ လွန်စက်တွေကို တီထွင်ပေးခဲ့ပါတယ်။

အဲဒီလို တီထွင် ထုတ်လုပ်ပေးခဲ့ရာကနေ ရလာတဲ့ နည်းပညာတွေကို အခြေခံပြီး စက်အင်ဂျင်နဲ့ ဘက်ထရီ ထုတ်လုပ်မှု နည်းပညာတွေ တိုးတက် လာစေခဲ့ပါတယ်။ အဲဒါကနေ Black & Decker ကို လုံးဝ ပြောင်းလဲတိုးတက်တဲ့ အိမ်သုံး လျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်လာနိုင်စေခဲ့ပါတယ်။ အဲဒီကနေ တဆင့် ကမ္ဘာ့ပထမဆုံး ဈေးကွက်ဝင် ကြိုးမဲ့ ဖုန်စုပ်စက်ကို ၁၉၇၉ ခုနှစ်မှာ ထုတ်လုပ်နိုင်စေခဲ့ပါတယ်။

အဲဒီ ဖုန်စုပ်စက်ဟာ နှစ်ပေါင်း ၃၀ အတွင်း အလုံးရေ သန်းပေါင်း ၁၅၀ ကျော် ရောင်းချခဲ့ရပါတယ်။

၂) ပိုကောင်းတဲ့ နာရီ

ဓာတ်ပုံ မူပိုင် Getty Images
Image caption အာကာသယာဉ်မှူး ဘတ်စ် အယ်ဒရင်း အပိုလို ၁၁ ခရီးမှာ ပတ်ခဲ့တဲ့ နာရီ

တိတိကျကျ အချိန်ကိုက် ဖြစ်ဖို့ဆိုတာ လပေါ်ဆင်းတာ အောင်မြင်ဖို့အတွက် အင်မတန် အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ စက္ကန့်ပိုင်း အလွဲလေးကြောင့် အာကာသယာဉ်မှူးတွေ အသက်အန္တရာယ် ဖြစ်သွားစေနိုင်ပါတယ်။

အဲဒါကြောင့် နာဆာအနေနဲ့ လသွား စီမံကိန်းကို ထိန်းချုပ်ဖို့ အတိကျ အမှန်ကန်ဆုံး နာရီတွေ ရဖို့ လိုတာ ထူးဆန်းတာ မဟုတ်ပါဘူး။

အဖြေကတော့ ဓာတ်ခဲနာရီတွေ ( quartz နည်းပညာသုံး အီလက်ထရောနစ် ဆားကစ် နာရီ)ကို ပိုအဆင့်မြင့်မြင့် ထုတ်နိုင်လာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လူသိများကျော်ကြားမှုကိုတော့ အပိုလို ၁၁ ခရီးမှာ အမ်းစထရောင်းနဲ့ လပေါ် အတူဆင်းခဲ့တဲ့ ဘတ်စ် အယ်ဒရင်းတို့ ဝတ်ဆင်ခဲ့တဲ့ ပုံစံဟောင်း သံပတ် လက်ပတ်နာရီတွေက ရယူသွားခဲ့ပါတယ်။

၃) ပိုသန့်တဲ့ ရေ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရေကူးကန်ထဲမှာ မျက်စိစပ်တာ လျော့လာတာကို သတိထားမိရင် နာဆာကို ကျေးဇူးတင်ပါ

အပိုလို လသွားယာဉ်မှာ သုံးတဲ့ ရေသန့်စင်တဲ့ နည်းပညာကို အခုတော့ နေရာ တော်တော်များများမှာ သုံးနေပါပြီ။ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေနဲ့ ရေညှိရေမှော်တွေကို ရှင်းလင်း ဖယ်ရှားဖို့ သုံးတာ ဖြစ်ပါတယ်။

အဲဒီ သန့်စင်နည်းက ကလိုရင်းမပါဝင်တဲ့ ရေသန့်စင်စနစ်ကို စတင်ခဲ့တာ ဖြစ်ပြီး Silver Ion ဓာတုဓာတ်ကို သုံးပြီး အမှုန်အမွှား ပိုးမွှားတွေကို သန့်စင်ပေးတာ ဖြစ်ပါတယ်။

အခု အဲဒီနည်းပညာကို ရေကူးကန်တွေနဲ့ ရေပန်းတွေလို နေရာတွေမှာ တွင်တွင်ကျယ်ကျယ်သုံးနေဆဲ ဖြစ်ပါတယ်။

၄) တာရှည်အကြမ်းခံတဲ့ ဖိနပ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption အပိုလို ၁၄ ခရီးစဉ်က ခေါင်းဆောင် အလန် ရှက်ပတ် ဝတ်ခဲ့တဲ့ အာကာသ ဝတ်စုံ

အခုခေတ် အာကာသယာဉ်မှူးတွေဟာ ၁၉၆၅ ခုနှစ်က အပိုလို လဆင်းယာဉ်က အာကာသယာဉ်မှူးတွေအတွက် တီထွင်ထုတ်လုပ်ခဲ့တဲ့ ဒီဇိုင်းပေါ်မှာ အခြေခံ ထုတ်လုပ်ထားတဲ့ အာကာသ ဝတ်စုံတွေကို ဝတ်ဆင်နေကြဆဲပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အာကာသယာဉ်မှူးတွေ အတွက် ထုတ်လုပ်ခဲ့တဲ့ ဖိနပ်တွေကို အတုယူပြီး ဖိနပ်ထုတ်လုပ်မှုတွေ တိုးတက်လာခဲ့ပါတယ်။ ပိုပြီး ပျော့ပြောင်း၊ ပိုခိုင်ခံ့၊ ပြင်ပဒဏ်ကို ပိုခံနိုင်တဲ့ အားကစား ဖိနပ်တွေ ဈေးကွက်ထဲ ရောက်လာခဲ့ပါတယ်။

၅) မီးကာ ဝတ်စုံ

ဓာတ်ပုံ မူပိုင် Getty Images
Image caption အာကာသ ခရီးစဉ်တွေကနေ ပေါ်ပေါက်လာတဲ့ မီးကာဝတ်စုံ

အပိုလို ၁ စီမံကိန်း လေ့ကျင့်တုန်းက လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် ယာဉ်ပေါ်က အာကာသယာဉ်မှူး သုံးယောက် သေဆုံးစေခဲ့ပါတယ်။ အဲဒါက အမေရိကန် အာကာသ စီမံကိန်းကို ဖရိုဖရဲ ဖြစ်သွားစေပါတယ်။

ဒါပေမဲ့ အဲဒီဆုံးရှုံးမှုကြောင့်ပဲ ဒီနေ့ ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြပြီး ဖြစ်တဲ့ မီးလောင်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ဝတ်စုံတွေ တီထွင်ဖို့ အကြောင်းဖန် လာခဲ့ပါတယ်။

အဲဒီလို တီထွင်ရာကနေ အခုခေတ် ဝတ်ဆင်နေကြတဲ့ အာကာသယာဉ်မှူးတွေရဲ့ ဝတ်စုံတွေထဲမှာ ပါတဲ့ ဝတ်စုံထဲမှာ အေးမြလန်းဆန်းနေစေတဲ့ စနစ်လည်း ပေါ်ထွက်လာပါတယ်။ အဲဒီ နည်းပညာကို ကိုယ်လက် မလှုပ်ရှားနိုင်တဲ့ လူနာတွေ အပါအဝင် မြင်းလို တိရစ္ဆာန်တွေအတွက်ပါ အသုံးဝင်နေပါပြီ။

၆) အသက်ကယ် နှလုံးစက်ကလေးတွေ

ဓာတ်ပုံ မူပိုင် Getty Images
Image caption နှလုံးခုန်နှုန်း ပုံမှန်မဟုတ်သူတွေအတွက် အသက်ကယ် နှလုံးစက်ကလေး

နှလုံးခုန်နှုန်း ပုံမှန်မဟုတ်သူတွေ အတွက် အခုခေတ်မှာ နှလုံးစက်ကလေးတွေ ကိုယ်ထဲထည့်သွင်းလာနိုင်တာ နာဆာရဲ့ အဆင့်မြင့်တဲ့ ဆားကစ် သေးသေးမွှားမွှားတွေ တီထွင်လာနိုင်တဲ့ နည်းပညာကြောင့်ပါ။

ဒီစက်ကလေးဟာ လူနာရဲ့ အရေပြားအောက်ကို ထည့်ထားပြီး သူ့ရဲ့ နှလုံးခုန် စည်းချက်ကို စောင့်ကြည့်နိုင်ပါတယ်။

ပုံမှန် မဟုတ်တာတွေ ဖြစ်လာရင် စက်ရဲ့ တွန်းအားနဲ့ ပြုပြင်ပေးနိုင်ပါတယ်။

အဲဒီစက်ကလေးတွေကို ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမှာ စပြီး သုံးခဲ့ကြပါတယ်။

၇) ပိုကျစ်လျစ်လာတဲ့ အစားအစာ

ဓာတ်ပုံ မူပိုင် Getty Images
Image caption စီးပွားဖြစ် ထုတ်နိုင်လာတဲ့ အေးခဲ အခြောက်ခံ အစားအစာ

လပေါ်ထိသွားမယ့် အာကသယာဉ်ပေါ်မှာ အစားအသောက်တွေကို ဝန်နည်းနည်း ကျစ်ကျစ်လျစ်လျစ် သယ်သွားနိုင်ဖို့ လိုပါတယ်။

ဒါကြောင့် အပိုလို ခရီးစဉ်တွေအတွက် အစားအသောက်တွေ သယ်သွားနိုင်ဖို့ သုတေသန လုပ်ဖို့ ဖြစ်လာပါတယ်။

ဘာကြောင့်လဲ ဆိုတော့ အရင်တုန်းက အာကာသ ခရီးတိုလေးတွေ အဖြစ် မာကျူရီ နဲ့ ဂျန်မနိုင်း စီမံကိန်းတွေတုန်းကနဲ့ မတူတော့လို့ပါ။

နည်းလမ်းကတော့ အစားအစာတွေကို အေးခဲ အခြောက်ခံတဲ့စနစ်ပါပဲ။ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ အစားအစာတွေကို အပူချိန် နည်းနည်းလေး ပေးပြီး ရေကို ဖယ်ထုတ်လိုက်တာပါ။ စားတော့မယ် ဆိုမှ ရေနွေးထည့်ပြီး စားလို့ရအောင် တီထွင် ဖြေရှင်းလိုက်တာပါ။

အဲဒီနည်းဟာ အာကာသယာဉ်မှူးတွေအတွက်လည်း အဆင်ပြေစေခဲ့ပါတယ်။ နောက် တောင်တက်သမားတွေ၊ တောတွင်းခရီးသွားတွေ အတွက်လည်း အဆင်ပြေစေပြီး ၄ ဒေါ်လာ လောက်နဲ့တောင် ဝယ်လို့ရပါတယ်။

၈) ဘက်စုံသုံး အသက်ကယ် ခြုံစောင်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂရိမှာ ဘက်စုံသုံး ခြုံထည် ခြုံထားတဲ့ ဒုက္ခသည် မိန်းကလေး

အာကာသ ခြုံထည် ဆိုတာ အပိုလို လဆင်းယာဉ်ကို နေရောင်ခြည်ဒဏ်ကနေ အကာအကွယ်ပေးတဲ့ တောက်တောက်ပပ မီးခံစကို ပြောတာဖြစ်ပါတယ်။

အဲဒီ မီးခံစနဲ့ ပတ်ထားလိုက်ရင် အာကာသယာဉ်ဟာ သံပြားလွှာနဲ့ ပတ်ထားတာနဲ့ တူပါတယ်။ အခုတော့ အဲဒီ အစကို ဘက်စုံသုံး အသက်ကယ်ခြုံထည် အဖြစ် မြင်တွေ့နေရပါပြီ။

ပလတ်စတစ်၊ ဖလင်ပြား၊ အလူမီနီယမ်တွေနဲ့ လုပ်ထားတဲ့ အာကာသ ခြုံထည်ဟာ ဒီနေ့ခေတ်မှာတော့ အာကာသယာဉ်မှူးတွေသာမက တခြားလူတွေ အတွက်ပါ အသုံးဝင်နေပါပြီ။

အဲဒီ နာဆာရဲ့ နည်းပညာကို အခုခေတ်မှာ အရေးပေါ် ကယ်ဆယ်ရေးမှာ သုံးတဲ့ အပူအအေးဒဏ်ခံ ခြုံထည် အဖြစ် သုံးနေပါပြီ။ အဲဒါကို ကယ်ဆယ်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းတွေမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

အဲဒါကို မာရသွန် အပြေးပြိုင်ပွဲလို နေရာတွေမှာလည်း သုံးနေပါတယ်။ အကွာအဝေး အရှည်ကြီး ပြေးရတဲ့ အပြေးသမားတွေ ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းတာကို ကာကွယ်ဖို့ သုံးတာ ဖြစ်ပါတယ်။

ဆေးရုံတွေမှာလည်း အဲဒီ အာကာသ နည်းပညာကို လူနာတွေနဲ့ ဆေးရုံဝန်ထမ်းတွေ အတွက် ပုံမှန် အသုံးပြုနေပြီ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ