ယူကေ ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင် ဖြစ်လာ

Boris Johnson ဓာတ်ပုံ မူပိုင် Getty Images
Image caption လန်ဒန်မြို့တော်၀န်ဟောင်းနဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်

လန်ဒန် မြို့တော်ဝန်ဟောင်း ဖြစ်ခဲ့တဲ့ ဘောရစ်ဂျွန်ဆင်ဟာ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် အဖြစ် ဒီကနေ့ ဇွန်လ ၂၃ ရက်မှာ ပါတီတွင်း မဲပေး ရွေးချယ်ခံလိုက်ရတဲ့အတွက် ယူကေ ဝန်ကြီးချုပ် ထရီဇာ မေ နေရာကို ဆက်ခံမယ့် ဝန်ကြီးချုပ်သစ် ဖြစ်လာပါပြီ။

ကွန်ဆာဗေးတစ်ပါတီဝင် ၁၆၀,ဝ၀ဝ က သူ့ကို မဲပေး ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

သူက ၉၂၀၀၀ ကျော် မဲရခဲ့တာ ဖြစ်ပါတယ်။

သူနဲ့ ယှဉ်ပြိုင် ရွေးချယ်ခံခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီး ဂျယ်ရမီ ဟန့်ကို ဖြတ်ကျော်ပြီး ခုလို ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။ မစ္စတာဟန့်ကတော့ မဲ ၄၆၀၀၀ ကျော်ရခဲ့ပါတယ်။

ဒီကနေ့ ရွေးချယ်မှု မတိုင်ခင်ကတည်းက ဘောရစ်ဂျွန်ဆင်ပဲ အနိုင်ရမယ်လို့ အများစုက ခန့်မှန်းထားခံရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး သြဇာရှိသူ တချို့ကတော့ သူ့လက်အောက်မှာ တာဝန်မထမ်းဆောင်နိုင်ဘူးလို့ ပြောထားတာတွေ ရှိပါတယ်။

ထရီဇာမေကတော့ ရာထူးက တရားဝင် နုတ်ထွက်စာကို ဘုရင်မကြီးထံ ဒီကနေ့ ဇွန်လ ၂၃ ရက်မှာပဲ သွားရောက် ပေးပို့မှာ ဖြစ်ပါတယ်။

အဲဒီနောက် ဝန်ကြီးချုပ်သစ်က မကြာခင်ပဲ အစားထိုးတာဝန် ယူမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ယူကေရဲ့ ကျန်းမာရေး ဝန်ကြီး အဖြစ် အကြာဆုံးတာဝန်ယူခဲ့သူ နိုင်ငံခြားရေး ဝန်ကြီး ဂျယ်ရမီဟန့်

သတင်းမီဒီယာသမားတစ်ဦး ဖြစ်ခဲ့တဲ့ ဘောရစ် ဂျွန်ဆင်ဟာ လန်ဒန်မြို့တော်ဝန် နဲ့ နိုင်ငံခြားရေး ဝန်ကြီး တာဝန်တွေလည်း ယူခဲ့သူ ဖြစ်ပါတယ်။

၂၀ဝ၁ ခုနှစ်မှာ ကွန်ဆာဗေးတစ်ပါတီကနေ ရွေးကောက်ပွဲ ဝင် အရွေးခံခဲ့ပြီး လွှတ်တော် အမတ်ဖြစ်လာခဲ့ပါတယ်။

ဘောရစ်ဂျွန်ဆင်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီး ဂျယ်ရမီဟန့်ကတော့ လန်ဒန် အိုလံပစ်ကျင်းပစဉ်က ယဉ်ကျေးမှု ဝန်ကြီးတာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ပြီးတော့ ယူကေရဲ့ ကျန်းမာရေး ဝန်ကြီး အဖြစ် အကြာဆုံးတာဝန်ယူခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

သူကတော့ ၂၀ဝ၅ ခုနှစ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ခဲ့တာပါ။ နိုင်ငံရေး လောကထဲ မရောက်ခင်ကတော့ သူဟာ ဂျပန်နိုင်ငံမှာ အင်္ဂလိပ်စာ ဆရာ လုပ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ