ရုရှားက ဝေဟင်ပိုင်နက် ချိုးဖောက်တဲ့အတွက် သတိပေး ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားပြော

တောင်ကိုရီးယား ဓာတ်ပုံ မူပိုင် Getty Images
Image caption တောင်ကိုရီးယား F 15 လေယာဉ် ပျံတက်ခဲ့

တောင်ကိုရီးယား ဝေဟင်ပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ရုရှား ကင်းထောက် လေယာဉ်ကို တောင်ကိုရီးယား ဂျက်တိုက်လေယာဉ်တွေက သတိပေး ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။

ရုရှား လေယာဉ်ပျံဟာ တောင်ကိုရီးယား ဝေဟင်ပိုက်နက်ထဲ နှစ်ကြိမ် ကျူးကျော် ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ့ဒို Dokdo ကျွန်းစုရဲ့ ကောင်းကင်ယံကို ရုရှား ကင်းထောက် လေယာဉ် ဝင်လာခဲ့တာလို့ တောင်ကိုးရီးယားက ပြောပါတယ်။

အဲဒီ ကျွန်းစုတွေကို တောင်ကိုရီးယားက လက်ရှိ ထိန်းချုပ်ထားတာ ဖြစ်ပြီး ဂျပန်နဲ့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာ ဖြစ်ပါတယ်။ ဂျပန်ကတော့ အဲဒီ တာကီရှီးမား ကျွန်းစုတွေလို့ ခေါ်ဆိုပါတယ်။

ပိုင်နက် ကျူးကျော် ဝင်လာတဲ့ ရုရှားလေယာဉ်ကို ဟန့်တားဖို့ တောင်ကိုရီးယား ဂျက်လေယာဉ်တွေ ပျံတက်ခဲ့ပြီး စက်သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားကတော့ သူတို့ အနေနဲ့ ဝေဟင် ပိုင်နက် ချိုးဖောက်တာမျိုး မလုပ်ခဲ့ဘူးလို့ ငြင်းဆိုပါတယ်။

ရုရှားရဲ့ ဗုံးကြဲလေယာဉ် နှစ်စင်းဟာ ဘယ်နိုင်ငံပိုင်လို့ သတ်မှတ် မထားတဲ့ ကြားနေ ရေပြင် "neutral waters" ရဲ့ ဝေဟင်ထက် ကြိုတင် စီစဉ်ထားတဲ့ အတိုင်း လေ့ကျင့်ခန်း ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ရုရှားအစိုးရက တုံ့ပြန်ပါတယ်။

ဒါ့အပြင် တောင်ကိုရီးယား ဂျက်လေယာဉ်တွေက ပစ်ခတ်တာမျိုးလည်း မရှိခဲ့ဘူးလို့ ရုရှားက ပြောပါတယ်။

ဒီလို ဖြစ်ရပ်မျိုး ရုရှားနဲ့ တောင်ကိုရီးယားကြား ပထမဆုံး အကြိမ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Image caption ဂျပန်နဲ့ ပိုင်နက် အငြင်းပွားနေတဲ့ နေရာ

တောင်ကိုရီးယားရဲ့ ပြောဆိုချက်

တောင်ကိုရီးယား လေကြောင်း ကာကွယ်ရေး သတ်မှတ် ဇုန် KADIZ ထဲ ရုရှား စစ်လေယာဉ် သုံးစင်းနဲ့ တရုတ် စစ်လေယာဉ် နှစ်စင်း ဇူလိုင် ၂၃ ၊ အင်္ဂါ မနက်ပိုင်းက ဝင်ရောက်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

Tu-95 အမျိုးအစား ရုရှား ဗုံးကြဲလေယာဉ် နှစ်စင်း၊ A-50 အမျိုးအစား ရုရှား ကင်းထောက် လေယာဉ် တစ်စင်းနဲ့ H-6 အမျိုးအစား တရုတ် ဗုံးကြဲ လေယာဉ် နှစ်စင်း ပါဝင်တဲ့ အုပ်စု ဝင်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလိုမျိုး ရုရှားနဲ့ တရုတ်လေယာဉ်တွေဟာ KADIZ ထဲကို အခုနှစ်ပိုင်းတွေ အတွင်း ဝင်ရောက်လာလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီ ဇုန်ထဲ ဝင်တဲ့ လေယာဉ်တွေ အနေနဲ့ သူတို့ ဘယ်သူဘယ်ဝါတွေလည်း ဆိုတာ တောင်ကိုရီးယားကို အသိပေး အကြောင်းကြားသင့်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရုရှား နဲ့ တရုတ်ပိုမို ရင်းနှီး လာပြီလား

ဒီတစ်ခေါက်မှာတော့ ရုရှား ကင်းထောက်လေယာဉ် A-50 ဟာ KADIZ ဇုန်ထက် ကျော်လွန်ပြီး တောင်ကိုရီးယား ပိုင်နက် ဝေဟင်ထဲထိ ရောက်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် တောင်ကိုရီးယားရဲ့ F-15 နဲ့ F-16 တိုက်လေယာဉ်တွေ ပျံတက်ပြီး ဟန့်တားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မီးကျည် ၁ဝ ခုပစ်ဖောက် သတိပေးခဲ့သလို စက်သေနတ်နဲ့ အချက် ရေ ၈ဝ ထက် မနည်း တောင်ကိုရီးယား တိုက်လေယာဉ်တွေက ပစ်ခတ် ခဲ့တဲ့နောက်မှာတော့ ရုရှား ကင်းထောက်လေယာဉ် ပထမတစ်ကြိမ် နောက်လှည့် သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒုတိယတကျော့ ထပ်ဝင်လာပြန်တဲ့ အတွက် မီးကျည်ဖောက်တာမျိုးတွေ ထပ်လုပ်တဲ့ အပြင် စက်သေနတ်နဲ့လည်း အချက်ရေ ၂၈ဝ ထပ်ပြီး သတိပေး ပစ်ခဲ့ရတယ်လို့ တောင်ကိုရီးယားဘက်က ပြောပါတယ်။

ရုရှားရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဗုံးကြဲ လေယာဉ် နှစ်စင်း အကြောင်းပဲ ဖော်ပြထားပြီး ကင်းထောက် လေယာဉ်အကြောင်း ထည့်ပြောမထားပါဘူး။

ဒီလို ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့တဲ့ အတွက် ဂျပန်ကတော့ တောင်ကိုရီးယားကိုရော ရုရှားကိုပါ အပြစ်တင်ပြီး တရားဝင် ကန့်ကွက်တာတွေ ပြုလုပ်ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ