ဟော်မုဇ်ရေလက်ကြားမှာ အီရန်ဒရုန်းကို အမေရိကန်စစ်သင်္ဘောဖျက်ချ

ဟော်မုဇ် ဓာတ်ပုံ မူပိုင် AFP/GETTY
Image caption အမေရိကန် ကမ်းတက် တိုက်သင်္ဘော ယူအက်စ်အက်စ် ဘောက်ဆာ

နောက်ပြန်ဆုတ်သွားဖို့ ငြင်းဆန်တဲ့ အီရန် ဒရုန်းယာဉ်ပျံ တစ်စင်းကို အမေရိကန် ရေတပ် ဖျက်ဆီးခဲ့တယ်လို့ သမ္မတ ထရမ့်က ကြေညာပါတယ်။

ပင်လယ်ကွေ့ ဒေသ ဗျူဟာမြောက် ရေကြောင်းလမ်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားမှာ နေရာချထားတဲ့ အမေရိကန် စစ်သင်္ဘော ယူအက်စ်အက်စ် ဘောက်ဆာဟာ သူ့ရဲ့ ကိုက် ၁ဝဝဝ အနီးထိ ရောက်လာခဲ့တဲ့ ဒရုန်းကို ဖျက်ချခဲ့တာ ဖြစ်တယ်လို့ သမ္မတထရမ့်က ပြောပါတယ်။

အီရန် အာဏာပိုင်တွေကတော့ သူတို့ဘက်က ဒရုန်း ဆုံးရှုံးကြောင်း သတင်း ရရှိမထားဘူး ဆိုပြီး တုံပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ အဲဒီ ဟော်မုဇ် ရေလက်ကြားမှာပဲ အမေရိကန် စစ်တပ်သုံး ဒရုန်းကို အီရန် ပစ်ချခဲ့ပါတယ်။

ပင်လယ်ကွေ့ကို ဖြတ်ပြီး ရေနံခိုးသယ်နေတဲ့ နိုင်ငံခြား ရေနံတင် သင်္ဘောတစ်စင်းနဲ့ သင်္ဘောသား ၁၂ ယောက်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းဆီးထားတယ်လို့ အီရန်အစိုးရက ပြောထားပါတယ်။

နိုင်ငံတကာ ရေနံတင်ပို့မှု အဓိက လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားမှာ ရေနံတင် သင်္ဘောတွေကို အီရန်က ပြီးခဲ့တဲ့ မေလက စပြီး တိုက်ခိုက်နေတယ်လို့ အမေရိကန်က စွပ်စွဲ နေပါတယ်။ အီရန်ကတော့ အဲဒီ စွပ်စွဲချက်တွေ အပေါ် ငြင်းဆန်ထားပါတယ်။

အခုလို အမေရိကန်နဲ့ အီရန်ကြား ထိပ်တိုက်တွေ့နေကြပြီး တင်းမာမှုတွေ မြင့်တက်နေတဲ့ အတွက် ပင်လယ်ကွေ့ ဒေသမှာ စစ်ပွဲ ပေါ်ပေါက်လာလေမလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း ကြီးကြီးမားမား ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် White House
Image caption အမေရိကန်ရဲ့ အကျိုးစီးပွားကို ခုခံ ကာကွယ်ပိုင်ခွင့် ရှိတယ်လို့ ထရမ့်ပြော

ယူအက်စ်အက်စ် ဘောက်ဆာ ဖျက်ချမှုအကြောင်း ထရမ့် ဘာပြောလဲ

"ဟော်မုဇ် ရေလက်ကြားမှာ အမေရိကန်ရေတပ်ရဲ့ ကမ်းတက် တိုက်သင်္ဘော ယူအက်စ်အက်စ် ဘောက်ဆာ ဆောင်ရွက်ခဲ့တာထဲ ပါဝင် ပတ်သက်နေသူတွေ အားလုံးကို ချီးကျူး ဂုဏ်ပြု လိုပါတယ်။"

"အီရန် ဒရုန်းဟာ ဘောက်ဆာရဲ့ အကြိမ်ကြိမ် သတိပေးမှုကို မလိုက်နာပဲ ခန့်မှန်းခြေ ကိုက် တစ်ထောင် ဝန်းကျင်ထိ အင်မတန် နီးကပ်လာပြီး သင်္ဘောရဲ့ လုံခြုံရေး၊ သင်္ဘောပေါ်က တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက် လာတဲ့အတွက် ဘောက်ဆာ အနေနဲ့ ခုခံကာကွယ် ခဲ့ရတာ ဖြစ်တယ်။"

"ဒရုန်းကို ချက်ခြင်း ဖျက်စီးပစ်နိုင်ခဲ့ပါတယ်။"

"နိုင်ငံတကာ ရေပိုင်နက်ပေါ်မှာ ရှိတဲ့ သင်္ဘောတွေ အပေါ် အီရန်ဘက်က ရန်စနေတာတွေ၊ ရန်လိုနေတာတွေထဲ အခုနောက်ဆုံး ပေါ်ပေါက်လာပြန်တဲ့ ဖြစ်ရပ် တစ်ခုပဲ ဖြစ်တယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ မိမိတို့ရဲ့ တပ်ဖွဲ့ဝင်တွေ၊ မိမိတို့ပိုင် ပစ္စည်းတွေ၊ အကျိုးစီးပွားတွေ အတွက် ခုခံ ကာကွယ် ရမှာပဲ ဖြစ်တယ် " ဆိုပြီး သမ္မတထရမ့်က ပြောပါတယ်။

အီရန်ရဲ့ ဒရုန်းကို ထိန်းချုပ် မောင်းနှင်နေတဲ့ လျှပ်စစ် အဆက်အသွယ်ကို ကြားဖြတ် ဟန့်တားဖြတ်တောက်လိုက်တဲ့ နည်းနဲ့ ဖျက်ချခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး ဌာနက တာဝန်ရှိသူ တစ်ဦးကို ကိုးကားပြီး နယူးယောက်တိုင်မ်းစ် သတင်းစာက ရေးပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အီရန်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ မြင်တွေ့ခဲ့ရဖူးတဲ့ ဒရုန်းတွေ

အီရန်ရဲ့ တုံ့ပြန် ပြောဆိုချက်

သူတို့ရဲ့ ဒရုန်းယာဉ်ပျံ ဖျက်ချ ခံခဲ့ရတယ် ဆိုတဲ့ အချက်ကို အီရန်ဘက်က ငြင်းဆန်ပါတယ်။

အမေရိကန်တွေ ကိုယ့်ဒရုန်းကိုယ် မှားပြီး ပစ်ချ ခဲ့တာ ဖြစ်နိုင်တယ် ဆိုပြီး အီရန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အာဘတ်စ် အာရတ်ချီက အင်္ဂလိပ်လို ရေးပြီး တွစ်တာ လူမှုကွန်ရက်ပေါ် တင်ပါတယ်။

အဲဒီ မတိုင်ခင်ကလည်း အီရန် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရစ်ဖ်က ဒရုန်း ဖျက်ချ ခံရတဲ့ သတင်း သူတို့ မသိသေးဘူး ဆိုပြီး သတင်းထောက် တွေကို ဖြေဆိုထားပါတယ်။

အခုနောက်ဆုံး အီရန် တော်လှန်ရေး သက်စောင့်တပ် ပြောလာတာကတော့ သူတို့ဒရုန်း ဖျက်ချ ခံခဲ့ရတာ မဟုတ်ကြောင်း သက်သေပြနိုင်တဲ့ ဗီဒီယို သက်သေတစ်ခု မကြာခင် ထုတ်ပြန် ပေးသွားမယ်လို့ ပြောလာပါတယ်။

ဓာတ်ပုံ မူပိုင် iran revolutionary guard
Image caption အုပ်စုဖွဲ့ ရေနံခိုးသယ်နေတာကို ဖြိုခွင်းနေတာလို့ အီရန်ပြော

အီရန်ဖမ်းထားတဲ့ ရေနံတင် သင်္ဘော

ရေနံခိုးသယ်နေတဲ့ သင်္ဘောတစ်စင်းကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ဖမ်းဆီး ထိန်းချုပ်ထားတယ်လို့ အီရန် တော်လှန်ရေး သက်စောင့်တပ်က သူတို့ပိုင် ဆီပါး သတင်းဌာနကနေ တဆင့် ကြေညာ ထားပါတယ်။

အီရန်ပိုင် လားရက်ကျွန်း တောင်ဘက်ပိုင်းမှာ ပနားမားနိုင်ငံ အလံလွှင့်ထားတဲ့ ရီအာ ဆိုတဲ့ ရေနံတင် သင်္ဘောကို အီရန်တပ်ဖွဲ့က ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။

စနစ်တကျ ဂိုဏ်းဖွဲ့ပြီး ဒေသတွင်း ရေနံခိုးသယ်နေတာတွေကို တားဆီးဖို့ ကင်းလှည့်နေတဲ့ အီရန် စစ်ရေယာဉ်တွေက အဲဒီ သင်္ဘောကို ဖမ်းဆီးရမိခဲ့တယ်လို့ အီရန်ဘက်က ပြောထားပါတယ်။

အဲဒီ သင်္ဘောပေါ် လောင်စာဆီ ဂါလံပေါင်း နှစ်သိန်းနှစ်သောင်း တင်ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ကတော့ အဲဒီ သင်္ဘောကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ အီရန်ကို တောင်းဆို နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမေရိကန် အီရန် တင်းမာမှုနဲ့ ဟော်မုဇ်ရေလက်ကြား

အိုမန်ပင်လယ်ကွေ့မှာ မေလတုန်းက ပေါ်ပေါက်ခဲ့တဲ့ ရေနံတင် သင်္ဘောနှစ်စင်း တိုက်ခိုက် ခံခဲ့ရတုန်းကလည်း အီရန်ရဲ့ လက်ချက်၊ အီရန်က တိုက်ခိုက်တာ ဖြစ်တယ်လို့ အမေရိကန်က စွပ်စွဲထားပြီး၊ အီရန်ကတော့ ငြင်းဆန် ထားပါတယ်။

တခါ ဂျီဘရော်တာ ရေလက်ကြားမှာလည်း အီရန်နဲ့ ဆက်စပ်နေတဲ့ ရေနံတင် သင်္ဘောတစ်စင်းဟာ ဥရောပ သမဂ္ဂ အီးယူက ချမှတ်ထားတဲ့ ကန့်သတ်ချက်ကို ချိုးဖောက်ပြီး ဆီးရီးယားဆီ ရေနံသယ်သွားပေးနေတယ် ဆိုတဲ့ သံသယနဲ့ ယူကေက ထိန်းသိမ်းခဲ့ပါတယ်။

အဲဒီနောက်တော့ အီရန်က လက်တုံ့ပြန်မယ်ဆိုပြီး ခြိမ်းခြောက်ထားတဲ့ အတွက် ပင်လယ်ကွေ့ကို ဖြတ်နေတဲ့ ယူကေ ရေနံတင်သင်္ဘောတွေကို ယူကေ စစ်သင်္ဘောတွေ စောင့်ကြပ်လိုက်ပါ ပေးနေရပါတယ်။

အီရန်နဲ့ ဒေသတွင်း အဓိက ပြိုင်ဘက်ဖြစ်တဲ့ ဆော်ဒီအာရေဗျ နိုင်ငံကို ဇူလိုင် ၁၈ ရက်၊ ကြာသပတေးနေ့မှာ အမေရိကန် ဗဟို စစ်ဌာနချုပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ကဲနက် မက္ကင်ဇီ ရောက်လာပါတယ်။

ပင်လယ်ကွေ့ ဒေသကို သင်္ဘောတွေ လွတ်လွတ်လပ်လပ် ဖြတ်သန်း ခုတ်မောင်းနိုင်တဲ့ အခြေအနေ ဖန်တီးပေးနိုင်အောင် အဖြေကို အပြင်းအထန် ရှာဖွေနေတယ်လို့ အဲဒီ ခရီးစဉ်မှာ ဗိုလ်ချုပ်ကြီး မက္ကင်ဇီက ပြောဆိုခဲ့ပါတယ်။